အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လူတစ်ယောက်အနေနှဲ့ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ရှိ အရာတွေက အသုံးဝင်တဲ့ ပစ္စည်းဖြစ်နိုင်သလို အခန့်မသင့်ရင် ဒုက္ခပေးတတ်တဲ့ ပစ္စည်းတွေလည်း ဖြစ်သွားနိုင်ပါတယ်။ အက်ဆစ်၊ ပိုးသတ်ဆေး၊ ခေါင်းလျှော် ရည်တွေလိုပေါ့။ ပုံမှန်ဆို လူတွေအတွက် အကျိုးပြုနေတဲ့ အရာတွေဖြစ်ပေမယ့် အခန့်မသင့်ရင် ဘေးဖြစ်စေတယ်တယ်လေ။ အရင်ကတည်းက လူတွေအတွက် ထုတ်ထားတာမဟုတ်တော့ တိုက်ရိုက်ထိတွေ့ရတယ်လည်းဆိုရော အဆိပ်ဖြစ်သွားပြီး ဒုက္ခပေးပါလေရော။ ဘယ်သူမှတော့ မဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ပိုဆိုးမသွားအောင် လုပ်သင့်တဲ့နည်းတွေ၊ မထိသင့်တာတွေ ထိမိရင်        (ဒါမှမဟုတ်) မသောက်သင့်တာတွေ သောက်မိရင် ရှေးဦးသူနာပြုနည်းအနေနဲ့ ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

ဘာတွေက အများဆုံး အဆိပ်ဖြစ်စေတတ်သလဲ။ ။

နာမည်ကြီးတွေကတော့ –
စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးကို မှားသောက်မိတာ
ကြွက်သတ်ဆေး တွေကိုသောက်မိတာ
အက်ဆစ် အရေပြားပေါ်ကို ထိမိတာ၊ အရေပြားကိုလောင်သွားစေတာ။

ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ စတာတွေကို မျိုချမိတာ၊ သောက်မိတာ၊ ရှူမိတာ၊ မျက်လုံးထဲဝင်တာ၊ အရေပြားနဲ့ ထိမိတာတွေပဲဖြစ်ပါတယ်။ လူတွေအတွက် ဘေးဖြစ်စေတတ်တာတွေဖြစ်လို့ အတတ်နိုင်ဆုံး ပိုဆိုးမသွားအောင် ကာကွယ်ဖို့အတွက် အခုပြောပြထားတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။

အဆိပ်တွေကို သောက်မိတဲ့ အခါ။  ။ (အက်ဆစ်။ အရက်ပြန်၊ ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး)

လောင်တတ်တဲ့ ပိုးသတ်ဆေး၊ အက်ဆစ်၊ အရက်ပြန်တွေကို မှားသောက်မိ၊ မျိုချမိတဲ့ အခါ  လူနာက သတိလည်းရှိသေးတယ်ဆိုရင် ချက်ချင်း ပလုတ်အမြန်ကျင်းခိုင်းပါ။ ဒါမှ ကျန်ခဲ့တဲ့အဆိပ်တွေ ထွက်သွားမှာပဲ ဖြစ်ပါတယ်။ ရေလည်းသောက်နိုင်သေးတယ်ဆိုရင်ရေ (ဒါမှမဟုတ်) နို့သောက်ခိုင်းပါ။ ဖြစ်ဖြစ်ချင်း ရေသောက်လိုက်တာကြောင့် ရေနဲ့အဆိပ်တွေရောသွားပြီး အဆိပ်ရဲ့ပြင်းအား လျော့သွားမှာပဲဖြစ်ပါတယ်။ သောက်လိုက်မိတာက ပိုးသတ်ဆေးတွေ၊ အက်ဆစ် တွေဖြစ်မယ်ဆိုရင် ဘူးနောက်ကျောမှာ မှားသောက်မိလို့ အဆိပ်မိသွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာ ညွှန်ကြားထားတဲ့ အချက်တွေရှိမရှိတစ်ချက်ကြည့်ပါ။ ရှိခဲ့ရင် ဘူးနောက်ကျောမှာ ညွှန်ကြားထားတဲ့ အတိုင်းလုပ်ပါ။ ဒါတွေက လူနာတင်ယာဉ်ကား စောင့်နေစဉ်၊ လုပ်သင့်တဲ့ အရေးပေါ် ပြုစုနည်းတွေပဲဖြစ်ပါတယ်။

မတော်တဆ မျက်လုံးထဲ ဝင်သွားသောအခါ။  ။(အက်ဆစ်၊ ပိုးသတ်ဆေး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်)

မျက်လုံးဆိုတာ များသောအားဖြင့် အကာအကွယ်မရှိဘဲ ပွင့်နေရတဲ့ ကိုယ်ခန္ဓာက အရေးကြီးဆုံးအစိတ်အပိုင်း တစ်ခုဖြစ်လို့ မျက်လုံးထဲတစ်ခုခုဝင်သွားပြီဆို မပေါဆသင့်ပါ။ ပိုးသတ်ဆေးတွေ၊ အက်ဆစ်တွေ၊ ဆပ်ပြာရည်တွေ၊ ခေါင်းလျှော်ရည်တွေ မျက်လုံးထဲဝင်သွားရင် အမြန်ဆုံးရေနဲ့ မျက်လုံးကိုဆေးသင့်ပါတယ်။ ရေကို အပေါ်ကနေလောင်းပြီး မျက်လုံးထဲကို ရေဖြတ်သွားတဲ့ ပုံစံမျိုးနဲ့လောင်းချပါ။ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် ရေဆေးပါ။ မျက်လုံးကို လက်နဲ့တအားပွတ်တာမျိုးမလုပ်ပါနဲ့။ အဆိပ်တွေ မျက်လုံးထဲပိုပျံ့ သွားပြီး မျက်ကြည်လွှာကို လောင်သွားတတ်လို့ပါ။ ပြီးတာနဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို အမြန်ဆုံးသွားပါ။

အသားနဲ့ ထိမိတဲ့အခါ။  ။ (အက်ဆစ်၊ ပိုးသတ်ဆေး၊ အခြားသော ဓာတုပစ္စည်းများ)

အဆိပ်ထိသွားတဲ့ အရေပြားနေရာကို အမြန်ဆုံးရေနဲ့ဆေးချပါ။ ၁၅ မိနစ်မှ ၂၀ မိနစ်လောက်အထိ ကြာကြာဆေးပါ။ ကပ်ကျန်နေတဲ့ ဓာတုပစ္စည်းတွေကို သန့်စင်ပေးဖို့ ဆပ်ပြာပျော့ပျော့ သုံးပြီးဆေးပါ။  အဝတ်မှာပါ ပေနေရင် အဝတ်အစားတွေ ချက်ချင်းချွတ်ပစ်ပါ။ လောင်သွားလို့ အနာဖြစ်သွားတဲ့ နေရာတွေကို ပိုးမဝင်အောင် အနာကပ်ပလာစတာကပ်တာ၊ အနာကြီးရငိ ပတ်တီးလေးအပေါ်က အုပ်သွားတာမျိုး လုပ်ပြီးမှ ဆေးရုံကိုသွားပါ။ လေထဲမှာ ဖုန်တွေ၊ ပိုးမွှားတွေ အများကြီးရှိနေနိုင်လို့ပါ။

တစ်ချို့အဆိပ်ငွေ့တွေ ရှူမိတဲ့ အခါ။  ။( မီးခိုးမွှန်ခြင်း)

မီးခိုးမွှန်နေတဲ့ နေရာ၊ အဆိပ်ငွေ့တွေ ပျံ့နေတဲ့ နေရာကနေ ချက်ချင်းရွှေ့ပါ။ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းပါ။ ပိတ်မိနေရင်လည်း နှာခေါင်းကို အဝတ်တစ်ခုခု အုပ်ထားပြီးမှအသက်ရှူပါ။ အတတ်နိုင်ဆုံး လေဝင်လေထွက်ရှိနိုင်မည့်နေရာနား ကပ်နေပါ။ အပြင်ရောက်ရောက်ချင်း ဆေးကုသမှုကို သေချာခံယူပါ။  ။

အခြားလုပ်ဆောင်ရမည့် အချက်များ။  ။

လူနာက အန်နေလျှင် အန်ဖတ်စို့ပြီး အသက်ရှူလမ်းကြောင်း မပိတ်အောင် ခေါင်းကို ဘေးသို့စောင်းထား ပေးပါ။

လူနာတင်ယာဉ် မလာခင်(သို့မဟုတ်) ဆေးရုံမရောက်ခင် အချိန်မှာ လူနာက အသက်မရှူဘူး၊  လှုပ်ရှား တာလည်း မရှိတော့ဘူးဆိုရင် အရေးပေါ်ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်ခြင်း(CPR)ကို အမြန်ဆုံး လုပ်ထားပေးပါ။

ဆေးရုံကိုသွားရင်လည်း လူနာသောက်မိခဲ့တဲ့ အက်ဆစ်ဘူးခွံတွေ၊ ဆေးလုံးတွေ၊ အရက်ပြန်တံဆိပ်တွေ၊ ပိုးသတ်ဆေးဘူးခွံတွေကိုပါ တစ်ပါတည်းယူသွားဖို့ မမေ့ပါနဲ့။

ဒါတွေကတော့ ဓာတုပစ္စည်းတစ်ခုခုနဲ့ထိမိရင် လူနာတင်ယာဉ်ကားမလာခင်၊ ဆေးရုံမရောက်ခင်စပ်ကြားမှာ လုပ်သင့်တဲ့ လူတိုင်းသိသင့်တဲ့ ရှေးဦးသူနာပြု နည်းတွေပဲဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။    ကလေးတွေဖြစ်တတ်တာ အများဆုံးဖြစ်လို့ အက်ဆစ်ဘူးတွေကို အိမ်မှာသိမ်းရင် ကလေးတွေနဲ့မမှီတဲ့နေရာ၊ ဝေးတဲ့နေရာမှာသိမ်းပါ။ တောင်သူဦးကြီးများအနေနဲ့ ပိုးသတ်ဆေးဖြန်းရင်လည်း အရေပြားနဲ့မထိအောင် သေချာလုံလုံခြုံခြုံဝတ်ပြီးမှ လယ်တောထဲသို့ဆင်းပါ။ ပိုးသတ်ဆေးဘူးတွေကိုလည်း သေချာသိမ်းဆည်းပါ။ ခေါင်းလျှော်ရင်လည်း မျက်လုံးထဲကို ခေါင်းလျှော်ရည်မဝင်အောင် ဂရုစိုက်ပါ။  မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ မတော်တဆဖြစ်ခဲ့ရင်လည်း အသက်နဲ့လဲထားရသော အချိန်လောက် ဘယ်အရာမှတန်ဖိုးမရှိတဲ့အတွက် အချိန်မဆွဲပါနှင့်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"