အဆိုတော် ခိုင်ထူး၏သား ဆိုင်းလင်းထူး ပါဝင်မည့် တေးမြုံငှက် အိမ်အလွမ်း ဂီတပွဲပြုလုပ်မည်

စတီရီယို တေးဂီတလောကတွင် နှစ်ပေါင်း ၃၄ နှစ်ကြာ ရပ်တည်ခဲ့သော တစ်ခေတ်တစ်ခါကလူငယ်ထု၏ နှလုံးသားကို ထိမှန်စေသော တေးသီချင်းတွေ ဖန်တီးခဲ့သူ တေးရေး၊ တေးဆို အဆိုတော်ခိုင်ထူး၏ သီချင်းများသည် တစ်ခေတ် တစ်ခါက လူငယ်ထုရင်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့သော သီချင်းများဖြစ်သဖြင့် ယခုအချိန် လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်သော အရွယ်များအတွက် ရင်ကိုထိမှန်စေသော တေးသီချင်းများဖြစ်ခဲ့သည်။ သူ၏ အားမာန်အပြည့်နှင့် သီဆိုထားသည့် စစ်ကိုင်းလမ်း၊ ဆို၊ အဉ္ဇလီ အစရှိသည့် သီချင်းများစွာ ခိုင်ထူး၏ အကျော်ကြားဆုံး တေးသီချင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

“အဖေ့သီချင်းတွေပြန်ဆိုဖို့ထက် အဖေ့ရဲ့အမှတ်တရလေးတွေအဖြစ်နဲ့ ပြန်လည်ပြီး မြင်ရအောင်လို့ ဒီပွဲလေး လုပ်ဖြစ်တာဆိုလည်း မမှားပါဘူး၊ ဒီပွဲလေးမှာ ကျွန်တော်တို့ ပရိသတ်တွေအတွက် အံ့ဩစေမယ့် အရာလေးတွေလည်း လုပ်ထားပါတယ်၊ ကျွန်တော်ကိုယ်တိုင်ကတော့ တစ်ပုဒ်လောက်ပဲ ဆိုမှာပါ၊ ကျန်တာကိုတော့ ပါဝင်ထားကြတဲ့ အဆိုတော်တွေက ဆိုမယ်၊ အားလုံးသီချင်းအပုဒ် ၄၂ ပုဒ် ကျော်လောက် ဆိုကြမယ်၊ ကျွန်တော်က အဖေ့သီချင်းတွေကို ငယ်ငယ်ကတည်းက နားထောင်ဖြစ်ခဲ့တော့ ကျွန်တော့်အကြိုက်နဲ့ ထပ်တူကျမယ့် သီချင်းလေးကို ရွေးထားပါတယ်၊ အရင်ကလည်း အဖေ့သီချင်းတွေကို သူငယ်ချင်းတွေနဲ့အတူ ဆိုဖူးတာတွေရှိခဲ့တယ်၊ အဲ့ဒါကြောင့် အခုပွဲလေးမှာ ကျွန်တော်အကြိုက်ဆုံး သီချင်းလေးကို ဆိုပြမှာပါ၊ အဖေ့ရဲ့ စတိုင်ကို ကျွန်တော် သိပ်သဘောကျတယ် သူ့ပုံစံက သီချင်းတစ်ပုဒ်ဆိုရင် အားနဲ့ မာန်နဲ့ ဆိုတတ်တာလေ၊ အဲဒီတော့ ကျွန်တော်လည်း အဖေနဲ့မတူရင်တောင် အဖေ့ပရိသတ်တွေ ကျေနပ်စေမှာပါ” ဟု သားဖြစ်သူ ဆိုင်းလင်းထူးက ပြောသည်။

အဆိုပါ ဂီတပွဲတော်တွင် တေးသီချင်းများကို အဆိုတော် ကိုင်ဇာ၊ ဂျေမောင်မောင်၊ တူးတူး၊ ချစ်ကောင်း၊ ဖြိုးကြီး၊ ဟဲလေး၊ ဖြိုးမြတ်အောင်၊ မေခလာ၊ ဟေမာနေဝင်း၊ မီမီဝင်းဖေ ၊ ချောစုခင်၊ သီရိဂျေမောင်မောင်၊ ချမ်းမြေ့မောင်ချိုတို့ ပါဝင်သီဆိုကြမည်ဖြစ်ပြီး ဖျော်ဖြေပွဲကို ယခုလ ၂၉ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်မှတ်များကို ကျပ် ၄၀ဝ၀ဝ၊ ကျပ် ၂၀ဝ၀ဝ၊ ကျပ် ၁၀ဝ၀ဝ ဖြင့် မန်းသီရိတေးသံသွင်း ၊ Champion Store မြို့မကျောင်းလမ်းတို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ကိုလင်း