အစဉ်ထာဝရ လေးစားဂုဏ်ယူမှတ်သား

 

အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ နိုင်ငံပြုသုခမိန်ကြီးဟု မြန်မာနိုင်ငံတွင် ဂုဏ်တင်အပ်သည့် ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပေါင်းရုံးညီညာစွာ ပါဝင်လှုပ်ရှားခဲ့သောကြောင့် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ၁၂၄ နှစ်တိတိ ဆုံးရှုံးခဲ့သော မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ တုနှိုင်းမမီသော ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ကျင့်တရား၊ စွမ်းဆောင်မှုများ၊ စည်းလုံးညီညွတ်မှု အတွက်ဆိုလျှင် သူမတူအောင် သည်းခံနိုင်မှုများ၊ သြဇာအာဏာ၊ ရာထူးဂုဏ်ရှိန် စည်းစိမ်တို့ကို မမက်မော၊ ကိုယ်ကျိုးရှာငို့ဘသမားများအား  စက်ဆုပ်ရွံရှာ၊  ပြောသလိုလုပ်၊  လုပ်သလို ပြောတတ်မှုများနှင့် ဟန်ဆောင်မှုမပါ ပကတိရိုးသားစွာဖြင့် ပြောကြားခဲ့သော အမှာစကားများကို မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယနေ့ ထက်တိုင်အောင် မမေ့နိုင်ကြသေးပေ။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် ယနေ့အချိန်အခါ ကာလသို့ရောက်သည်နှင့်  ပိုမိုလွမ်းဆွတ်သတိရမိကြပါသည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပသော လူထုအစည်းအဝေးပွဲ၌ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုပ်ငန်းများအကြောင်းကို ပြည်သူလူထုအား အစီရင်ခံ ပြောကြားပြီးနောက် တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်းက နောက်ဆုံးအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး။  စည်းနဲ့ကမ်းနဲ့ သဘောမျိုးဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာ လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်။ လွတ်လပ်ရေးရတဲ့အခါ အခွင့်အရေးတွေ ပိုရလာသလို တာဝန်တွေလည်း ပိုလာမယ်။ လွတ်လပ်ရေးရတဲ့အခါ မြန်မာပြည်ကို ကာကွယ်ဖို့တာဝန်ဟာ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်တယ်။ မြန်မာတိုင်း၊ မြန်မာတိုင်း အရွယ်ရောက်သူမှန်သမျှ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်ထဲဝင်စေရမယ်”ဟု ပြောကြားခဲ့သည်။

 

ဆက်လက်၍ “ဒီတိုင်းပြည်လွတ်လပ်တဲ့အခါမှာ ယိုးဒယားပြည်လို ဖြစ်ချင်သလား၊ တူရကီပြည်လိုဖြစ်ချင်သလား၊ အမေရိကန်လိုဖြစ်ချင်သလား၊ အင်္ဂလန်နိုင်ငံလိုဖြစ်ချင်သလား၊ ဖြစ်ချင်တာတွေအပေါ်မှီပြီး ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ဘူး။ ပဒေသာပင်ပေါက်အောင်ဆိုရင်  ကျွန်တော်တို့   အလုပ်လုပ်မှဖြစ်မယ်ဆိုတာ နားလည်ထားစေချင်တယ်။ လွတ်လပ်ရေး ရပင်ရငြားသော်လည်း လွတ်လပ်ရေးရဲ့တာဝန်ကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန် သူများလက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့သိစေချင်တယ်။”

 

“လွတ်လပ်ရေးရတဲ့အခါမှာ စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် (၂၀) လောက်၊   စကားခပ်ရိုင်းရိုင်းပြောရရင်   အတော့ကိုပြဲအောင် ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် (၂၀) လောက်ရှိတဲ့အခါတော်ကာကျမယ်။ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်းလေးငါးဆယ်လှမ်း လှမ်းလိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် တန်းတူညီတူ ဖြစ်သွားမယ်။” “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ    လွတ်လပ်ပင်လွတ်လပ် သော်ငြားလည်း ဘယ်ပါတီတက်တက်၊  ဘယ်အစိုးရလုပ်လုပ် - - - တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။”

 

“မြန်မာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ မြန်မာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ မြန်မာ မြန်မာချင်း ချဖို့မှာပဲလုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှအကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။   ဒီတိုင်းပြည်  ဘယ်တော့မှမလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း  ဘယ်တော့မှ  ကျကျနန လွတ်လပ်ရေးမဖြစ်နိုင်ဘူး” ဟု နောက်ဆုံးမှာကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်အနာဂတ်အတွက် ပြည်သူလူထု နားထဲဝင်အောင် တစ်တစ်ခွခွ ပြောကြားခဲ့ပြီး တိုင်းပြည်ကောင်းစေချင်သော၊ ညီညွတ်စေလိုသော စေတနာဆန္ဒဖြင့် နောက်ဆုံးမှာကြား ခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမှာကြားချက်များမှာ မျက်မှောက်ကာလတွင်လည်း မှန်၏၊ မမှန်၏ စဉ်းစားဆင်ခြင်ကြည့်ပြီး တိုင်းပြည်နှင့်လူမျိုး အနာဂတ် ကောင်းစားရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှာကြားချက်များကို အစဉ်ထာဝရလေးစားဂုဏ်ယူ မှတ်သားလိုက်နာခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးကို ပြန်လည်တုံ့ပြန်ပေးဆပ်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ