အောင်မြင်မှုကို မလျှော့သောဇွဲလုံ့လဖြင့် လှမ်းဆွတ်ယူ

၄  ဇွန်

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးတွင် စာမေးပွဲဖြေဆိုသူ ၇၈၉၈၄၅ ဦးရှိသည့်အနက် ၂၅၉၁၉၁ ဦး အောင်မြင်ပြီး ၅၃၀၆၅၄ ဦး ကျရှုံးသဖြင့် စာမေးပွဲဖြေဆိုသူ သုံးပုံ တစ်ပုံ အောင်မြင်ကာ သုံးပုံ နှစ်ပုံ ကျရှုံးသည့်သဘော ရှိပေသည်။  အောင်မြင်သူများအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသလို ကျရှုံးသူများအနေဖြင့်လည်း စိတ်မပျက် အားမလျော့ဘဲ မလျှော့သောဇွဲလုံ့လဖြင့် အောင်မြင်မှုကို ရအောင်ယူဖို့သာ လိုအပ်သည်။

 

ယခုပညာသင်နှစ်တွင် စာမေးပွဲအောင်မြင်သူ ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်း နီးပါးရှိပြီး ၂၀၁၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းနီးပါး၊ ၂၀၁၆ ခုနှစ် ၃၀ ရာခိုင်နှုန်းနီးပါး၊ ၂၀၁၅ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းကျော်၊ ၂၀၁၃ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းခန့်၊ ၂၀၁၂ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ယခု   အောင်မြင်မှုများသည် ကြိုးစားအားထုတ်သလောက် သင့်လျော်သည့် အနေအထားရှိသည်။ အမှန်တကယ်တွင် တက္ကသိုလ်ဝင်တန်း(ယခင်က ဒသမတန်း) စာမေးပွဲကို အောင်မြင်ရန် အလွန်ခက်ခဲသည်။ အခြေခံပညာအဆင့် ပြီးဆုံးခြင်း၊ လူငယ်လူရွယ်များ၏ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခြင်းအတွက် မှတ်ကျောက်တင်သည့် စစ်ဆေးမှုဖြစ် သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဒသမတန်းအဆင့် အောင်မြင်ရန်မှာ အလွန်ခက်ခဲလှသည်။ လူတစ်ရာတွင် တစ်ယောက် ဆိုရလောက်အောင် အောင်ချက်ရာခိုင်နှုန်း ခုဂဏန်းမျှသာ ရှိသည်။ ၁၉၇၀ ပြည့်လွန်ကာလတွင် အောင်ချက်ရာခိုင်နှုန်း တစ်ဆယ်ကျော်လာခဲ့ပြီး ယခု ၃၀ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့သည်။

 

မည်သို့ပင်ဖြစ်စေ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် သင့်တင့်ကောင်းမွန်သည်ဟု ဆိုရမည်။ သို့သော် ယခင်နှစ်အောင်မြင်မှုများထက် လျော့ကျသည်ကို တွေ့ရသည်။ အောင်မြင်မှုရာခိုင်နှုန်း၊ ဘာသာစုံဂုဏ် ထူးရရှိမှုနှင့် အင်္ဂလိပ်ဘာသာရပ် ထူးချွန်မှုတို့တွင် လျော့နည်းခဲ့သည်။ ကျန်အပိုင်းတွင်မူ  တိုးတက်လာသည်ကို  တွေ့ရသည်။ ယခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်မြင်မှုကိုကြည့်မည်ဆိုလျှင် မန္တလေးတိုင်ဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ မွန်ပြည်နယ်က တတိယ ရသည်ကိုတွေ့ရသည်။

 

ဘာသာရပ်အလိ်ုက် ထူးချွန်မှုတွင် အင်္ဂလိပ်ဘာသာရပ် ထူးချွန်မှုမှာ ကျဆင်းခဲ့ပြီး ကျန်ဘာသာရပ်များတွင် ထူးချွန်မှု တိုးတက်လာသည်။ အထူးသဖြင့် ကျောင်းသားကျောင်းသူအများစု အနေဖြင့် အစဉ်အဆက်အားနည်းခဲ့သော မြန်မာဘာသာနှင့် သမိုင်းဘာသာရပ်တို့တွင် တိုးတက်ထူးချွန်လာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ မိခင်ဘာသာကို အလေးထားလာခြင်းနှင့် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုတို့ဘက်တွင် စိတ်ဝင်စားလာသည်ဟု ဆိုရမည်။

 

ယခုနှစ်အတွက် ထူးခြားချက်မှာ ခက်ခဲကြမ်းတမ်းသောဘဝကို အရှုံးမပေးဘဲ အောင်မြင်မှုကို ဆွတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ အကျဉ်းကျခံနေရသည့် လူငယ်များတွင် အင်းစိန်အကျဉ်းထောင်မှ ၃၃ ဦး စာမေးပွဲဖြေဆိုခဲ့ရာ ၁၉ ဦး အောင်မြင်ခဲ့သည်။ မန္တလေးအကျဉ်းထောင်မှ ၅၅ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၇ ဦး ရှိသည်။ ထိုအထဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ခဲ့ရာ အမှောင်ခွင်း၍ အလင်း ဆောင်နိုင်သူများဟု ဆိုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဘဝတစ်ဆစ်ချိုး တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများအတွက် ဝမ်းမြောက်ဝမ်းသာ  ဖြစ်ရသလို ကျရှုံးသူများအနေဖြင့်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ အောင်မြင်မှုကို ဆက်လက်ဆွတ်ခူးရယူကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ