အေးချမ်းသာယာဖွံ့ဖြိုးဝေစည် ရခိုင်ပြည်ဖြစ်လာစေရန် အားသွန်ကြိုးပမ်းဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အစိုးရ

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - စောမောင်သိန်း

သမိုင်းဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အဖိုးတန် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ငပလီကဲ့သို့ သာယာလှပသည့် နာမည်ကျော်ကမ်းခြေတို့ကို ပိုင်ဆိုင်ခွင့်ရရှိထားသည့် ရခိုင်ပြည်နယ်သည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အခက်အခဲများနှင့် အခြေအနေ အမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခဲ့သော ပြည်နယ်အဖြစ် တည်ရှိနေသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့သည့်အချိန်မှစ၍ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ကြုံတွေ့နေရသည့် အခက်အခဲအတားအဆီး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြတ်သန်းရင်း ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် စတုတ္ထ (၁)နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်ရဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်အောင် ဆောင်ရွက်တဲ့နေရာမှာ ပြည်နယ် အစိုးရအဖွဲ့ တစ်ခုတည်းနဲ့ မဟုတ်ဘဲ၊ ပြည်ထောင်စုအစိုးရရဲ့ ပံ့ပိုးထောက်ပံ့မှုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အခြားပံ့ပိုး ကူညီသူတွေအပါအဝင် ပြည်သူတွေ ပူးပေါင်း ပါဝင်မှုကြောင့် သိသာမြင်သာတဲ့ တိုးတက် ပြောင်းလဲမှုတွေရရှိခဲ့ပြီး စတုတ္ထ (၁)နှစ်တာမှာ တိုးတက်ပြောင်းလဲမှုတွေကို ဆက်ပြီး ဆောင်ရွက်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ် ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့်အပြင် ပြည်နယ်အစိုးရအဖွဲ့၏ ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမှုများကို မြင်တွေ့ ရမည်ဖြစ်သည်။

အစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ ချင်းတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့မှ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံ ထောင့်စုံမှ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

အထူးသဖြင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီး၊ ရေရရှိရေးနဲ့ လူမှုရေးကဏ္ဍ ဒီလို အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းနိုင်ခဲ့တာကို အားလုံးမြင်တွေ့နိုင်ပါ တယ်။ တံတားကြီးတွေ ဆောက်နိုင်ခဲ့ပါတယ်။ လမ်းတွေဆို ရခိုင်ပြည်နယ် တစ်နံတစ်လျားကို တောက်လျှောက် ကုန်းလမ်းနဲ့ သွားနိုင်တဲ့ အနေအထားတွေ ရှိပါတယ် ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စတုတ္ထ (၁) နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးပြဿနာများ၊ ပဋိပက္ခအခြေအနေများနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၌ မူးယစ် ဆေးဝါးဖမ်းဆီးရမိမှုပေါင်း ၁၈ဝ နှင့် တရားခံ ၃၀၅ ဦး၊ ဆေးပြား ၇၉၉၇၉၁၂ ဒသမ ၅ ပြား၊ အကြေမှုန့် ၅၅၀၈ ဒသမ ၉ ဂရမ်၊ ဆေးခြောက် ၁၃၉၂၉ ဒသမ ၁ ဂရမ်၊ ဘိန်းမဲ ၈ ဂရမ်နှင့် Alprazolam ဆေးပြား ၈၃၀၀ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် သွေးဆောင်ဖြားယောင်းမှု ၄၅ မှု နှင့် တရားခံ ၁၃၁ ဦးကို ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများကို သစ္စာစီမံချက်ဖြင့် တစ်နှစ်တာကာလအတွင်း အသက် ၁ဝ နှစ်ပြည့် ကတ်ပြားထုတ်ပေးမှု ၁၉၈၂၆ ဦး နှင့် အသက် ၁၈ နှစ်ပြည့် ထုတ်ပေးမှု ၂၅၉၃၆ ဦး စုစုပေါင်း ၄၅၇၆၂ ဦး၊ မြို့နယ်အလိုက် အခြေခံပညာကျောင်းများ၌ အသက် ၁ဝ နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၁၃၉ ဦးနှင့် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၈၀၆၃ ဦး စုစုပေါင်း ၁၃၂၀၂ ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်းလုပ်ငန်းကို စိစစ်ရေးလုပ်ငန်းစဉ် National Verification Process အရ နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူ ဟုတ်/မဟုတ် လျှောက်ထားမှုများ ကို ဥပဒေနှင့်အညီ အဆင့်ဆင့်စိစစ်၍ ဗဟိုအဖွဲ့ သို့ တင်ပြဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ စတုတ္ထ (၁)နှစ်တာကာလအတွင်း ပုဒ်မ - ၆၅ အရ လျှောက်ထားလာသူများကို စိစစ်ထုတ်ပေး ခဲ့ရာတွင် ဥပဒေအရ နိုင်ငံသား ၂၁ ဦးနှင့် နိုင်ငံသားပြုကတ်ပြားထုတ်ပေးခဲ့သူ ၁၃၅၇ ဦး စုစုပေါင်း ၁၃၇၈ ဦးတို့ကို စိစစ်ထုတ်ပေး နိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် ယခင်ထုတ်ပေးခဲ့သည့် ယာယီ သက်သေခံလက်မှတ်များကို သိမ်းဆည်းပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ် ခံရမည့်သူများကို နိုင်ငံသားစိစစ်ခံရမည့်သူ များ၏ သက်သေခံကတ်ပြား National Verification Card ထုတ်ပေးခြင်း၊ နိုင်ငံခြား တိုင်းပြည်များတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလျက်ရှိသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးအရေးယူခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းများနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား များကို သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို စတုတ္ထ (၁)နှစ် တာကာလအတွင်း ဆောင်ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း e-ID လုပ်ငန်းစဉ် ဖြင့် တစ်ဦးချင်းစီ၏ Biographic ဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း နှင့် Biometric နည်းဖြင့် မှတ်တမ်းတင်ခြင်း ဆိုင်ရာ တစ်ဦးချင်း၏ လက်ဆယ်ချောင်း လက်ဗွေရာရယူခြင်း၊ မျက်နှာနှင့် ရုပ်ရည် ပေါ်လွင်အောင် ဓာတ်ပုံရိုက်ကူးခြင်း၊ မျက်လုံး သူငယ်အိမ် မှတ်တမ်းရယူခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍ တိုးတက်စေရန် ခရီးစဉ်ဒေသများဖြစ်သော စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွနှင့် ငပလီမြို့တို့တွင် ဟိုတယ် ၇ ခုနှင့် အိပ်ခန်းပေါင်း ၂၄၃ ခန်း၊ တည်းခိုရိပ်သာ ၁၇ ခုနှင့် အိပ်ခန်းပေါင်း ၃၂ဝ ၊ ခရီးလှည့်လည် ရေးလုပ်ငန်း လိုင်စင် သုံးခု ထပ်မံခွင့်ပြုပေးခဲ့ သည့်အတွက် ပြည်နယ်အတွင်း ဟိုတယ် ၄၆ လုံးနှင့် အိပ်ခန်းပေါင်း ၁၈၆၆ ခန်း၊ တည်းခိုခန်း ၄၈ လုံးနှင့် အိပ်ခန်းပေါင်း ၁၀၀၅ ခန်း၊ ခရီး လှည့်လည်ရေးလုပ်ငန်း ၉ ခုတို့ဖြင့် ခရီး သွားလာရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ငပလီကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်လာစေရန်၊ ငပလီ ကမ်းခြေဒေသတွင် ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် “ငပလီကမ်းခြေ ဆောင်းဦးပွဲတော် Ngapali Beach Autumn Festival 2019” ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်တွင် ရိုးရာ အားကစားပြိုင်ပွဲများ၊ ရိုးရာအစားအစာပြပွဲများနှင့် ဒေသထွက်ကုန်လက်မှုပစ္စည်းများ ရောင်းချခြင်းတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသ အသီးသီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ စနစ်တကျဖြင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ရေးအတွက် ရည်ရွယ်၍ “Rakhine State Tourism Master Plan (2020 - 2030)”ကို ရေးဆွဲနိုင်ရေး ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ Tourism Master Plan ရေးဆွဲနိုင်ရန်အတွက် အထောက်အကူပြု အစီအစဉ်တစ်ခုဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲကို “Comprehensive Strategy for Responsible and Sustainable Tourism Development for Rakhine State 2020 - 2030” ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ရှိ Amazing Ngapali Resort ဟိုတယ်တွင် ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်ထိ နှစ်ရက်တိုင် ကျင်းပခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

၂၀၁၉ ခုနှစ်မှ ၂၀၂ဝ ပြည့်နှစ် မတ်လအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ငွေကျပ် သန်း ၂၀၃၃ ဒသမ ၇၈ဝ ပမာဏရှိ စက်မှုလုပ်ငန်း ၁ ခု၊ ငွေကျပ် ၂၁၀၄ ဒသမ၅ သန်း ပမာဏရှိ ဟိုတယ်လုပ်ငန်း တစ်ခုနှင့် အမေရိကန်ဒေါ်လာ နှစ်သန်း ပမာဏရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စက်မှုလုပ်ငန်း တစ်ခု စုစုပေါင်းလုပ်ငန်း သုံးခု ကို အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး ၎င်းလုပ်ငန်း များ၏ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ငွေကျပ် ၄၁၃၈ ဒသမ ၂၈ သန်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်သန်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း စုစုပေါင်း ၄၀၃ ဦး ဖန်တီးပေးနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက်တွင် ရခိုင်ပြည်နယ်၏ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ နှစ်အလိုက်နှုန်းအရ ငွေကျပ် ၅၀၁၀၂၈၂ ဒသမ ၁ သန်း ရည်မှန်းထားရာမှ ပထမ သုံးလပတ် ကုန်အထိ ငွေကျပ် ၁၈၂၉၁၀၁ ဒသမ ၆ သန်း ရရှိခဲ့ပြီး စီမံကိန်းရည်မှန်းချက်အပေါ် ၃၆ ဒသမ ၅ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့သည့် အတွက် ပုံမှန်နှုန်းအနေဖြင့် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်နှုန်းအရ ငွေကျပ် ၁၄၉၉၁၈၆ ဖြစ်ပေါ်လာရန် ရည်မှန်း လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် BXT International Ltd တို့ ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့ ကစ္ဆပနဒီ မြစ်ကမ်းတစ်လျှောက်မြေဖို့ မြေယာဖော်ထုတ်ခြင်း စီမံကိန်းသည် ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ ပြည်နယ်အစိုးရအဖွဲ့မှ ရရှိသည့် မြေဧရိယာ ၁၃ ဒသမ ၆၁၄ ဧက ခန့်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် EOI ခေါ်ယူခဲ့ပြီး အင်းပေါက်ဝကုမ္ပဏီကို အတည်ပြုရွေးချယ်ခဲ့သည်။

၎င်းကုမ္ပဏီ၏ စီမံကိန်းမြေနေရာမှာ Sittwe Gispa River Development Project အနေဖြင့် ဆိပ်ကမ်းအပါအဝင် ဈေးဆိုင်ခန်း များ၊ Business Center များ တည်ဆောက်ရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကညင်ချောင်းစီးပွားရေးဇုန်ကို ၂၀၁၇ ခုနှစ်မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့ ထည့်ဝင် ငွေ ၆၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကမှ ထည့်ဝင်ငွေ ၃၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ခဲ့ရာမှ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် သည့်အတွက် ကညင်ချောင်းစီးပွားရေးဇုန်ကို ၂၀၂ဝ ပြည့်နှစ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ် သည်။ အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန် ဖွင့်လှစ်ပြီးပါက စီးပွားရေးဇုန်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ လျင်မြန် သွက်လက်မြန်ဆန်စွာ အချိန်တိုအတွင်း ပြီးစီးနိုင်အောင် One Stop Service စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌနှင့် CITIC GROUP ဥက္ကဋ္ဌတို့ Exchange of Letter (EOL) ကို ၁၀-၄- ၂၀၁၇ ရက်တွင်လည်းကောင်း၊ မူဘောင်သဘော တူညီချက်ကို ၈- ၁၁- ၂၀၁၈ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၁၈-၁-၂၀၂ဝ ရက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်ရေနက် ဆိပ်ကမ်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

ယဉ်ကျေးမှုကဏ္ဍ

ရခိုင်ပြည်နယ်၏ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်သည့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဌာနဝန်ထမ်းများနှင့် UNESCO မှ ပညာရှင်များ ညှိနှိုင်းပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် Nomination Dossier Draft (မူကြမ်း) တင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အဆိုပါမူကြမ်းကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်ပြထား ပြီးဖြစ်သည်။

ကျေးလက်မီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း ကျေးလက်မီးလင်း ရေးလုပ်ငန်းများကို မြို့နယ် ၁၆ မြို့နယ်တွင် လူနေအိမ်များအပြင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လမ်းမီးလင်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်အိမ်ရာ အလုံးရေ ၂၀ဝ ကို ကုန်ကျငွေကျပ် ၁၃၉၇ ဒသမ ၁၆ သန်း အကုန်ကျခံတည်ဆောက်ပေး ခဲ့သည်။

အလားတူ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအနေဖြင့် မြို့နယ် ရှစ်မြို့နယ်တွင် ကျေးရွာ(ယူနစ်) ၁ဝ ယူနစ်၊ အကျိုးပြုကျေးရွာ ၁၂ ရွာကို မတည်ရန်ပုံငွေ ကျပ်သန်း ၃၆ဝ မတည်ပေးနိုင်ခဲ့ပြီး ကျေးလက်ရေပေးဝေရေး လုပ်ငန်းကို မြို့နယ် ၁၇ မြို့နယ်နှင့် ကျေးရွာ ၄၆၂ ရွာတွင် လုပ်ငန်း ၄၇၅ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ် ၇၃၄၈ ဒသမ ၈၉၉ သန်းဖြင့် ဆောင်ရွက် ပေးခဲ့သည်။

ထို့ပြင် ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲခြင်း စီမံကိန်းလုပ်ငန်းကို မြို့နယ် ၁၃ မြို့နယ်တွင် စီမံချက်ရေးဆွဲသည့် ကျေးရွာ ၄၁၈၁ ရွာ၌ လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်း များကို နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း ၁၀ဝ ဖြင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အလားတူ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို မြို့နယ် ၁၇ မြို့နယ်တွင် သင်တန်း ၅၆ ကြိမ်နှင့် သင်တန်းသားဦးရေ ၁၁၅၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ

ရခိုင်ပြည်နယ်တွင် ၂၀၁၉ - ၂၀၂ဝ ခုနှစ် တွင် စိုက်ဧက ၁၀၀၅၅၆၂ ဧကနှင့် ရိတ်သိမ်း ဧက ၉၉၅၇၅၄ ဧက၊ တစ်ဧက အထွက်နှုန်း ၆၁ ဒသမ ၇၉ တင်း စုစုပေါင်းအထွက်နှုန်း ၆၁၅၂၆၀၀၂ တင်းထွက်ရှိခဲ့သည်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ခဲ့လျှင် စိုက်ဧက ၁၇၈၈ဝ၊ ရိတ်ဧက ၂၇၆၈၆ ဧကနှင့် စုစုပေါင်း အထွက်တင်း ၁၅၂၈၄၂၅ တင်းအထိ လျော့နည်းခဲ့သော်လည်း ဆန်ဖူလုံမှုအနေဖြင့် ၁၂၄ ဒသမ ၆၄ ရာခိုင်နှုန်း ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ပေါင်းစည်းလယ်ယာ စနစ်အတွက် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာအုပ်စုရှိ မြေဧရိယာ ၁ဝ ဧကတွင် Sufficiency Economy Philosophy (SEP) အခြေပြု Community Development Center ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

သစ်တောကဏ္ဍ

သစ်တောကဏ္ဍအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ သစ်တောကြိုးဝိုင်း ၁၄ ခု၊ ကြိုးပြင်ကာကွယ်တော ၂၅ ခုနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ တစ်ခု စုစုပေါင်း ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၄ဝ နှင့် ဧရိယာ ၂၅၃၆၈၅၈ ဒသမ ၆၃ ဧကကို ဖွဲ့စည်းထားပြီး ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်အတွင်း ကြိုးပြင် ကာကွယ်တော ငါးခုနှင့် ဧရိယာ ၁၂၂၃၁၆ ဧကကို ထပ်မံတိုးချဲ့သတ်မှတ်နိုင်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်အထိ ရခိုင်ပြည်နယ်တွင် စုစုပေါင်း ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၄၅ ခုနှင့် ဧရိယာ ၂၆၅၉၁၇၄ ဒသမ ၆၃ ဧကကို တိုးချဲ့ဖွဲ့စည်းနိုင် ခဲ့သည်။

ဆည်မြောင်းကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေကြီး နစ်မြုပ်မှုကာကွယ်ရေး၊ ပင်လယ်ရေငန် ဝင်ရောက်မှုမှ ကာကွယ်ရေး၊ သောက်သုံးရေ ရရှိရေးလုပ်ငန်းများအတွက် ရေငန်တားတာ များ တည်ဆောက်ပြုပြင်ခြင်း၊ ဆည်၊ ကန် ရေလှောင် တမံများပြုပြင်ခြင်း၊ လျှိုပိတ်ဆည် များ တည်ဆောက်ခြင်း၊ ရေတံခါးများ တည်ဆောက်ခြင်းနှင့် လယ်သမားတာ(ကာရီ)များ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ - ၂၀၂ဝ ခုနှစ်တွင် စုစုပေါင်းလုပ်ငန်း ၁၄၆ ခုကို ခွင့်ပြုရန်ပုံ ငွေကျပ် ၁၉၄၅၁ ဒသမ ၈၂၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

လယ်ယာမြေ စီမံခန့်ခွဲမှု

ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် စတုတ္ထ (၁)နှစ်တာကာလ အတွက် အစည်းအဝေး လေးကြိမ်ပြုလုပ်နိုင်ခဲ့ ပြီး အမှုတွဲ ၁၇၄ တွဲကို ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ သည်။ ၎င်းအမှုတွဲများအနက် လယ ၃၀ (က) ခွင့်ပြုပေးသည့် အမှုတွဲ ၁၄ တွဲနှင့် ဧရိယာ ၅၉ ဒသမ ၈၄ ဧက ၊ လယ ၃၀ (ခ) ခွင့်ပြုပေးသည့် အမှုတွဲ ၂၃ တွဲနှင့် ဧရိယာ ၁၂၆ ဒသမ ၆၈ ဧက တို့ကို လုပ်ပိုင်ခွင့်ပြုခဲ့သည်။ ပုံစံ (၇) ထုတ်ပေး နိုင်မှုအနေဖြင့် စတုတ္တ (၁)နှစ်တာကာလ အတွင်း တောင်သူ ၁၁၅၇ ဦးအတွက် ဧရိယာ ၅၇၉၇ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ထုတ်ပေးနိုင်ခဲ့သည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အနေဖြင့် စတုတ္တ(၁)နှစ်တာ ကာလအတွင်း အစည်းအဝေး (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဗဟို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီမှ မြေလွတ်၊ မြေရိုင်း ဧရိယာ ၃ ဒသမ ၉၅ ဧကကို တောင်သူ လေးဦးသို့ လုပ်ပိုင်ခွင့် ချထားပေးခဲ့ကြောင်းနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီမှ မြေလွတ်၊ မြေရိုင်း ဧရိယာ ၅၇၅ ဒသမ ၃ဝ ဧကကို တောင်သူ ၆၇ ဦးသို့ လုပ်ပိုင်ခွင့် ခွင့်ပြုပေးထားနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း (၁) မှ (၁၈)အထိ အမှုတွဲပေါင်း ၈၄၂ မှုအနက် ၇၅၅ မှု ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ၈၇ မှု ကျန်ရှိခဲ့ သည်။ လက်ကျန် ၈၇ ခုမှုအပေါ်တွင် ရခိုင် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် အမှုပေါင်း ၇၄ မှု ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြေရှင်းဆောင်ရွက်ဆဲ အမှု ၁၃ မှုသာ ကျန်ရှိသည်။

ရခိုင်ပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအနေဖြင့် ဗဟိုကော်မတီမှ လွှဲပြောင်းပေးပို့လာသော မြေယာတိုင်ကြားစာ ၄၁၆ စောင်အနက် ၃၀၇ စောင်ကို ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြေရှင်းဆောင်ရွက်နေဆဲ ၁၀၉ စောင်သာ ကျန်ရှိသည်။ ကျန်ရှိသည့် ၁၀၉ စောင်ကို ၂၀၂ဝ ပြည့်နှစ်အကုန်တွင် အပြီး ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

ရခိုင်ပြည်နယ် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီသို့ တိုက်ရိုက်တိုင်ကြားစာ ၃၃၆ စောင်အနက် ၂၈၄ စောင် ဖြေရှင်းဆောင် ရွက်နိုင်ခဲ့ပြီး ဖြေရှင်းဆောင်ရွက်ဆဲ ၅၂ စောင် ကျန်ရှိသည်။ ကျန်ရှိသည့် ၅၂ စောင်ကို ၂၀၂ဝ ပြည့်နှစ်တွင် အပြီးဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

(၄)နှစ်တာကာလအတွင်း သိမ်းဆည်းမြေ များထဲမှ အမှုတွဲ ၃၂၃ တွဲပါ မြေဧရိယာ ၃၀၆၉၆ ဒသမ ၃၃၇ ဧကကို ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီး သက်ဆိုင်ရာ မူရင်းပိုင်ရှင်တောင်သူ ၄၃၇၃ ဦးနှင့် ဌာန၊ အဖွဲ့အစည်းများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် သိမ်းဆည်းမြေများ နှင့်ပတ်သက်၍ ဗဟိုကော်မတီမှ ပေးပို့သည့် အမှုတွဲများအနက် ပြန်လည်စွန့်လွှတ်နိုင်ခြင်း မရှိသဖြင့် လျော်ကြေး၊ နစ်နာကြေးပေးအပ်မှု အနေဖြင့် အမှုတွဲပေါင်း ၁၈ တွဲရှိပြီး တောင်သူ ၆၂ ဦး၏ မြေဧရိယာ ၁၆၃ ဒသမ ၇၉၈ ဧက အတွက် လျော်ကြေး၊ နစ်နာကြေး ငွေကျပ်သန်း ပေါင်း ၁၅၀၆ ဒသမ ၆၆၂ သန်းကို ပေးလျော် ခဲ့ပြီးဖြစ်သည်။ ပြည်နယ်ကော်မတီသို့ တိုက်ရိုက်တိုင်ကြားသည့် အမှုတွဲများအနက် ပြန်လည်စွန့်လွှတ်နိုင်ခြင်း မရှိသဖြင့် လျော်ကြေး၊ နစ်နာကြေးပေးအပ်မှုအနေဖြင့် အမှုတွဲပေါင်း နှစ်တွဲရှိပြီး တောင်သူ ၂၈ ဦး၏ မြေနေရာ ဧက ၁၁၇ ဒသမ ၆ဝ အတွက် လျော်ကြေး၊ နစ်နာကြေး ငွေကျပ်သန်းပေါင်း ၄၃၉ ဒသမ ၅ဝ ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

လျှပ်စစ်ကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ကဏ္ဍ တိုးတက်ရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့် တိုးတက် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ၅၈ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးသုံးစွဲနိုင်ကြပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး သိသာမြင်သာတဲ့ တိုးတက် ပြောင်းလဲမှုတွေ အများကြီးရှိခဲ့ပါတယ်။ ပြည်နယ်ဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက်ပိုပြီး အပြောင်းအလဲ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျေးရွာတွေအပါအဝင် ၅၀ ရာခိုင်နှုန်း မီးလင်းတဲ့ အထိမ်းအမှတ်တွေ လုပ်နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့က ၅၈ ရာခိုင်နှုန်းကျော် မီးလင်းနိုင်ခဲ့တဲ့ အနေ အထားရှိပါတယ်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် မာန်အောင်မြို့နယ် ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် PV (0. 5) MW (Hybrid System) ဖြင့် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပေါ်စကိုဒေဝူးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်း Phase-1 ပြီးစီးခဲ့ပြီး ၁၃- ၁၁- ၂၀၁၉ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာ လေးရွာသို့ မီးသုံးသူ ၁၄၁၇ဦးတို့အား နေရောင်ခြည်ရရှိမှုပေါ် မူတည်ပြီး ၁၃- ၃-၂၀၂ဝ ရက်မှစတင်ကာ ၂၄ နာရီဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် ဓာတ်အားရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်တွင် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၆၂ ဒသမ ၉ မိုင်၊ ၄၀ဝ ဗို့ဓာတ်အားလိုင်း ၂၁ဝ ဒသမ ၅၁ မိုင်နှင့် ၁၁ / ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၂၃၃ လုံး တိုးချဲ့တပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နယ်စပ်ဒေသဖြစ်သည့် မောင်တောဒေသတွင် JICA အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက် ပေးလျက်ရှိသည်။ ၆၆ /၃၁ ၊ ၆၆/ ၃၃ ၊ ၁၁ ကေဗွီ ၁၀ အမ်ဘီအေ ဓာတ်အားခွဲရုံကို ကြိမ်ချောင်းတွင် တည်ဆောက်လျက်ရှိပြီး ကြိမ်ချောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း ၁၆ ရွာ၊ အိမ်ထောင်စု ၁၄၅၃ စုကို ယခုနှစ်ထဲတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာတွင် JICA အစီအစဉ်ဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၆ ဒသမ ၆၇ မိုင်၊ ၆၆ / ၁၁ ကေဗွီ ၁၀ အမ်ဘီအေ ဓာတ်အားခွဲရုံကို တည်ဆောက်ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၉ ရွာရှိ အိမ်ထောင်စု ၄၇၄၈ စုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

အမ်းမြို့နယ် ကန်စွန်းကိုင်းကျေးရွာတွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၄ ဒသမ ၅၁ မိုင်၊ ၃၃ / ၁၁ ကေဗွီ ၅ အမ်ဘီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပြီး ကန်စွန်းကိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၅၃ ရွာရှိ အိမ်ထောင်စု ၄၂၆၉ စုကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးနိုင် ခဲ့သည်။

မဟာဓာတ်အားလိုင်းစနစ်နဲ့ ရခိုင် ပြည်နယ်အတွင်းမှာ မီးရရှိရေး ဆောင်ရွက်တဲ့ နေရာမှာ ယခုနှစ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ သံတွဲနှင့် အမ်း မြို့နယ်တွေမှာရှိတဲ့ ကျေးရွာ ၁၇ ရွာ ကို မီးရရှိရေးအတွက် ဆက်လက်ပြီး ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ ဒီနှစ်အတွင်းမှာကို ဓာတ်အားစနစ်ရရှိသွားမှာ ဖြစ်ပါတယ် ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဓာတ်အားလိုင်းများနှင့် ဝေးကွာသည့် ကျေးရွာများကို ဆိုလာစနစ်၊ ဒီဇယ်စနစ်၊ စပါးခွံစနစ် စသည့် အခြားနည်း များဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်စလုံးတွင် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပြီး ကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကျေးရွာ ၂၁၉ဝ အထိ လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲခွင့်ရရှိခဲ့ပြီဖြစ်သည်။

ကျေးလက်လမ်းများ

ပြည်နယ်လမ်းဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၃၅ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၁၃ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၃၆ မိုင် ၆ ဖာလုံ၊ အမာခံ လမ်း ၇ဝ မိုင် ၄ ဖာလုံ၊ မြေလမ်း ၁၆ မိုင် ၂ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပြီး တံတား အဆင့် မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း လုပ်ငန်းအနေဖြင့် ပေ ၁၈ဝ အောက်တံတား ၂၆၈ စင်း၊ ပေ ၁၈ဝ နှင့်အထက် တံတား ငါးစင်း စုစုပေါင်း ၂၇၃ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

ပေ ၁၀၀ဝ အထက် စီမံကိန်းဝင် တံတား ကြီးများဖြစ်သော မြေပုံ - မင်းပြားလမ်းပေါ်ရှိ ကြပ်စင်မြစ်ကူးတံတား ပေ ၁၉၂ဝ နှင့် စစ်တွေ မြို့နယ် ဆက်ရိုးကျတံတား ၁၆၄၂ ပေ တို့ကို လည်းကောင်း၊ ပေ ၁၈ဝ အထက် တံတားများ ဖြစ်သော မင်းဘူး - အမ်း - စစ်တွေ လမ်းပေါ်ရှိ ဒါးလက်ချောင်းတံတား ပေ ၉၆ဝ နှင့် တိမ်ညို တံတား ပေ ၃၆ဝ တို့ကို သံကူကွန်ကရစ် တံတားများအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး တည်ဆောက် ဆဲပေ ၁၀၀ဝ နှင့်အထက် တံတားစီမံကိန်းကြီး များအနေဖြင့် မင်းဘူး - အမ်း - စစ်တွေ လမ်းမ ပေါ်ရှိ ရာမောင်တံတား(၁၂၅၆ ပေ ၇ လက်မ)နှင့် ကင်းမြောက်လမ်းပေါ်ရှိ ကင်းချောင်း တံတား (၁၂၅၆ ပေ ၇ လက်မ)တို့ကို ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၉၂၀ဝ ဖြင့် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရေး လျာထား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

၎င်းအပြင် ပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မောင်တောဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အဓိကအရေးပါသော ပုဏ္ဏားကျွန်း- ရသေ့တောင် - ဘူးသီးတောင်လမ်း ၅၇ မိုင် ၂ ဖာလုံကို လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းပေါ်ရှိ ရသေ့တောင်ချောင်းတံတား ပေ ၈၈ဝ ၊ ရသေ့တောင် - ဘူးသီးတောင်လမ်းပေါ်ရှိ စိုင်းဒင်ချောင်းတံတား ပေ ၆၀ဝ ၊ ရွာဟောင်း ချောင်း တံတား ပေ ၂၈ဝ ၊ ငစံပေါ်တံတား ပေ ၂၁ဝ နှင့် သောင်းဒရာချောင်းတံတား ပေ ၅၀ဝ တို့ကို တည်ဆောက်ခဲ့ပြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။

မောင်တောဒေသ၏ လမ်းကွန်ရက်များ ပိုမိုချိတ်ဆက်မြန်ဆန်စေရေး မေယုတောင် တန်း၏ အရှေ့နှင့် အနောက်တို့ကို ဆက်သွယ် ပေးမည့် မေယုတောင်ကျော်လမ်းများ ဖြစ်သည့် ကျောက်ပန္တု - အင်းဒင် - စေတီပြင်လမ်း၊ ကြိမ်ချောင်း - ဂုပ္ပိလမ်း၊ ဥဒေါင်း - ညောင် ချောင်းလမ်း၊ သက်ကိုင်ညှာ - ပဒဂါးလမ်းတို့ကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ လမ်းသစ် ဖောက်လုပ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ မေယုတောင် ကျော်လမ်း ၄ လမ်းကို ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဆင့်သို့ ရောက်ရှိအောင် နိုင်ငံတော်ဘဏ္ဍာငွေများ၊ ဂျပန်နိုင်ငံချေးငွေ (JICA ODA Loan) များဖြင့် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်း ၆ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၂၅ မိုင် ၇ ဖာလုံနှင့် မြေလမ်း ၉ မိုင် ၄ ဖာလုံ တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

 

ထို့ပြင် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေး အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက် ခင်းလမ်း ခင်းခြင်း၊ မြေသားလမ်းခင်းခြင်း၊ အမာခံလမ်းခင်းခြင်း၊ ပေ ၅ဝ နှင့်အထက် တံတား ၁၇ စင်း တည်ဆောက်ခြင်း၊ ပေ ၅ဝ အောက် တံတားနှင့် ရေပြွန် ၂၃၆ စင်း တည်ဆောက်ခြင်း၊ အခြားလုပ်ငန်း ခုနစ်ခု တို့ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းပါးများ ဒီရေတိုက်စားမှုမှ ကာကွယ်နိုင် ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောက်စီမြေထိန်းနံရံ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း၊ ကျောက်စီလိုင်းကာ ပြန်လည်ပြုပြင် ရေးလုပ်ငန်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း စသည့် လုပ်ငန်း ၁၆ ခုကို ခွင့်ပြုငွေကျပ် ၃၃၁၄ ဒသမ ၈၀၈ သန်းဖြင့် ဆောင်ရွက်ပေးနိုင် ခဲ့သည်။

ရေကြောင်းခရီးစဉ်များ အဆင်ပြေ ချောမွေ့စေရန်အတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့ ကူညီခဲ့သော ကစ္ဆပနဒီအမြန်ရေယာဉ် သုံးစင်း ဖြင့် စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ စီမံကိန်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် အကုန်အကျခံတည်ဆောက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေဆိပ်ခံ တံတားကို ၁၉ - ၁၂ - ၂၀၁ဝ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။

အဆိုပါ စစ်တွေဆိပ်ခံတံတားသည် GRT တန်ချိန် ၂၀၀၀၀ ရှိ ပင်လယ်ကူးသင်္ဘောကြီး များဆိုက်ကပ်နိုင်ပြီး စစ်တွေဆိပ်ကမ်းမှ တစ်ဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တည်ဆောက်ပြီးစီးပြီဖြစ်သော ပလက်ဝ ဆိပ်ခံတံတားအထိ ရေလမ်း ၁၅၈ ကီလိုမီတာ နှင့် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အထိ ကုန်းလမ်းမိုင် ၁၂၂ ကီလိုမီတာကို အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိပြီး ယခုအခါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေဆိပ်ခံတံတားကို လုပ်ငန်းလည်ပတ် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိရာမှ မကြာမီကာလ အတွင်း ကမ်းရိုးတန်းသွားသင်္ဘောများနှင့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ် အသုံးပြုနိုင်တော့မည် ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများမှာ အလွန်အရေးပါသော ဆိပ်ခံတံတား တစ်စင်းအဖြစ် ပေါ်ထွန်းလာတော့မည် ဖြစ်သည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် စတုတ္တ (၁)နှစ်တာ ကာလအတွင်း မြို့ပြကတ္တရာလမ်း ၂ မိုင် ၇ ဒသမ ၃၉၃ ဖာလုံ၊ ကျောက်ချောလမ်း ၇ မိုင် ၅ ဒသမ ၂၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၁၄ မိုင် ၁ ဒသမ ၁၃၆ ဖာလုံ၊ အခြား ၈၇ စု၊ စုစုပေါင်းလမ်းအရှည် ၂၄ မိုင် ၅ ဒသမ ၇၇၉ ဖာလုံကို သုံးစွဲငွေကျပ် သန်းပေါင်း ၁၃၄၀၆ ဒသမ ၇၉၈ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့ပြကွန်ကရစ်တံတား ၆၇ စင်း၊ ရေပြွန် ၉၂ စင်း၊ အခြား ရှစ်ခု၊ စုစုပေါင်း ၁၆၇ ခုကို ငွေကျပ် ၁၅၀၈ ဒသမ ၃၇၁ သန်းဖြင့် ဆောင်ရွက်နိုင် ခဲ့သည်။ မြို့ရေပေးဝေရေးအနေဖြင့် အခြား ရေပေးဝေရေးနှင့် ဆက်စပ်သည့် လုပ်ငန်း ၂၅ ခုကို ငွေကျပ်သန်း ၁၆၈၇ ဒသမ ၉၅ဝ ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် JICA- ODA Loan ချေးငွေကျပ် ၁၀၃ သန်းဖြင့် ရဲမာန်ကုမ္ပဏီမှ ကန်တော်ကြီး ရေစစ်ကန်နှင့် ကန်ပိုင်ရေစစ်ကန်တွင် Blower System ကို ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သည်။

ဂွမြို့နယ်ရေပေးရေးအတွက် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၁၅ဝ ဖြင့် ကျိန္တလီမြို့ တစ်ဖက်ပိတ်လျှိုပိတ် ဆည်မှ မြို့အဝင်အထိ ပင်မရေပိုက်သွယ်တန်း ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိသည်။

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍတွင် ၂၀၁၉ - ၂၀၂၀ ပညာ သင်နှစ်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၁၇၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၂၂၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၁၈ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၃၀၄ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၇၀၈ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၃၇၇ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၂၈ဝ စုပေါင်း ၃၂၈၅ ကျောင်းရှိသည့်အနက် လက်ရှိ ပညာသင်နှစ်အထိ ကျောင်းအဆင့်တိုးမှု အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း ၂၁ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၂၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၃၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၆၇ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၃၅ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၃၄ ကျောင်း စုစုပေါင်း ၅၂၅ ကျောင်းကို အဆင့်တိုးမြှင့်ပေးနိုင်ခဲ့သည်။

၂၀၁၉ - ၂၀၂ဝ ပညာသင်နှစ်တွင် ရခိုင် ပြည်နယ်၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ အထက်တန်းအဆင့် ၅၁၂၆ဝ၊ အလယ်တန်းအဆင့် ၁၆၉၆၂၃ ဦးနှင့် မူလတန်းအဆင့် ၃၁၈၀၂၆ ဦး စုစုပေါင်း ၅၃၈၉၀၉ ဦးရှိပြီး ဆရာ၊ ဆရာမ ဦးရေမှာ အထက်တန်းအဆင့် ၂၃၃၇ ဦး၊ အလယ်တန်း အဆင့် ၇၉၈၈ ဦးနှင့် မူလတန်းအဆင့် ၁၄၆၄၂ ဦး စုစုပေါင်း ၂၄၉၇၆ ဦးရှိသည့်အတွက် ကျောင်းသား ကျောင်းသူစာရင်းနှင့် ဆရာ ဆရာမဦးရေအချိုးမှာ ဆရာ ဆရာမ တစ်ဦး လျှင် ကျောင်းသား ကျောင်းသူ ၂၂ ဦး (၁ : ၂၂) အချိုးနှုန်းဖြင့် ပညာသင်ကြားပေးလျက် ရှိသည်။

၂၀၁၉ - ၂၀၂ဝ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် စာစစ်ဌာနအရေအတွက် ၁၂၂ ခု၊ ကျောင်းသား ၄၂၄၁၆ ဦးနှင့် ကျောင်းသူ ၁၀၁၆၅ ဦး ဖြေဆိုခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး တစ်ဘာသာ ဂုဏ်ထူးရှင် ၆၂၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၄၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၂ ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ပေါ်ထွက်ခဲ့သည်ဖြစ်ရာ ရခိုင်ပြည်နယ် ၏ ပညာရေးအခြေအနေမှာ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များနှင့်တန်းတူ ရင်ပေါင်တန်း ရပ်တည်နိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်သည့်အတွက် နှိုင်းယှဉ်ချက်အရ ၂ ဒသမ ၅၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ထို့ပြင် ၂၀၁၉ - ၂၀၂ဝ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက် မြင့်မားစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ များ၊ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၁၉- ၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် စာသင်ကျောင်းပေါင်း ၂၁၂ ကျောင်းအတွက် ငွေကျပ်သန်းပေါင်း ၂၃၄၇ ဒသမ ၄၀၄၂ သန်းဖြင့် ဘဏ္ဍာငွေ သုံးစွဲ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍအနေဖြင့် ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာရေးနှစ်တွင် နှစ်အလိုက် အဆောက်အဦ ဆောက်လုပ်မှုမှာ ကုသရေး ဦးစီးဌာနမှ လုပ်ငန်း ၂၈ ခု၊ ဆေးရုံအဆောက် အဦ ၆၈ ခုနှင့် ဝန်ထမ်းအိမ်ရာ ၆၅ ခုတို့ကို ရန်ပုံငွေကျပ် ၂၉၅၉ ဒသမ ၆၂၆ သန်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လုပ်ငန်း ၄၄ ခု၊ ဆေးရုံအဆောက်အအုံ ၄၄ ခုနှင့် ဝန်ထမ်း အိမ်ရာ ၅၈ ခုတို့ကို ရန်ပုံငွေကျပ်သန်း ၃၉၆ဝ ဖြင့် ဆောက်လုပ်ခဲ့သည်။

စတုတ္တ (၁)နှစ်တာကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းတွင် ပညာသင်နှစ်အလိုက် သင်တန်းတက်ရောက်ခွင့်ပြုမှုမှာ သူနာပြု သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းကို ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန် ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးလာသော အသက် ၂ နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့မှုကာလ ၁ - ၁ - ၂၀၁၉ ရက်မှ ၃၀ - ၉ - ၂၀၁၉ ရက်အထိ အကျိုးခံစား ခွင့်ရှိသူ ၂၄၉၀၇၃ ဦးကို စုစုပေါင်းငွေကျပ် ၁၆၄၆၅၆၂၀၀၀ဝ ထောက်ပံ့ပေးခဲ့ပြီး ဘိုးဘွား ၂၇၆၅၁ ဦးကို လူမှုရေးပင်စင်အဖြစ် ၁ - ၁ - ၂၀၁၉ မှ ၃၀ - ၉ - ၂၀၁၉ အထိ ငွေကျပ် ၈၂၉၅၃၀၀၀ဝ ကို ထောက်ပံ့ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရဌာနပိုင် မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်း ကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ဝေးကွာ၍ မူလတန်းကြို ကျောင်းတက်ရန် လက်လှမ်း မမီသော ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံး နိုင်မည့် နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ဦးဆောင်မှု ဖြင့် မိခင်ဝိုင်းများကို တစ်ဝိုင်းလျှင် ၅ နှစ် အောက် ကလေး ၂ဝ စီဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး မိခင်ဝိုင်းခေါင်းဆောင် တစ်ဦးလျှင် တစ်လငွေကျပ် ၅၀၀၀ဝ နှုန်းဖြင့် မိခင်ဝိုင်းအတွင်းရှိ ကလေးတစ်ဦးလျှင် တစ်ရက်ငွေကျပ် ၃၅ဝ နှုန်းဖြင့် ၂၀၁၈ ခုနှစ် တွင် မိခင်ဝိုင်းဦးရေ ၃၅ ဝိုင်း စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၅၄၅၀၀၀ဝ ထောက်ပံ့ ပေးနိုင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် စတုတ္တ (၁)နှစ် တာကာလအတွင်း မိခင်ဝိုင်း ၆၅ ဝိုင်း၊ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄၀၀၃၀၀၀ဝ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ အလုပ်လက်မဲ့ ပြည်သူများ အလုပ်အကိုင်ရရှိစေရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် GIZ တို့ပူးပေါင်းပြီး စစ်တွေမြို့နယ်တွင် စက်ချုပ် သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း၊ ကျောက်တော်မြို့တွင် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ ရေပိုက် ဆက်သင်တန်းများ သင်ကြားပေးလျက်ရှိ သည်။

IOM နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ အထောက်အကူပြုဗဟိုဌာနကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတွင် တွဲဖက်ဖွင့်လှစ်ပြီး ရွှေ့ပြောင်းသွားလာသူများ ကို အသိပညာပေး ဆွေးနွေးခြင်း၊ ဘေးကင်း လုံခြုံပြီး စနစ်ကျသော ရွှေ့ပြောင်းသွားလာ ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ ILO နှင့် ပူးပေါင်း၍ နှစ်စဉ် လုပ်သားအင်အား စစ်တမ်းကောက်ယူခြင်း အစီရင်ခံစာထုတ်ပြန် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ဘာသာစကား သင်ကြားနိုင်ရေးအတွက် ဆရာ ဆရာမ Training Assistant အဖြစ် ချင်းတိုင်းရင်းသားလူမျိုး ၅၉ ဦးနှင့် ရခိုင် တိုင်းရင်းသား ၁၄၂၃ ဦးတို့ကို ၂- ၉- ၂၀၁၉ ရက်မှ စတင်၍ ခန့်အပ်တာဝန်ပေးနိုင်ခဲ့သည်။

တိုင်းရင်းသားမျိုးနွယ်စုံတို့၏ လူမှုစီးပွား ဘဝ မြင့်မားတိုးတက်ရေးအတွက် ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)မြို့၌ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းသို့ ရခိုင်တိုင်းရင်းသား သုံးဦး၊ မရမာကြီးတိုင်းရင်းသား ငါးဦး စုစုပေါင်း ရှစ်ဦးကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနနှင့် ဆုထူးပန် ကျောက်မျက်ကုမ္ပဏီတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ သည့် ကျောက်မျက်အချောထည် ထုတ်လုပ်ရေး နှင့် အသက်မွေးမှုအတတ်ပညာသိပ္ပံသင်တန်း ကျောင်း(အခမဲ့)သို့ ခမီတိုင်းရင်းသား တစ်ဦး၊ ဒိုင်းနက်(သက္ကမ) တိုင်းရင်းသား တစ်ဦး၊ သက်တိုင်းရင်းသား တစ်ဦး၊ ချင်း(လေးတူ) တိုင်းရင်းသား တစ်ဦး စုစုပေါင်း လေးဦးကို လည်းကောင်း တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉- ၂၀၂ဝ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၀၈ ဒသမ ၄၉၇ ဘီလီယံနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ် ၁၉ဝ ဒသမ ၉၀၃ ဘီလီယံ စုစုပေါင်းငွေကျပ် ၃၉၉ ဒသမ ၄၀၀ ဘီလီယံကို သုံးစွဲကာ ရခိုင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့ရာ (၄)နှစ်တာ ကာလအတွင်း သိသာမြင်သာသည့် အပြောင်း အလဲ တိုးတက်မှုများကို မြင်တွေ့နေရပြီ ဖြစ်သည်။

ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၄ နှစ် တာကာလအတွင်း ငွေကျပ် ၁၀၃၆ ဘီလီယံ ကျော် သုံးစွဲနိုင်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ အတွက် ငွေကျပ် ၂၁၆ ဘီလီယံ သုံးစွဲနိုင်ရန် လျာထား ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ငွေကျပ် ၁၂၅၂ ဘီလီယံကျော် သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသည့် ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀ဝ ဒသမ ၀၈ မိုင် ကျယ်ဝန်းသည့် ရခိုင်လူမျိုးများ အများဆုံးနေထိုင်ပြီး ရခိုင်မျိုးနွယ်စုဝင်နှင့် အခြားတိုင်းရင်းသား များလည်း စုစည်းနေထိုင် ကြသည့် ရခိုင်ပြည်နယ်သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်းနေသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသတွင်းရှိ ပြည်သူ များ၏ စုပေါင်းအင်အားတို့ကြောင့် အနာဂတ် ကာလတွင် အေးချမ်းသာယာဖွံ့ဖြိုးဝေစည် ရခိုင်ပြည်ကြီးအဖြစ် ရောက်ရှိလာတော့မည် ဖြစ်သည်။ ။