အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ကူးစက်လာမှာကို စိုးရိမ်တဲ့အတိုင်း ဖြစ်လာခဲ့ပြီ

၁၉  နိုဝင်ဘာ

ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ အီရတ်နဲ့လက်ဘနွန်တို့မှာ အစိုးရကိုဆန့်ကျင် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် အီရန်နိုင်ငံမှာလည်း ဆန္ဒပြပွဲတွေ ကူးစက်လာမှာကို အီရန်အရာရှိတွေ စိုးရိမ်ခဲ့ကြပါတယ်။ အခုလည်း သူတို့ စိုးရိမ်တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။

ဆန္ဒပြပွဲပေါ်ပေါက်လာ

အီရန်မှာ ဓာတ်ဆီဈေးကြီးမြင့်မှုကြောင့် ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ ရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီကတော့ အီရန်နိုင်ငံအတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာရတာကြောင့် နိုင်ငံခြားကရန်သူတွေနဲ့ တော်လှန်ပုန်ကန်သူတွေကို အပြစ်တင်ခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန် အပါအဝင် အခြားသောမြို့ကြီးတွေမှာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ တတိယမြောက်နေ့အဖြစ် ဆန္ဒပြပွဲတွေပြုလုပ်လာခဲ့ကြတဲ့ အခါမှာတော့ အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချလိုက်ပါပြီ။ အီရန်နဲ့ ကမ္ဘာ့ကျန်တဲ့အစိတ်အပိုင်းဆက်သွယ်မှုကို ဖြတ်တောက်လိုက်တဲ့သဘောပါပဲ။ သုံးရက်တာ ဆန္ဒပြပွဲအတွင်း လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးတော့ လူရာနဲ့ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ လူပေါင်း ၁၀၀၀ ကျော်ကိုတော့ ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

လူရမ်းကားတွေလား

ခေါင်းဆောင်ကြီးဖြစ်တဲ့ အယာတိုလာအလီခါမေနီကတော့ ဆန္ဒပြသူတွေကို လူဆိုးလူရမ်းကားတွေလို့ ခေါ်ဝေါ်ခဲ့ပြီး ဓာတ်ဆီဈေးတက်ဖို့အတွက် အစိုးရရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။ ဓာတ်ဆီဈေးကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့နဲ့ ခွဲတမ်းစနစ်ကျင့်သုံးဖို့ အစိုးရကဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာရတာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းတိုးမြှင့်မှုကနေ ဆင်းရဲတဲ့ ပြည်သူတွေကို အထောက်အပံ့တွေ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးမှာ အတော်လေး အထိနာနေတာလည်း ဖြစ်ပါတယ်။ ဓာတ်ဆီဈေးမြင့်တက်လိုက်တာ မှန်ပေမယ့် ကမ္ဘာ့အခြားနေရာတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အီရန်နိုင်ငံရဲ့ ဓာတ်ဆီဈေးဟာ အများကြီးသက်သာနေပါသေးတယ်။ အီရန်ခေါင်းဆောင် မစ္စတာခါမေနီကတော့ ခွဲတမ်းစနစ်ကျင့်သုံးတာရယ်၊ ဓာတ်ဆီဈေးတက် လိုက်တာရယ်ကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။ အီရန်သမ္မတ တရားသူကြီးချုပ်နဲ့ ပါလီမန်တို့ ဆွေးနွေးပြီးမှ ဈေးတက်ဖို့ စီစဉ်တာဖြစ်တဲ့အတွက် ထောက်ခံရတာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ထပ်ထိုးနှက်ချက်တစ်ခု

နောက်ပြီးတော့ ဆန္ဒပြသူတွေလမ်းမပေါ်မှာ သေဆုံးရတဲ့အဖြစ်ကိုလည်း သတိထားမိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ အီရန်နိုင်ငံမှာ မငြိမ်မသက်ဖြစ်စေဖို့ အတိုက်အခံအုပ်စုတွေရဲ့ ကြိုးပမ်းမှု တစ်ရပ်မျှသာဖြစ်တယ်ဆိုပြီး အပြစ်တင်ပြောဆိုခဲ့ပါတယ်။ နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ပြီးနောက်ပိုင်း အီရန်နဲ့ ဆက်ဆံရေးဟာ တစ်စတစ်စ ပိုမိုဆိုးရွားခဲ့ပါတယ်။ အီရန်အပေါ် ပိတ်ဆို့မှု တွေဟာလည်း ပိုပိုပြီးများလာခဲ့ပါတယ်။ အထူးသဖြင့် အီရန်ရဲ့ ရေနံအပေါ် ပစ်မှတ်ထားပြီးပိတ်ဆို့မှု ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုအချက်တွေကြောင့် အီရန်ဟာ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အခုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာ ပြန်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာလည်း အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆန့်ကျင်အပြစ်တင်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အီရတ်နဲ့ လက်ဘနွန်တို့က ဆန္ဒပြသူတွေဟာ သူတို့နိုင်ငံတွေမှာ အီရန်ရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်ပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

ရေရှည်မှာတောင့်ခံနိုင်ပါ့မလား

အခုအခါမှာတော့ ပြည်တွင်းမှာပါ ဆန္ဒပြသူတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါပြီ။ အတိတ်ကာလတုန်းကလည်း အီရန်မှာ ဒီလိုမျိုးဆန္ဒပြပွဲတွေ ပျံ့နှံ့လာတာမျိုးဖြစ်ခဲ့ဖူးပါတယ်။ အင်အားသုံး ကိုင်တွယ်ဖြေရှင်းမှုတွေလည်း ရှိခဲ့ပါတယ်။ မစ္စတာ ခါမေနီရဲ့ ထောက်ခံမှုနဲ့အတူ ပါလီမန်မှာ ဇာတ်ဆီဈေးတက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အငြင်းပွားမှုတွေလည်း ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်ဆန္ဒပြမှုတွေနဲ့ ဝေဖန်မှုတွေကတော့ ပြီးဆုံးမသွားသေးပါဘူး။ ပါလီမန်မှာ သူတို့ရဲ့ အကြံပြုချက်တွေ ရယူခြင်းမရှိဘူးဆိုပြီး ဥပဒေပြုအမတ်နှစ်ဦး ကတော့ နုတ်ထွက်သွားခဲ့ပါတယ်။ အီရန်ဟာ ဘက်ပေါင်းစုံကလာတဲ့ ဖိအားတွေကို ရေရှည်မှာ တောင့်ခံနိုင်မှာဟုတ်ဘူး။ လိုက်လျောညှိနှိုင်းမှုတွေ ပြုလုပ်လာဖွယ်ရှိတယ်လို့ အချို့သော သုတေသီတွေက ပြောကြပါတယ်။ ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ်၊ အမေရိကန်နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းမှု အသစ်တွေ ပြုလုပ်လာဖွယ်ရာရှိတယ်ဆိုပြီး သုံးသပ်ထားကြပါတယ်။

အမေရိကန်ရဲ့ အပြစ်တင်မှု

အစိုးရဟာ ဆိုးရွားတဲ့ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရပြီး ဒီလိုမျိုးဖိအားတွေကို သက်သာရာရစေဖို့ နည်းလမ်းတစ်ခုခု မကြံဘူးဆိုရင် ပြည်သူတွေရဲ့ ဒေါသတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဆက်လက်ရှိနေဦးမှာပါလို့ နယူးယောက်မြို့ အခြေစိုက်လွတ်လပ်တဲ့ သုတေသီတစ်ဦးဖြစ်သူ ရှေ့ ဇ်ဘက်မီရီဘာဟီမီ က ပြောပါတယ်။ အမေရိကန်အစိုးရအဖွဲ့ကတော့ ဆန္ဒပြသူတွေကို အင်အားသုံးဖြေရှင်းမှုနဲ့ ဆက်သွယ်ရေး ဖြတ်တောက်လိုက်မှုအတွက် နိုဝင်ဘာ ၁၇ ရက်နေ့ က အီရန်ကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်

အစိုးရကိုဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ အီရန်ပြည်သူတွေဘက်က ထောက်ခံတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးဌာန အကြီးအကဲ က ပြောပါတယ်။ အီရန်နိုင်ငံမှာ အင်တာနက်အဆက်အသွယ် ပြန်ရဖို့အတွက် အမေရိကန်က ဖြေရှင်းပေးဖို့ အီရန်တက်ကြွလှုပ်ရှားသူတွေက လူမှုကွန်ရက် ကနေတစ်ဆင့် တောင်းဆိုခဲ့ကြပါတယ်။ အကြမ်းဖက်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မပြနိုင်ဘူးဆိုရင် အင်အားသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့အတွက် အီရန်အစိုးရကို တာဝန်ယူဖြေရှင်းခိုင်းလို့ မရတော့မှာကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်ကြပါတယ်။

အင်တာနက်လိုင်းပြတ်တောက်

အင်တာနက်လိုင်းပြတ်တောက်မှုတွေ၊ လိုင်းမမိတာတွေဟာ နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ဖြစ်ပေါ်ခဲ့တယ်လို့ နက်ဘလော့အုပ်စုက ပြောပါတယ်။ အဲဒီအုပ်စုကတော့ ကမ္ဘာအနှံ့ အင်တာနက်သုံးစွဲမှုကို စောင့်ကြည့်တဲ့ အုပ်စုလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ညမှာတော့ အင်တာနက် ဆက်သွယ်မှုဟာ ပုံမှန်အနေအထားထက် ၇ ရာခိုင်နှုန်းကျဆင်းနေတာကို တွေ့ရပါတယ်လို့ ၎င်းအုပ်စုက ပြောပါတယ်။ သမ္မတ ရိုဟာနီအာဏာရလာပြီးတဲ့နောက်ပိုင်း တစ်ကြိမ်မှာ ဆိုးရွားဆုံးလိုင်းပြတ်တောက်လို့လည်း အဆိုပါအုပ်စုက ဆက်ပြောပါတယ်။ အင်တာနက်ကုမ္ပဏီဖြစ်တဲ့ Oracle ကတော့ အခုတစ်ကြိမ်ဟာ အီရန်မှာ အဆိုးဆုံး အင်တာနက် ဖြတ်တောက်မှုပါပဲလို့ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေအတွက် အခက်အခဲ

တီဟီရန်မြို့က တက္ကစီမောင်းသူတစ်ဦးဖြစ်တဲ့ အာမက်ကတော့ ဖုန်းနဲ့ အင်တာနက်ချိတ်ဖို့ကြိုးစားတဲ့အခါ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ လိုင်းတွေဖြတ်တောက်ထားတယ်ဆိုတဲ့ အသံမက်ဆေ့သာ ရခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ရန်နိုင်ငံမှာ အသုံးအများဆုံးဖြစ်တဲ့ WhatsApp နဲ့ အင်စတာဂရမ်တို့လည်း ပိတ်ခံထားရတယ်လို့ သိရပါတယ်။ ဆန္ဒပြ သူတွေဟာ WhatsApp ကို အသုံးပြုပြီး ဘယ်နေရာနဲ့ ဘယ်အချိန်မှာ ဆန္ဒပြကြမယ်ဆိုတာကို ချိန်းဆိုကြပါတယ်။ အခုလို အင်တာနက်မရတဲ့ အခါမျိုးမှာတော့ ဆန္ဒပြသူတွေမတွက် စီစဉ်ဖို့ခဲယဉ်းသွားမှာကလည်း အမှန်ပါပဲ။

နည်းလမ်းတွေ ရှာဖွေရမယ့်အချိန်

အီရန် ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဆန္ဒပြသူတွေကြားထဲမှာဆိုးရွားတဲ့ အပြုအမူတွေ တွေ့ရှိနေရတယ်။ ပြည်သူတွေကြား မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်သူတွေဟာ ဖမ်းဆီးခံရမယ်လို့နိုဝင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ယခင်သမ္မတဟောင်းဖြစ်သူ မာမွတ်အာမက်ဒီနီဂျက်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ အဗ္ဗဒိုလီဇာကို ဖမ်းဆီးခဲ့ပါတယ်။ ဒိုလီဇာက ပြည်သူတွေမှာ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ပါလီမန်ဟာ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုကြားသိပြီး ဖြေရှင်းမှုတွေလုပ်ဆောင်ရမယ်လို့ တွစ်တာပေါ်မှာ ရေးသားပြီးတဲ့နောက် ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အီရန်အရာရှိကြီးတွေ စိုးရိမ်နေတဲ့ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်သလို အခြေအနေဆိုးရွားမသွားစေဘဲ ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရမယ့် အချိန်တစ်ခုဖြစ်နေပါပြီ။ ။

ခြူးစန္ဒီနွေး

ကိုးကား - နယူးယောက်တိုင်းမ်