အီရတ်မြေပေါ်မှ အမေရိကန်တပ်တွေ လျှော့ချမည့်အချိန် နီးလာပြီလား

၁၃  ဇွန်

အရှေ့ အလယ်ပိုင်းဒေသမှာ အီရတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ မဆိုးလှပေမယ့် အိမ်နီးချင်းအီရန်နိုင်ငံက ဗိုလ်ချုပ်တစ်ယောက်ကို အမေရိကန်တို့က အီရတ်မြေပေါ်မှာပဲ ဒရုန်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဆက်ဆံရေးဟာ အရင်ကလောက် အဆင်မပြေတော့ပါဘူး။

ဆက်ဆံရေးဆိုးရွားခဲ့

အီရတ်မြေပေါ်မှာ အမေရိကန်တပ်တွေကို ဆက်လက်မထားချင်တော့တဲ့အထိ ဆက်ဆံရေးဆိုးရွားခဲ့ကြပါတယ်။ အီရတ်ကလွှတ်တော်အမတ်တွေကလည်း အီရတ်မြေပေါ်က အမေရိကန်တပ်တွေ ဖယ်ရှားပေးရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာတော့ အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ရှိနေပြီး သူတို့ရဲ့ အဓိကတာဝန်ကတော့ အီရတ်တပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးဖို့နဲ့ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့ပါပဲ။

အိုင်အက်စ်တို့ အင်အားလျော့ကျ

အရှေ့အလယ်ပိုင်းဒေသမှာ ကာလအတန်ကြာ မွှေနှောက်ဒုက္ခပေးသွားတဲ့ အိုင်အက်စ်အကြမ်းဖက် သမားတွေ ကလည်း ၂၀၂၀ ရောက်တဲ့အခါမှာတော့ နည်းပညာပိုင်းဆိုင်ရာ နိမ့်ကျလာပြီး ငွေကြေးထောက်ပံ့နိုင်မှု အင်အားလည်း သိပ်မရှိတော့ပါဘူး။ အိုင်အက်စ်အဖွဲ့ အင်အားလျော့ကျသွားတာ အမှန်ဖြစ်ပေမယ့် လူတွေကို သေစေနိုင်တဲ့စွမ်းအင်တော့ ရှိနေတုန်းပါပဲ။ လွန်ခဲ့တဲ့လအတွင်းက ကျေးရွာတစ်ရွာမှ အိုင်အက်စ် အဖွဲ့ကို ဆန့်ကျင်တဲ့ ဆွန်နီမျိုးနွယ်စုက အဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဆွေးနွေးပွဲပြုလုပ်

ဇွန် ၁၁ ရက်မှာတော့ အမေရိကန်နဲ့အီရတ် စေ့စပ် ညှိနှိုင်းရေးသမားတွေဟာ မဟာဗျူဟာမြောက်ဆွေးနွေး ပွဲအသစ် ပြုလုပ်ခဲ့ကြပါတယ်။ အိုင်အက်စ်အဖွဲ့ တွေ သူပုန်ထတာကို ဘယ်လိုမျိုးနှိမ်နင်းရမလဲဆိုတာရယ် အမေရိကန်ရဲ့ အကူအညီ ဘယ်လောက်အတိုင်းအတာထိ လိုအပ်နေသေးသလဲဆိုတာကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်သမ္မတထရမ့်ကတော့ အမေရိကန်တပ်တွေကို အီရတ်မှာထားရှိခြင်းဖြင့် အိုင်အက်စ်တွေကို အင်အားချိုးနှိမ်ရာမှာ အဓိကအရေးပါပြီး အီရတ်နိုင်ငံမှာ အိမ်နီးချင်းအီရန်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေကို လျှော့ချရာမှာ အရေးပါတယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။

နှစ်ဖက်စလုံးအတွက် ဖိအားများနေ

အမေရိကန်ဘက်က အထူးသံတမန်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂျိမ်းအက်ဖ်ဂျက်ဖရီကတော့ အီရတ်အစိုးရက အမေရိကန်တပ်တွေကိုထားစေချင်တဲ့ စိတ်ဆန္ဒရှိတဲ့အထိထားဖို့ ရည်ရွယ်ထားသကဲ့သို့ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့ မဟာမိတ်အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ ဆုံးခန်းမတိုင်သေးဘူးလို့ ပြောပါတယ်။ နှစ်ဖက်စလုံးမှာတော့ အီရတ်မြေပေါ်က အမေရိကန်တပ်တွေကို လျှော့ချသွားဖို့အတွက် ဖိအားတွေများပါတယ်။ အမေရိကန်တပ်တွေ အီရတ်နိုင်ငံမှာ ဆက်လက်ရှိနေသေးတာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာလည်း မေးခွန်းတွေ အမြဲမပြတ်ဆိုသလို မေးမြန်းနေကြတယ်။ ပင်တဂွန်အနေနဲ့လည်း အမေရိကန်တပ်ဖွဲ့ဝင်ကို လျှော့ချင်ပေမယ့်လည်း လက်ကျန်လူနည်းသွားရင် အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံရမှာကိုလည်း တွေးပြီးစိုးရိမ်ရပြန်တယ်။

စစ်ရေးလေ့ကျင့်ပေးမှု ဆိုင်းငံ့ထား

မတ်လအတွင်းကလည်း အီရတ်မှာရှိတဲ့စစ်အခြေ စိုက်စခန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်ဦးဆောင်တဲ့ စစ်သွေးကြွနှိမ်နင်းရေးမဟာမိတ်အဖွဲ့က တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ရပါတယ်။ အဲဒီထဲကနှစ်ယောက်ကတော့ အမေရိကန်တွေပါ။ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၄ ဦး ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အခြေစိုက်စခန်းတွေမှာ လူဦးရေကို ကျစ်လျစ်ခိုင်မာတောင့်တင်းအောင်ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး တစ်ကမ္ဘာလုံးကြုံတွေ့နေရတဲ့ ကိုဗစ် -၁၉ ကြောင့် စစ်ရေးလေ့ကျင့်ပေးမှုတွေကိုလည်း ဆိုင်ငံ့ထားခဲ့ရပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်အင်အား လျှော့ချမယ်

လက်ရှိ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ထက်ဝက်လျှော့ပြီးတော့လည်း လုပ်ငန်းတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပင်တဂွန်အရာရှိတွေက ယုံကြည်ထားကြပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကိုလည်း ၂၅၀၀ ဒါမှဟုတ် ၃၀၀၀ လောက်အထိ လျှော့ချသွားဖို့ အစီအစဉ်လည်းရှိပါတယ်။ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်မှာ ပါဝင်တဲ့ အခြားနိုင်ငံပေါင်း ၂၉ နိုင်ငံဟာလည်း ကိုဗစ်-၁၉ ကြောင့် သူတို့ရဲ့ တပ်ဖွဲ့ဝင်အင်အားကို ထက်ဝက်နီးပါးလျှော့ချထားပြီးပါပြီ။

အီရတ် ပါလီမန်ရဲ့ သဘောထား

အီရတ်နိုင်ငံဘက်ကကြည့်မယ်ဆိုရင်လည်း ပါလီမန်ဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် စစ်ဗိုလ်ချုပ်နဲ့ အီရတ်အရာရှိအချို့ သေဆုံးခဲ့ရတာကို ဒေါသထွက်နေတုန်းပါပဲ။ ဒီဖြစ်ရပ်ကိုမေ့မပစ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီလကစလို့ အမေရိကန်တပ်တွေ ဆုတ်ခွာပေးရေးကိုသာ တောင်းဆိုနေကြပါတယ်။ အီရတ်အစိုးရကတော့ ပါလီမန်ရဲ့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်နိုင်ပါဘူး။ အမေရိကန်တပ်တွေချက်ချင်း ကြီး နောက်ဆုတ်သွားမှာကို အီရတ်တပ်ဖွဲ့ဝင်တွေကလည်း တုံ့ဆိုင်းနေပါတယ်။ မြေပြင်မှာ အီရတ်တပ်ဖွဲ့ဝင် တွေချည်း တိုက်ပွဲဝင်ဖို့ဆိုတာ လိုအပ်ချက်တွေရှိနေသေးတယ်။ ကင်းထောက်လှမ်းမှုတွေ၊ လေကြောင်း အထောက်အကူပြုမှုတွေနဲ့ လေ့ကျင့်ပေးမှုတွေလိုအပ် နေသေးတယ်လို့ ပြောခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ကတိစကား

အမေရိကန်ရဲ့ ဆန္ဒကတော့ အီရန်နဲ့ အီရတ်တို့အကြား စီးပွားရေးအဆက်အသွယ်ကိုလည်း လျော့ပါးသွားစေ လိုတယ်။ နောက်ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့အပေါ် အီရန်ရဲ့လွှမ်းမိုးမှုကိုလည်း လျော့ကျစေချင်တယ်။ ဒီလိုမျိုးအခြေအနေတွေနဲ့ ဇွန် ၁၁ ရက်မှာ အီရတ်နဲ့ အမေရိကန် အထူးသံတမန်တွေအကြားစေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အစည်းအဝေးပြီးတဲ့နောက်မှာတော့ အမေရိကန်ဘက်က ကတိစကားတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ လာမယ့်လတွေအတွင်း အီရတ်မြေပေါ်က အမေရိကန်တပ်တွေကို လျှော့ချပေးမယ်ဆိုတဲ့ ကတိပါပဲ။

အပြန်အလှန်ကတိတောင်းခံ

အမေရိကန်ဘက်ကနေ အမြဲတမ်းအခြေစိုက်စခန်း ထားရှိဖို့ အီရတ်နိုင်ငံမှာစစ်ရေးအရပါဝင်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ထပ်လောင်းပြေကြားခဲ့ပါတယ်။ အမေရိကန်တပ်တွေ လျှော့ချလိုက်တဲ့ အခါမှာ အီရန်ကိုလိုလားတဲ့ စစ်သွေးကြွအဖွဲ့ တွေရဲ့ တိုက်ခိုက်မှုအန္တရာယ်ရှိတာကြောင့် အီရတ်မှာ ကျန်ရှိနေမယ့် အမေရိကန်တွေရဲ့ အိမ်ရာတွေကို အီရတ်တပ်ဖွဲ့က စောင့်ရှောက်ပေးရမယ်လို့ အပြန်အလှန်ကတိ တောင်းခံခဲ့ပါတယ်။

ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်းမှာ ပထမဆုံးပြုလုပ်နိုင်ခဲ့တဲ့ မဟာဗျူဟာမြောက် အစည်းအဝေးလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ အခြေအနေကြောင့် လူချင်းတွေ့ဆုံစည်းဝေးနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ကြားထဲမှာ အီရတ်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး ဆိုးရွားခဲ့ပေမယ့် အမေရိကန်နဲ့ရင်းနှီးမှုရှိတဲ့ မူစတာဖာခတ်ဟီမီ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါမှာတော့ အခြေအနေဟာ ပြန်လည်တည်ငြိမ်စ ပြုလာပါတယ်။ အမေရိကန်ဘက်က တပ်ဖွဲ့ဝင်တွေ လျှော့ချမယ့်အချိန်ကို တိတိကျကျ မပေးသေးပေမယ့် လျှော့ချပေးမယ်လို့ ကတိပေးခဲ့တာကြောင့် အီရတ်လွှတ်တော်အတွက်လည်း စိတ်ကျေနပ်စရာဖြစ်လာနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အမေရိကန်တပ်တွေအားလုံး အီရတ်မြေပေါ်က မဆုတ်ခွာသရွေ့ အီရတ်ပါလီမန်ဟာ မကျေနပ်နိုင်ဘူးဆိုရင်တော့ နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေလိုအပ်နေ ဦးမှာပါပဲ။

ခြူးစန္ဒနွေး

ကိုးကား -အေအက်ဖ်ပီ၊ နယူးယောက်တိုင်းမ်စ်