အိမ်ကနေအလုပ်လုပ်ရတာ ပင်ပန်းနေကြပြီလား


 

ခင်မောင်ညို (ဘောဂဗေဒ)

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာတို့ဟာ အဝေးကနေ၊ အိမ်မှာနေရင်း ရုံးတက်ရတဲ့ဘ၀ကို ရောက်ကုန်ကြတယ်။ တချို့အလုပ်ရှင်တွေကလည်း အိမ်မှာနေရင်း အလုပ်လုပ်နေရင် လုပ်အားတွေ လျော့ကုန်မှာလား စိုးရိမ်ကြတယ်။ ဒါပေမယ့် သူတို့ တကယ်တမ်း ပိုပြီးစိုးရိမ်ဖို့ကောင်းတာက ရေရှည်မှာ တွေ့ကြုံရမယ့် အန္တရာယ်ဖြစ်တဲ့ အလုပ်သမားတွေ ခြေကုန်လက်ပန်းကျသွားမယ့်ကိစ္စပါ။
ဒီအန္တရာယ်က တော်တော်ကြီးပါတယ်။ ခါတိုင်းက အလုပ်က သတ်သတ်၊ တခြားအလုပ်နဲ့ မဆိုင်တာတွေက သတ်သတ်ခွဲထားတယ်။ အခုကျ အဲဒီနယ်နိမိတ်စည်းက မပြတ်သားတော့ဘူး။ ပထမဆုံးအကြိမ် အဝေးကနေ အလုပ်လုပ်နေရတဲ့သူတွေဟာ အလုပ်နဲ့တစ်ကိုယ်ရေကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စကို မျှမျှတတဖြစ်အောင် လုပ်ဖို့ ခက်တယ်။ အလုပ်ရှင်ကို သစ္စာရှိတာ၊ အလုပ်ထဲမှာ မြှုပ်နှံထားတာ လုပ်အားလျော့မသွားဘူးဆိုတာကို ပြသ ဖို့အတွက် သူတို့စိတ်ထဲမှာ တစ်ချိန်လုံး အလုပ်လုပ် ရမလို ဖြစ်နေကြတယ်။ နေ့လယ်နဲ့ ညနေဘယ်လိုကူးသွား မယ်မသိလိုက်။ ကြားရက်နဲ့ စနေ၊ တနင်္ဂနွေ မပြတ်။ ဘယ်အချိန်နားလို့ နားရမယ်ဆိုတာ သတိမရ။ တချို့ အလုပ်သမားတွေဆို အိမ်ကနေပြီး လချီအလုပ်လုပ်ရ ကောင်း လုပ်ရမယ်။
စိတ်ကျန်းမာရေးအတွက်အရေးကြီး
သုတေသနတွေအရ အလုပ်နဲ့ပုဂ္ဂလိကဘ၀ ခွဲခြား ထားတာဟာ အထူးသဖြင့် စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သာမန် အခြေအနေမှာတောင်မှ ဒီလိုခွဲခြားဖို့ ခက်ခဲတယ်။ အခု ခေတ်မှာ “စံပြအလုပ်သမား” ဆိုတာရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်က ပြောင်းလဲလာနေတယ်။
တစ်ခါတလေမှာ အလုပ်သမားတွေ ကိုယ်တိုင်က မရည်ရွယ်ဘဲ သူတို့ရဲ့ကြီးကြပ်သူတွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ အလုပ်ရှင်တွေကို နယ်နိမိတ်ခွဲဖို့ ခက်အောင် လုပ်တတ်ကြတယ်။ ဥပမာ အလုပ်ချိန်ပြင်ပမှာ အလုပ်နဲ့ ဆိုင်တဲ့စာတွေ(အီးမေးလ်တွေ) ပို့တာမျိုးပါ။ သုတေသန တစ်ခုအရ ဝန်ထမ်း ၂၀၀၀ လောက် ရုံးချိန်ပြင်ပ စာပို့တာ တွေဟာ လက်ခံရရှိသူတွေ ချက်ချင်းတုံ့ပြန်ဖြေကြား ရမယ်ဆိုတဲ့ အတွေးမျိုး ဝင်သွားတတ်တာကို လျှော့ တွက်ထားသတဲ့။ တကယ်တော့ အဲဒီအီးမေးလ် တွေဟာ လတ်တလော အဆောတလျင်ဖြေရမယ့်ကိစ္စတွေ မဟုတ် ပါဘူးတဲ့။
စိန်ခေါ်မှုအသစ်အဆန်းတွေတွေ့
ကိုဗစ်-၁၉ ကြောင့် ဒီဖိအားကို ပိုကြီးစေတယ်။ လုပ်ငန်းခွင်နဲ့ ကိုယ်ပိုင်အချိန်ကိုခွဲချင်တဲ့ အလုပ်သမား တောင်မှ ခွဲလို့မရဘူး။ ကျောင်းတွေ၊ နေ့ကလေးထိန်း ကျောင်းတွေက ပိတ်ထားတယ်။ အလုပ်လုပ်နေရတဲ့ မိဘတွေ၊ ဝင်ငွေနိမ့်အလုပ်သမားတွေအတွက် ဝန်ထုပ် တွေ ပိုစေတယ်။ အိမ်ကနေ အလုပ်လုပ်ကြပါလို့ ခိုင်းတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း မိသားစုတွေနဲ့အတူ အိမ်မှာ နေပြီး အလုပ်လုပ်နေရတဲ့ စိန်ခေါ်မှုအသစ်အဆန်းတွေ တွေ့နေရတဲ့ဝန်ထမ်းတွေကို ကူညီထောက်ပံ့ဖို့ဆိုတာ တယ်မလွယ်လှဘူး။
ဒီတော့ အခုလို ထူးခြားတဲ့အချိန်မျိုးမှာ ဝန်ထမ်း တွေအနေနဲ့ အလုပ်ရယ်၊ တခြားဘ၀တွေရယ်ကို ဘယ်လို ခွဲခြားကြမလဲ။ အလုပ်ကနေ တံခါးကပြန်ထွက်လာတာမျိုး၊ အိမ်တံခါး၀ကနေ ထွက်လို့မရတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလုပ်ကြမလဲ။ အလုပ်ရှင်တွေ၊ မန်နေဂျာတွေ၊ လုပ်ဖော် ကိုင်ဖက်တွေကရော တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကူညီနိုင်ကြမလဲ။
၁။ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းနယ်နိမိတ်တွေ ဆက်ထိန်း ထားပါ
အလုပ်ကနေ အလုပ်မဟုတ်တဲ့ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကူးပြောင်းတဲ့အခါ နယ်နိမိတ်သတ်မှတ်တဲ့နည်းရှိတယ်။ အိမ်ကနေ အလုပ် ကို သွားရင် ရုံးဝတ်စုံ ဝတ်တယ်လေ။ ဒါဟာ တစ်ခုခုတော့ ပြောင်းလဲတယ်ဆိုတာကို ပြသတဲ့ ရုပ်ပိုင်း၊ လူမှုရေးပိုင်း ညွှန်းကိန်းပဲ။ “အိမ်ကလူ” ကနေ “ရုံးကလူ” ဖြစ်သွား တယ်။
အဝေးကနေ အလုပ်လုပ်တဲ့အခါ ဒီနယ်နိမိတ်ကို ဆက်ထိန်းထားဖို့ ကြိုးစားပါ။ ရေတိုမှာ ရထားအမီ ပြေးလိုက်ရတာမျိုး၊ အိမ်မှာ ဝတ်စုံပြည့်မဝတ်ဘဲ ပေါ့ပေါ့ ပါးပါးနေလို့ရတာမျိုးတွေရှိတယ်။ သဘောကျမယ်ဆို ကျစရာတွေ။ ဒါပေမယ့် အခုလိုနယ်စပ်ဖြတ်ကျော်တာမျိုးတွေဟာ ကိုယ့်ကို ကောင်းကျိုးဖြစ်စေနိုင်တဲ့အတွက် လွှင့်မပစ်လိုက်ပါနဲ့။ ရုံးသွားသလို သဘောထားဝတ်ပါ။ မနက်တိုင်း ရုံးဝတ်စုံဝတ်ပါ။ သောကြာလိုနေ့မျိုးဆို ခါတိုင်းလိုပဲ ပေါ့ပေါ့ပါးပါးဝတ်ပါ။ ဒါပေမယ့် ရုံးသွားသလို သဘောထားပါ။ ရထားပြေးစီးရတာမျိုးအစား အနီး အနားပန်းခြံမှာဖြစ်ဖြစ်၊ အိမ်ဘေးပတ်ဝန်းကျင်မှာဖြစ်ဖြစ် လမ်းလျှောက်ပါ။ အလုပ်လုပ်ဖို့ မထိုင်ခင် လမ်းလျှောက်ပါ။ တချို့ဝန်ထမ်းတွေက ပုံမှန်ရုံးလုပ်ရိုးလုပ်စဉ်တွေကို လုပ်ဖို့ တီထွင်ဆန်းသစ်တဲ့နည်းတွေ၊ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့နည်းတွေ ရှိမှာပါ။
၂။ တတ်နိုင်သမျှ အချိန်ကာလခွဲခြားမှုတွေကို ဆက် ထိန်းပါ
ကိုယ့်ကျန်းမာရေးအတွက်ရော အလုပ်အတွက်ပါ အချိန်ကာလသတ်မှတ်ခွဲခြားထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းအတော်များများ နဲ့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကလေးထိန်းရ၊ သက်ကြီးရွယ်အိုတွေကိုလည်း စောင့်ရှောက်ရဆိုတာ မျိုးတွေကို ပုံမှန်ရုံးချိန်မှာ လုပ်နေကြရလို့ ဖြစ်ပါတယ်။ ကလေးမရှိ၊ မိသားစုမရှိတဲ့ ဝန်ထမ်းတွေတောင်မှ မိုဘိုင်းတယ်လီဖုန်းတွေ ရှိနေတော့ ၂၄ နာရီ အလုပ်လုပ် နေကြရတယ်။
ပုံမှန်မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ဖို့ ဆိုတာကတော့ သိပ်ပြီးလက်တွေ့မကျလှပေဘူး။ အလုပ်ချိန်ကို ဘတ်ဂျက်ဆွဲသလို ဘယ်လိုဆွဲရင် အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားသင့်တယ်။ သူတို့လိုပဲ တခြားသူတွေက သူတို့အတွက် အဆင်ပြေတဲ့ အချိန် ရွေးလုပ်နေကြတယ်။ ကိုယ်နဲ့အချိန်မတူဘူးဆို တာ သတိလည်းထားသင့်တယ်။ သူတို့ရဲ့ရွေးချယ်မှုကို လည်း လေးစား သင့်တယ်။ ကိုယ်က အလုပ်လုပ်နေတာပေ မယ့် တခြားတစ်ယောက်က ကလေးသိပ်နေတဲ့အချိန်၊ ဒါမှမဟုတ် သူ့မိန်းမ ညစာချက်ပြုတ်နေတယ်ဆိုတာ မျိုးတွေ ဖြစ်နိုင်တယ်။ တချို့အချိန်မှာ တစ်ချိန်လုံး ဝင်လာတဲ့ဖုန်းတွေ၊ စာတွေကြောင့် အာရုံပျက်နိုင်လို့ “ရုံးမှာမရှိပါ” ဆိုတာမျိုးလုပ်ပြီး အချိန်တချို့ ဖယ်ထား သင့်တယ်။
ဒါမှမဟုတ် ခါတိုင်းလို မြန်မြန်ဆန်ဆန် ဒါမှမဟုတ် ချက်ချင်းစာမပြန်နိုင်ဘူးဆိုပြီး ကိုယ့်အတွက်ရော သူများတွေအတွက်ပါ တုံ့ပြန်တာနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်လျော့အောင် လုပ်ထားနိုင်တယ်။
အချိန်ခွဲခြားသတ်မှတ်တာက ကိုယ့်အချိန်နဲ့ သူများ ရဲ့အချိန်ကို ဘယ်လောက်ညှိနှိုင်းသလဲဆိုတဲ့ အပေါ်မှာ လည်း မူတည်တယ်။ ဒီနေရာမှာ ခေါင်းဆောင်လုပ်တဲ့ သူတွေက အလုပ်ရဲ့အရှိန်ကိုစီစဉ်ရာ၊ ဇယားဆွဲရာ၊ ညှိနှိုင်းရာမှာ ကူညီဆောင်ရွက်သင့်တယ်။ အခါအားလျော် စွာ ပုံမှန်အင်တာနက်ကနေ စစ်ဆေးတာမျိုး၊ စည်းဝေး တာမျိုးတွေ၊ ကော်ဖီဝိုင်းဖွဲ့သလို အလွတ်သဘောပြောဆို ဆွေးနွေးတာမျိုးတွေ လုပ်နိုင်တယ်။ လုပ်နိုင်အောင် လည်း လုပ်ပေးထားရမယ်။ ကမောက်ကမတွေဖြစ်နေတဲ့ ကြားထဲက ပုံမှန်လိုထင်ရအောင် လုပ်ပေးထားဖို့ အရေး ကြီးတယ်။
၃။ အရေးအကြီးဆုံးအလုပ်ကို အာရုံစိုက်ပါ
ဒီအချိန်ဟာ အလုပ်ရှုပ်ရမယ့်အချိန် မဟုတ်ပါဘူး။ အရေးအကြီးဆုံးကိစ္စတွေကို အာရုံစိုက်ပြီး ကြိုးစား လုပ်ဆောင်ကြရမယ့်ကာလပါ။ အိမ်ကနေအလုပ်လုပ် ရတော့ အလုပ်မလုပ်ဘူးလို့ အထင်မခံရအောင် အရေးမပါ တာတွေ လျှောက်လုပ်ပြချင်တာမျိုးနဲ့ တွေ့ရတတ်ပါ တယ်။ အဲဒီအခါမျိုးမှာ အရေးကြီးတဲ့အလုပ်တွေ ဘေးဖယ်ထားပြီး လတ်တလောလုပ်ရမယ့် အလုပ်တွေကို အရင်လုပ်တာမျိုး ဖြစ်တတ်ပါတယ်။ အခုလိုလုပ်ရင် ရေရှည်အတွက် မကောင်းပါဘူး။ ရေတိုမှာတော့ အလုပ်လုပ်နေသယောင်၊ အလုပ်ဖြစ်နေသယောင် ထင်ရ ပါတယ်။ အိမ်အလုပ်တွေရော၊ ရုံးအလုပ်တွေရော ရောထွေးနပန်းလုံးနေရတဲ့အခါမျိုးမှာ အရေးကြီးတဲ့ အလုပ်တွေကို အာရုံမများဘဲ အလုပ်လုပ်ခွင့်ပေးဖို့လိုပါ တယ်။
အရေးအကြီးဆုံးအလုပ်တွေကိုတောင်မှ တစ်ချိန်လုံး အလုပ်လုပ်နေတာဟာလည်း ကောင်းတယ်လို့ မထင် ပါနဲ့။ သုတေသနတွေအရ တကယ်တမ်း ဖိဖိစီးစီးထိထိ ရောက်ရောက် ဉာဏလုပ်သား (Knowledge Worker) တစ်ယောက်လုပ်နိုင်တာဟာ တစ်နေ့ပျမ်းမျှသုံးနာရီပဲ ရှိပါသတဲ့။ အဲဒီသုံးနာရီကို အနှောင့်အယှက် မများ၊ အလုပ်ပေါင်းစုံလျှောက်ခိုင်းတာမျိုးတွေ မလုပ်သင့် ပါဘူးတဲ့။ ကိုဗစ်-၁၉ မဖြစ်ခင်တုန်းကတောင်မှ သုံးနာရီ ဆက်တိုက် ကိုယ့်ရဲ့အဓိကအလုပ်တွေကို ဆက်တိုက် လုပ်ဖို့က အတော်ခက်တယ်။ အခုလိုရုံးအလုပ်၊ အိမ် အလုပ်တွေ ရောနေချိန်မှာ အာရုံစိုက်ပြီး အလုပ်လုပ်ချိန် ပိုနည်းသွားမယ်။
အားလပ်ခွင့်ရဖို့ အကူအညီပေးပါ
တစ်ချိန်လုံးအလုပ်မှ အလုပ်မှလို့ အလုပ်စွဲနေတဲ့ သူတွေအတွက်ကတော့ ရုံးသွားတာထက် အိမ်ကနေ အလုပ်လုပ်ရင် ပိုပြီးပင်ပန်းမယ်။ ခဏလေးနားရမယ့် အချိန်။ စနေ၊ တနင်္ဂနွေမျိုးတွေမှာ ထအလုပ်လုပ်၊ အီးမေးလ်တွေပြန်၊ ကြည့်လက်စရုပ်ရှင်ကို ခဏရပ်ထား ရတာတွေဟာ အလုပ်အတွက်လည်း မကောင်းပါဘူး။ ကိုယ့်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကိုယ်သာမဟုတ် တခြားသူတွေ အလုပ်နဲ့မဆိုင်တဲ့ အချိန်တွေရဖို့ အချိန်တွေ၊ စိတ်တွေ အားလပ်ခွင့်ရဖို့ အကူအညီလည်း ပေးကြပါ။
ဒီလိုနဲ့ရေရှည်မှာ ခြေကုန်လက်ပန်းမကျအောင် လုပ်ကြရမှာပါ။ မသေချာမရေရာတဲ့အချိန်မှာ ကိုယ့်ရဲ့ အခြေအနေကနေ ဘယ်လိုလုပ်ရင်ကောင်းမယ်။ အဆင် မပြေရင် ဘယ်လိုပြောင်းလုပ်မယ်ဆိုတာ စမ်းလုပ်ကြည့် သင့်ပါတယ်။
ကိုးကား - 3 Tips to Avoid Working From Home Burnout, HBR April 03, 2020