အိမ်ထောင်စုတစ်ခု၏ ပဲ့ကိုင်ရှင်အဖြစ်မှသည် အမျိုးသားရေး အင်အားစုအဖြစ်သို့

မိုးကေနိုင်

ကျားမ မဟူ လူတစ်ဦး၏အရည်အသွေးကို သူ/ သူမ၏ ပင်ကိုဗီဇနှင့် မျိုးရိုးဂုဏ်၊ ကောင်းမြတ်သော စိတ်နေသဘောထားနှင့် အတ္တ ပရမျှတမှု၊ ကြိုးစားအားထုတ်မှုနှင့် ပညာရည်အရည်အသွေး၊ အများအတွက် စွန့်လွှတ်အနစ်နာခံမှု၊ လူ့အဖွဲ့အစည်းအတွက် ပညာဉာဏ်အမြော်အမြင်ဖြင့် ဦးဆောင်နိုင်စွမ်း စသည့် လူတစ်ဦးချင်း၏ ပင်ကိုအရည်အချင်းများဖြင့်သာ တိုင်းတာပါသည်။အမျိုးသမီး၊ အမျိုးသားစွမ်းဆောင်မှုနှင့် ပတ်သက်၍ သီးခြားစံနှုန်းများ ခွဲခြား သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် ကျားနှင့်မ၊ ယောကျ်ားနှင့်မိန်းမ ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုကွာခြားသွားသနည်း၊ သဘာဝကအလိုအလျောက် ပေးထားသည့် ကွာခြားချက်၊ ကျားမတန်းတူ ကြိုးစားအားထုတ်လေ့ကျင့်ပြီးမှသာ ပိုင်ဆိုင်လာမည့် ကွာခြားချက်များပေါ်တွင် မူတည်၍သာ အချို့ကဏ္ဍများမှာ ကျားမ ကွာခြားသွားဟန်တူသည်။

အကျပ်အတည်းကြား အခက်အခဲများကြားက အချို့ရှိနေဆဲ မညီမျှမှုများ

သို့သော် ယနေ့လူ့အဖွဲ့အစည်းမှာ ကမ္ဘာမှာကောမြန်မာမှာပါ ကျားမခွဲခြား တန်းတူညီမျှမရှိမှုကို လုံးဝလက်မခံ တိုက်ဖျက်လျက်ရှိပြီး အမျိုးသမီးများ အခွင့်အရေးနှင့် အခွင့်အလမ်းများဖော်ထုတ်သည့် ထားရှိပြီး ကတိကဝတ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်၊၊ စိန်ခေါ်မှုအမြောက်အမြားကြားက ကြိုးစားဆောင်ရွက်နေကြသည်သာဖြစ်သည်။ ကမ္ဘာ တစ်ဝန်းရင်ဆိုင်ခဲ့ရသည့် ကိုဗစ်ကပ်ကြီးက ထိခိုက်လွယ်အမျိုးသမီးနှင့် မိန်းကလေးငယ်များကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သည်မှာ မှန်ပါသည်။ ထို့ပြင် သဘာဝကပ်ဘေးကြီးများ၊ နိုင်ငံရေးအပြောင်းအလဲများနှင့် စစ်မက်ဖြစ်ပွားမှုများက ထပ်ဆင့်ဒုက္ခပေးပြန်သည်။ အမျိုးသားများထက် အမျိုးသမီးများက ပို၍ခံစားရတတ်သည်။ ဖြစ်ပေါ်လာသည့် အကျပ်အတည်းများကြောင့်ဆိုသည်ထက် နဂိုကတည်းကပင် ယနေ့အထိ ကမ္ဘာ့နိုင်ငံအချို့မှာ ကျားမတန်းတူမှုမရှိ ခွဲခြားဖိနှိပ်နေမှုများ မ‌ပပျောက်ဘဲ ရှိနှင့်ပြီးဖြစ်သည်။ မည်သို့ပင် ကတိက၀တ်များထားထား အလေးမထား ဖိနှိပ်နေကြဆဲဖြစ်သည်ကို နေ့စဉ် ကြားသိတွေ့မြင်ရဆဲဖြစ်သည်။ ဖွံ့ဖြိုးပြီးဆိုသော နိုင်ငံများ၊ အချို့အစွန်းရောက် နိုင်ငံအဖွဲ့အစည်းများတွင်ပင် အမျိုးသမီးများအပေါ် နေရာမပေးမှု၊ တန်ဖိုးမထား မလေးစား ခွဲခြားဆက်ဆံမှုများကားရှိနေဆဲ ဖြစ်သည်။

ရရှိပြီးအမျိုးသမီးအခွင့်အရေး အကောင်းဆုံး အသုံးချတတ်ရန်သာလို

တချို့ ကျားမတန်းတူ နေရာပေးလေးစားတန်ဖိုးထားသော နိုင်ငံများ၊ အဖွဲ့အစည်းများကြတော့လည်း အမျိုးသမီးဟူ၍ ပေးထားရရှိထားသည့် အခွင့်အလမ်းကို အပြည့်အဝ မဆုပ်ကိုင်နိုင်ကြ၊ အခွင့်အရေးကို အကျိုးရှိစွာ အသုံးချရကောင်းမှန်းမသိ၊ အမျိုးသားများထက် မိမိတို့၏ ပိုမိုသာလွန်သည့်စွမ်းရည်ကို အများအတွက် အသုံးချနိုင်စွမ်းမရှိ၍ အကျိုးမရှိ နစ်နာသွားရသည်လည်းရှိသည်။ သို့ဆိုလျှင် အမျိုးသမီးများက အမျိုးသားများထက် သာလွန်သော အရည်အချင်းများဟူသည် အဘယ် နည်း၊ ပြောစရာရှိလာသည်။ တစ်ပါးသူအပေါ် သနားညှာတာထောက်ထားမှု၊ ကိုယ်ချင်းစာတတ်မှု၊ မေတ္တာကရုဏာတရားကြီးမားမှု၊ သည်းခံစိတ်ရှည် တတ်မှု၊ ရိုးသားပွင့်လင်းဖြောင့်မတ်မှု၊ မိခင်စိတ်ရှိမှု၊ ကူညီတတ်မှု၊ ယုံကြည်လွယ်မှု စသည်များတွင် ဖြစ်နိုင်သည်။ ထိုအရည်အသွေးများသည် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကန့်လန့်ကာနောက်ကွယ်က ညှိနှိုင်းပေါင်းစပ်မှုများတွင် လည်းကောင်း၊ မတူကွဲပြားအဖွဲ့အစည်းများကြားတွင် ပြောဆို ဆက်သွယ်ဆက်ဆံရမှုများစွာပြုလုပ်ရမည့် အခြေအနေများတွင်လည်းကောင်း၊ မိမိတို့၏ ရင့်ကျက်မှုနှင့် ခံနိုင်ရည်စွမ်းအားများကိုပြသ၍ အကျပ်အတည်းအခက်အခဲများ ဖြေရှင်းရာတွင်လည်းကောင်း၊ ထိုထိုနှလုံးရည်များဖြင့် အဖွဲ့အစည်း တစ်ခုကို ဦးဆောင်မှု‌ပေးရာတွင် များစွာအကျိုးရှိနိုင် ပါသည်၊၊ မိမိ၏ဦးဆောင်နိုင်မှုသည် မိမိကိုယ်မိမိ မောင်းနှင်နိုင်စွမ်းအပေါ်တွင်သာ မှီတည်သည်ဖြစ်၍ ပညာဉာဏ်အမြော်အမြင်ဖြင့် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ရန်သာ လိုအပ်ပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းမှ မြန်မာအမျိုးသမီးများ

သို့သော် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ယဉ်ကျေးသော မည်သည့်လူ့အဖွဲ့ အစည်းတွင်မဆို အမျိုးသမီးများကို ပို၍အလေးထားသည်၊ ပို၍တန်ဖိုးထားသည်ကိုသာ တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးဟူသည်ကား အခြားသက်ကြီးရွယ်အို၊ ကလေးသူငယ်များ၊ မသန် စွမ်းများကဲ့သို့ပင် ပဋိပက္ခများကြားတွင် ပို၍ထိခိုက်လွယ်သောအုပ်စုတွင် ပါဝင်သောကြောင့်ဖြစ်သည်။ သို့သော် အမျိုးသမီးအများစုကား မိမိတို့ကို အားနည်းသူဟု အထင်မခံ ကြိုးစားကြပါသည်။ အမျိုးသားများနှင့်တန်းတူ နယ်ပယ်စုံကဏ္ဍစုံတွင် ဘယ်လိုအကျပ်အတည်းအောက်တွင်ရှိရှိ ရုန်းကန်အားထုတ်နိုင်စွမ်းရှိကြသည်။ အားနွဲ့သည်ဟု သတ်မှတ်ခံရသော်လည်း မာန်ရှိသည်၊ တက်ကြွကြသည်။ အထက်ပါမူလအရည်အသွေးများနှင့် သူတို့၏ကြိုးစားအားထုတ်မှုကို ယနေ့ကာလများတွင် ပို၍အသိအမှတ်ပြုလာကြသည်ကိုလည်း တွေ့ရသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း ထို့အတူပင်၊ အထူးအဆန်းမဟုတ်ပါ။ မြန်မာတို့ကတော့ ယခင်ကပင် အမျိုးသမီးများကို အနာဂတ်၏ ပဲ့ကိုင်ရှင်၊ ပုခက်လွှဲသောလက်များအဖြစ် အကြိမ်ကြိမ် တန်ဖိုးထားတင်စားဖော်ပြကြသည်။ မိသားစုတစ်ခုတွင် ဖခင်ကော သားသမီးများ၊ အဘိုးအဘွားများကပါ မိမိတို့၏မိခင်ကို သနားငဲ့ညှာ အရိုအသေအလေးအမြတ်ပြုကြသည့် အစဉ်အလာမျိုး ရှိပြီးဖြစ်သည်။ မိခင်အမျိုးသမီးများ၏ မနက်မိုးလင်းမှသည် မိုးချုပ်သည်အထိ မိသားစုအတွက် ရုန်းကန်မှုကို မိသားစုသာမက ပတ်ဝန်းကျင်ကပါ အသိအမှတ်ပြုကြသည်။ လုပ်ငန်းခွင်မှာလည်း ထို့အတူပင်၊ ငဲ့ညှာမှု၊ စာနာခံရမှု၊ လုံခြုံစွာစောင့်ရှောက်ခံရမှုတွင် ပို၍အလေးသာသည်။ မြန်မာ့လူမှုပတ်ဝန်းကျင်တွင် ပို၍အားနည်းသော ဂုဏ်သိက္ခာရှိသူများအဖြစ် သတ်မှတ်ခံရ၍ဖြစ်သည်။

နယ်ပယ်စုံတွင် မြန်မာအမျိုးသမီးထု၏ စွမ်းရည်ပြည့် ပါဝင်ထမ်းရွက်မှု

မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် နိုင်ငံ့လူဦးရေထက်၀က်ကျော်ရှိသည့် မြန်မာအမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း ၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအစဉ်အဆက်တွင် ထူးချွန်စွာ စွန့်လွှတ်အနစ်နာခံခြင်းများစွာဖြင့် ပါဝင်ခဲ့ကြဖူးသည်။ ထူးချွန်ထက်မြက်သော သမိုင်းပညာရှင် ဒေါ်မြစိန်ကဲ့သို့ နိုင်ငံတကာရေးရာအဖြာဖြာနှင့် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ဇာတ်ခုံမှာ ကပြအသုံးတော်ခံ၍ ကမ္ဘာ့ရေးရာများတွင် ပါဝင်ခဲ့ကြဖူးသူများလည်း ရှိခဲ့ဖူးသည်၊၊ ထို့ထက်ပို၍လည်း ယနေ့ခေတ်ကာလများတွင် မြန်မာအမျိုးသမီးများအပေါ် မြန်မာ့လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတော်က ပို၍ပင် ချီးမြှင့်မြှောက်စားမှုများ၊  အမျိုးသားများနှင့်တန်းတူ အခွင့်အရေးများပေးသည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်တွင် ယခင်ဥပဒေပြုရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့်ယဉ်ကျေးမှု နယ်ပယ်စုံတွင်ဖြစ်သည်။ လွှတ်တော်များတွင် အရပ်သား  အမျိုးသမီးကိုယ်စားလှယ်များနှင့် တန်းတူတပ်မတော်အရာရှိ အမျိုးသမီးကိုယ်စား လှယ်များသည် တစ်နှစ်ပြီးတစ်နှစ် အရေအတွက် အားဖြင့်လည်းကောင်း၊ အရည်အချင်းအားဖြင့် လည်းကောင်း ဥပဒေပြုရေးတာ၀န်များ တိုးမြှင့် တာဝန်ယူခဲ့ကြရဖူးသည်။ အုပ်ချုပ်ရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံတိုင်းနည်းတူ ထိပ်ပိုင်းအချို့နေရာများတွင် တာဝန်ထမ်းဆောင်နိုင်မှု အကန့်အသတ်ရှိလင့် ကစား အလယ်အလတ်အဆင့်တွင် တန်းတူ၊ အများစု အမှုထမ်းများတွင် အမျိုးသမီးဝန်ထမ်းများက နေရာယူပြီးဖြစ်သည်။ ကာကွယ်ရေးကဏ္ဍတွင်တော့ အသိ သာဆုံးဖြစ်သည်။ တပ်မတော် (ကြည်း၊ ရေ ၊ လေ) တပ်ရင်းတပ်ဖွဲ့များတွင်ကော၊ ပြည်သူ့ရဲတပ်ဖွဲ့များ တွင်ပါ အမျိုးသမီးများအနေဖြင့် အမှုထမ်းအဆင့်သာမက အရာရှိများအဖြစ်၊ လက်ရုံးတာ၀န်များသာမက မြေပြင် ၊ ရေပြင်၊ ဝေဟင် တိုက်ခိုက်ရေးတာဝန်များကိုပါ ထမ်းဆောင်နေကြပြီဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင် ဆရာဝန်သူနာပြု၊ ပညာသင်ကြားရေးကဏ္ဍတွင် ဆရာမများအရေအတွက်က အမျိုးသား ထက်များပြားသည်။ ဘာသာသာသနာအတွက်လည်း အားကိုးရသည်။ စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ၏ကဏ္ဍက ကြီးမားလှသည်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်ရာတွင်လည်း အမျိုးသမီးတတ်သိပညာရှင်၊ ကျန်းမာရေး၊ လူမှုရေးဝန်ထမ်းများ၏ ပါဝင်မှုအခန်းကဏ္ဍသည် အသိအမှတ်ပြုစရာဖြစ်သည်။ ပြည်တွင်းပြည်ပ အားကစားကဏ္ဍမှာတော့ အမျိုးသမီးဘောလုံး သမားများအပါအဝင် အမျိုးသမီးအားကစားသမား အများစုက သူတို့၏နိုင်ငံဂုဏ်ဆောင်နိုင်စွမ်းကို ပြသခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတော်က အခါမလပ် ချီးမြှင့်သော စွမ်းဆောင်ရည်ပြ ဂုဏ်ထူးဘွဲ့ထူးများ ရရှိရာတွင်လည်း အမျိုးသမီးအမြောက်အမြားပါဝင်သည်ကို တွေ့ရသည်။ ဤသည်ပင် နိုင်ငံနှင့် လူ့အဖွဲ့ အစည်း ဖွံ့ဖြိုးတိုးတက်ရေး မည်သည့်နယ်ပယ်တွင် မဆို “မည်သူမှမကျန်ရစ်စေရ” အားလုံးပူးပေါင်း ပါဝင်နိုင်မှုနှင့်  အခွင့်အရေးခံစားရမှုတွင် အားလုံးတန်းတူညီမျှမှု ရှိရမည်ဟူသော နိုင်ငံတော် အကြီးအကဲ၏မူနှင့်ထပ်တူ လိုက်ပါဆောင်ရွက်မှု ပင်ဖြစ်သည်။

အမျိုးသမီးရေးရာနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း အားနည်းချက်များ မရှိမဟုတ်၊ အချို့နေရာများ‌တွင် ရှိနေဆဲဖြစ်ပါသည်။ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှု၊ လိင်ဖြေဖျော်ရေး သက်သက်အသုံးချခံရမှု၊ ထိပါးနှောင့်ယှက် စော်ကားခံရမှု၊ ဘာသာရေး၊ လူမှုရေးအရ ခွဲခြားဖိနှိပ်ခံရမှု၊ ထိမ်းမြားလက်ထပ်ခွင့်အပါအဝင် ပညာသင်ကြားခွင့် ဆုံးရှုံးနေရမှုများ ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ခေတ်အဆက်ဆက်တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စွမ်းဆောင်ရည်မြင့်မားမှုအတွက် ၁၉၉၅ ခုနှစ်ပီကင်းကြေညာ စာတမ်း၊ ၁၉၇၉ ခုနှစ် SEDAW ကုလသမဂ္ဂကွန်ဗင်း ရှင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များစသည့် ကတိကဝတ်များကို  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့်အညီ နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ကော်မတီနှင့် ဒေသဆိုင်ရာ ကော်မတီများ ဖွဲ့စည်း၍ ကြိုးစားအကောင်အထည် ဖော်လျက်ရှိသည်။ ဒေသတွင်းအာဆီယံနှင့်လည်း အာဆီယံအမျိုးသမီးကော်မတီ (ACW) ၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် (ACWC)၊ ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးဖြစ်ခြင်း စသည့် ဆောင်ရွက်ချက်များ တွေ့ရသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံအစိုးရနှင့် လူ့အဖွဲ့အစည်းသည် အမျိုးသမီးများအပေါ် အရေးမပါသူများအဖြစ် လုံးဝသဘောမထားပါ။ အမျိုးသမီးများ၏ ထိရောက်စွာပါ၀င်ခွင့်ကို ဖယ်ရှားချန်လှပ်မထားပါ။

အမျိုးသားများအတွက် ထူးခြားအခွင့်အရေး၊ အမျိုးသမီးများအတွက်  သီးခြားအခွင့်အရေး ဟူ၍လည်း ခွဲခြားခြင်းမရှိပါ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ မြန်မာအမျိုးသမီးများကို အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်း  အစဉ်အလာများနှင့်အညီ ကျက်သရေမင်္ဂလာရှိကြသူများအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ အမျိုးသားဝါဒ၊ အမျိုးသမီးဝါဒဟူ၍မရှိ၊ လေးလေးစားစား ဆက်ဆံခံထိုက်သူများဖြစ်၍ အလေးအနက်ထားမှုနှင့် နေရာပေးမှုကို ဖော်ပြလိုရင်းသာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်သံဓိဋ္ဌာန် ခိုင်မာပြတ်သားပြီး မိမိအတွက်ကော နိုင်ငံအတွက်ပါ ကြိုးစားတည်ဆောက်နေကြသူများအဖြစ် ခံယူ၍ ကျားမတန်းတူညီမျှမှုအရေးတွင် ပါဝင်ဖော်ဆောင် ကြရပါမည်။ မမျှော်လင့်ဘဲ ရင်ဆိုင်ရနိုင်သော ပဋိပက္ခအခြေအနေများနှင့် အကူးအပြောင်းများ‌အောက်တွင် တုံ့ပြန်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းနှင့် ကိုင်တွယ်စီမံဖြေရှင်းနိုင်စွမ်းများကို မြှင့်တင်နေရပါ မည်။ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရမည်ဖြစ်ပြီး အိမ်မှုကိစ္စနှင့် တာဝန်ဝတ္တရားများအကြား ထိန်းညှိ နိုင်စွမ်းရှိရမည်။ မိမိတို့မွေးရာပါ လူ့အခွင့်အရေး နှင့်ထပ်တူ ပိုမိုသာလွန်သည်ဟု ယူဆနိုင်သော မွေးရာပါ ပင်ကိုဗီဇကိုယ်ရည်ကိုယ်သွေးများကို မိမိနိုင်ငံနှင့်လူမျိုးအရေးအရာများနှင့် အမျိုးသား အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရာတွင် အကောင်းဆုံးပုံစံဖြင့် အသုံးချသွားကြမည်ဟု ယုံကြည်မျှော်လင့်လျက် (၂၂)နှစ်ပြည့် မြန်မာအမျိုးသမီးများနေ့ကို လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်။