ရန်ကုန် ဖေဖော်ဝါရီ ၈

 

ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel ၊ The Grand Ballroom ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စိတ်အေးချမ်းမှုကျင့်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောသည်။

 

အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကမ္ဘာကြီးတွင် လိုအပ်သော ငြိမ်းချမ်းမှုအတွက် မေတ္တာတရားများ မွေးမြူရန်လိုအပ်မှုနှင့် ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်စေသော ရှုမှတ်မှုကျင့်စဉ်များနှင့် စပ်လျဉ်းသည့် ဗွီဒီယိုဖိုင်ကို ပြသသည်။

 

ထို့နောက် ဂုရုကြီးအား အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ဂါရဝပြုပန်းစည်းများ ပေးအပ်သည်။

 

ယင်းနောက် ဂုရုကြီးက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကြီးမားမှု၊ ဘဝတွင်ကြုံတွေ့ရသော အခက်အခဲများကို စိတ်ဖြင့်ထိန်းချုပ်၍ အောင်မြင်စွာကျော်ဖြတ်နိုင်မှု၊ တရားထိုင်ခြင်း ဆိုင်ရာများ၊ ငြိမ်းချမ်းမှုကိုရရှိစေရန် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှုကို စတင်မွေးမြူ ပျိုးထောင်ပေးမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများနှင့်အတူ တရားထိုင်မှုကျင့်စဉ်ကို လက်တွေ့ပြသကာ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်း ဖြေကြားသည်။

 

 

မွန်းလွဲပိုင်းတွင် ဂုရုကြီး Sri Sri Shankar သည် အမျိုးသားကဇာတ်ရုံ၌ကျင်းပသည့် တရားကျင့်စဉ်နှင့် အသိဉာဏ်ပွင့်လင်းမှုဆိုင်ရာ အခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur၊ ၊ နီပေါသံအမတ်ကြီး H.E.Mr Harishchandra Ghimire ၊ ကမ္ဘောဒီးယားသံအမတ်ကြီး H.E CHENG Manith နှင့် သီရိလင်္ကာသံအမတ်ကြီး H.E.Mrs Prabashini Ponnaperuma တို့နှင့်အတူ ဆီမီးထွန်းညှိပူဇော်သည်။

 

ထို့‌နောက် ယောဂကျင့်စဉ် (Yoga) နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်‌ရောက်လာသူတို့နှင့်အတူ ယောဂကျင့်စဉ်ကို ပြသကာ “Celebrating Love” မြန်မာဘာသာပြန် စာအုပ်ကို မိတ်ဆက်ပေးသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ အိန္ဒိယရိုးရာအက၊ ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး Art of Livng ပရဟိတအဖွဲ့မှ ဂုရုကြီးအား ဂုဏ်ပြုသီချင်းဖြင့် ဂါရဝပြုသည်။

 

ညပိုင်းတွင် ဂုရုကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် ရွှေတိဂုံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်းနှင့် ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂုရုကြီးအား ဂေါပကအဖွဲ့က ‌ရွှေတိဂုံစေတီတော် မြတ်ပုံတော်ကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

 

သတင်းစဉ်