ဇူလိုင် ၂၈

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်တွင် မုတ်သုံရာသီအတွင်း ရေကြီးမှု ၁၉ ကြိမ်နှင့် မိုးကြိုးပစ်မှု လေးကြိမ်အပါအဝင် မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် လူ ၁၅ ဦးနီးပါး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါပြည်နယ်၏သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အထူးအတွင်းရေးမှူး ပုရှ်ပန်ဒရာရာနာက လမ်းပေါင်း ၁၂၀ ကျော် ပြတ်တောက်နေဆဲဖြစ်ပြီး ဒေသအများအပြားတွင် သောက်သုံးရေ ဖြန့်ဝေပေးမှုလည်း ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်တစ်ဝန်း စုစုပေါင်းဆုံးရှုံးမှု အိန္ဒိယရူပီး ရှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃ သန်းနီးပါး) မှ ၁၀ ဘီလီယံအထိရှိသည်ဟု ခန့်မှန်းထားသည်။

ထိုပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့သည် ထိခိုက်သေဆုံးမှု အနည်းဆုံး ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အကဲဖြတ်ရန် အချိန်ယူရမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်းသည် အချိန်ကြာမြင့်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို