အခြေအနေသစ်နှင့် လိုက်လျောညီထွေ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက် ထိန်းချုပ် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်မြို့နယ်တို့တွင် နေထိုင်ကြသည့် ပြည်သူများ ( မိမိအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ရောဂါထိန်းချုပ်မှုဆိုင်ရာ အခြေအနေကောင်းများ တိုးတက်ဖြစ်ပေါ်ခဲ့သည်။ သို့အတွက် မိမိအိမ်တွင် နေထိုင်ရေး အစီ အစဉ်ကို မေလ ၁၄ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၂၈ ရက်နေ့တွင် တစ်ကြိမ် မြို့နယ်အချို့တို့အား ပယ်ဖျက်ပေးခဲ့ရာ ယခုအခါ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ မြို့နယ် နှစ်မြို့နယ်သာ ကျန်ရစ်တော့သည် ကို တွေ့ရသည်။

ထို့အပြင် လူငါးဦးဖြစ်စေ၊ ငါးဦးထက်ပို၍ဖြစ်စေ စုဝေးနိုင်သည့် ကိစ္စရပ်များကို ထပ်မံဖြည့်စွက်လိုက်သည့်အတွက် အလုပ်များ၊ ကျောင်းများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ပြန်လည် | လည်ပတ်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။ တစ်ဖက်တွင်လည်း မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်နှင့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်ကိစ္စရပ်များမပါ)တို့အား ၂ဝ၂ဝ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ထားသည်။ ဤသည်မှာ အခြေအနေကောင်းများ တိုးတက်ဖြစ်ပေါ်လာသည့်အတွက် ဖြေလျှော့မှုအချို့ ထိန်းညှိပြုလုပ်ပေးခြင်းသာဖြစ်ပြီး အပြီး တန်းဖြုတ်လိုက်ခြင်းမဟုတ်ကြောင်း သတိပြုကြရမှာဖြစ်သည်။ စီးပွားရေးယန္တရားများ လည်ပတ်လုပ်ကိုင်နိုင်ရေး၊ ပညာသင်ကြားမှု များ ပြန်လည်ပြုလုပ်နိုင်ရေး ၊ နေ့စဉ်လူနေမှုဘဝပုံစံများ ပြန်လည် ရရှိနိုင်ရေးတို့အတွက် ဖြေလျှော့ပေးမှုများကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ညီညွတ်မှသာ ဆောင်ရွက်နိုင်ကြမှာဖြစ်သည်။

မကြာသေးမီက ကြည့်မြင်ဖတ်ရှုခဲ့ရသည့် နိုင်ငံတကာသတင်း များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိတော့သည့်အတွက် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ခဲ့ကြသည့် နိုင်ငံများမှ မြို့များတွင် ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်ဖြစ်ပွားလာပြီး အရှိန်အဟုန်ပါ မြင့်တက်ခဲ့သည်။ သို့ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိတော့ဟု ယူဆရသည့်အခြေအနေမျိုး ရရှိလာသည့်အချိန်၌ပင် ရုတ်တရက် တန်းဖြုတ်လိုက်ပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ များကိုပါ စွန့်လွှတ်လိုက်၍ မရကြောင်း သာဓကများ ရှိနေသည့် အလျောက် မိမိတို့၏ နေ့စဉ်လူနေမှုဘဝပုံစံများကို မိမိတို့ကိုယ်တိုင် ဆက်လက်ထိန်းချုပ်နေကြရဦးမည်ဟု ရှုမြင်မိသည်။ အထူးသဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ ရှိနေသလို နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဆိုက်ရောက်ခွင့်ပြုမည့် ကာလမျိုးများတွင် ရောဂါပိုးဝင်ရောက် ကူးစက်လာနိုင်သည့် အခြေအနေတစ်ရပ်ရှိနေသည်ကို ဂရုပြုကြရမှာဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာမြေပေါ်မှ လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားမည့် ရောဂါမဟုတ်ဟူ၍ ယူဆထားကြသည့် အလျောက် အခြေအနေသစ်နှင့် လိုက်လျောညီထွေစွာ ရှင်သန်နေထိုင် ကြရန် နိုင်ငံတကာတွင်လည်း ကြိုးပမ်းနေကြသည်။ အသက်အန္တရာယ် ပြုနိုင်သည့် ဗိုင်းရပ်စ်ပိုးမကူးစက်စေရေးအတွက် ခါတိုင်းနေနေကျ အတိုင်း နေထိုင်၍မရတော့။ အခြေအနေသစ်မှာ ပုံစံသစ်ဖြင့် နေထိုင် ကြရတော့မည်။ အနောက်တိုင်းသားတို့ကတော့ New Normal ဟု ဆိုကြသည်။ တစ်ယောက်နှင့်တစ်ယောက်တွေ့လျှင် လက်ဆွဲ နှုတ်ဆက်၍မရတော့၊ ဓာတ်လှေကားခလုတ်ကို လက်ဖြင့်နှိပ်၍ မရတော့၊ ဈေးဝယ်စင်တာကြီးများထဲသို့ ဝင်ချင်တိုင်းဝင်၍ မရတော့။ ဘာကိုပဲထိလိုက်ထိလိုက် ဗိုင်းရပ်စ်တို့ရှိနေနိုင်သည့် အခြေအနေ မျိုးတွင် ဆင်ခြင်ကြရတော့သည်။

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာကြီးတစ်ခုလုံးကို မျှော်လင့်မထားသည့် ပုံစံသစ်တစ်ခုဆီသို့ လျင်လျင်မြန်မြန် ပြောင်းလဲလိုက်ပြီဖြစ်ရာ ဖြစ်ပေါ်လာသည့် အခြေအနေသစ်တွင် အသားကျနေထိုင်နိုင်ကြရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြရတော့မည်ဖြစ်သည်။ သက်ရှိတို့၏ ဆင့်ကဲဖြစ်စဉ်တွင်လည်း အပြောင်းအလဲနှင့်အတူ လိုက်လျော ညီထွေစွာ ရှင်သန်နိုင်သည့် သတ္တဝါကသာ ဆက်လက်ရှင်သန် တည်တံ့ကြရပြီး အပြောင်းအလဲတွင် မလိုက်ပါနိုင်သည့် သတ္တဝါကထာဝရ ပျောက်ကွယ်သွားကြရသည်ဖြစ်ရာ ကိုဗစ်-၁၉ ကို အကြောင်း ပြု၍ ဖြစ်ပေါ်လာသည့် New Normal တွင် ပျော်ရွှင်စွာရှင်သန်နိုင် ကြပါစေကြောင်း။ ။

mna