အခြေခံကျောင်းများတွင် မိဘဆရာအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး စကားဝိုင်း

နေပြည်တော် ၃၀ ဇန်နဝါရီ

အခြေခံကျောင်းများတွင် မိဘဆရာအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာ တင်ညို၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအေးကြိုင်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

အစီအစဉ်မှူး ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ အခြေခံပညာကျောင်းတွေမှာ မိဘဆရာအသင်းတွေကို ဘာကြောင့်ဖွဲ့စည်းတည်ထောင်ဖို့ လိုအပ်သလဲဆိုတာ ပြောပြပေးပါ။

ဒေါက်တာတင်ညို ။ ။ မိဘများအားလုံးနဲ့ အုပ်ထိန်းသူအားလုံးကို ကိုယ်စားပြုနေတဲ့ မိဘဆရာအသင်းဟာ ကျောင်းတစ်ကျောင်းအတွက် အဓိကလိုအပ်ချက်အသင်း တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းရဲ့ လှုပ်ရှားမှုအရ၊ ဆောင်ရွက်နိုင်မှုအရ၊ ပညာရေးရဲ့ တာဝန်ယူဆောင်ရွက်ထားတဲ့ တိုးမြှင့်စီစဉ်တာတွေအားလုံးဟာ အောင်မြင်မှုရလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအလိုက် ဆောင်ရွက်နေကြတဲ့ စီမံဆောင်ရွက်မှုတွေ ပညာရည်တိုးတက်မှု လုပ်ငန်းတွေကို မိဘများကနေတစ်ဆင့် ကျောင်းကို ပါဝင်ပူးပေါင်းနိုင်သလို ကျောင်းကတစ်ဆင့် မိဘများကို အသိပေးခြင်းအားဖြင့် ပူးပေါင်းကူညီနိုင်မှု အခြေအနေ အကောင်းဆုံး ရနိုင်တဲ့အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိဘဆရာအသင်းသည် ကျောင်းတစ်ကျောင်းအတွက် အင်မတန်ကို အရေးပါတဲ့ အသင်း ဖြစ်တယ်လို့ ပြောလိုပါတယ်။

ဒီလိုအသင်းဖွဲ့စည်းတာကလည်း မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ အခုလေ့လာမှုအရဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာကိုပဲ သူတို့ခေါ်တော့ PTA လို့ခေါ်ပါတယ်။ Parent Teacher Association၊ တချို့နိုင်ငံတွေကျတော့ Parent Teacher Organization  လို့ ခေါ်ပါတယ်။ အဲဒီတော့ နိုင်ငံတိုင်းမှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိလာတဲ့ မိဘဆရာအသင်းရဲ့ ဟိုတုန်းက စတင်ဖွဲ့စည်းခဲ့တဲ့ဟာတွေကို ပြန်ပြီးလေ့လာမိသလောက်တော့ ၁၉၅၂ ခုနှစ်မှာ ပြည်တော်သာစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းဆိုတာ ရှိပါတယ်။ အဲဒီမှာ မိဘဆရာအသင်းကို စတင်ဖွဲ့စည်းခဲ့တယ်လို့ မှတ်တမ်းများအရ တွေ့ရပါတယ်။ အဲဒီမတိုင်မီမှာလည်း ကျောင်းကော်မတီပေါ့။ School Committee  ဆိုပြီးတော့ ဖွဲ့စည်းတဲ့အတွက် အစဉ်အဆက်အားဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းမှာ ဒီမိဘဆရာ အသင်းသည် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

အစီအစဉ်မှူး ။ ။ အခု ဆက်လက်ပြီးတော့ ဆရာမကြီးကို မေးချင်ပါတယ်။ အခြေခံပညာ ကျောင်းတွေမှာ မိဘဆရာ အသင်းတွေကို ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေမလဲဆိုတာကို ဆရာမ ကြီးက ဖြေကြားပေးပါဦး။

ဒေါ်စန်းစန်းရီ။ ။ မိဘဆရာအသင်းကို ကျောင်းတစ်ကျောင်းမှာ စနစ်တကျ ဖွဲ့မယ်။ ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ ကျောင်းရဲ့အကျိုးကို ဆောင်ရွက်မယ်ဆိုရင် ကျောင်းသား ကျောင်းသူတွေရဲ့ စာရိတ္တကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ကျောင်းတက် မှန်ကန်လာတဲ့အတွက် ပညာရည်မြင့်မားပြီးတော့ အဆင့်မြင့်တဲ့ ပညာရေးကိုရရှိတဲ့ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ မိဘဆရာအသင်းနဲ့အတူ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တွေ၊ ကျောင်းကောင်စီတွေ၊ မိဘရပ်ရွာလူထုတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဲဒီကျောင်းဟာ ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ ကျောင်းတစ်ကျောင်းဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ကျောင်းမှာ ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ ကလေးတွေကို မွေးထုတ်လာနိုင်တဲ့အပြင် ကျောင်းတွင်းဒီမိုကရေစီပါ အလေ့အကျင့်ကောင်းတွေရရှိတဲ့ အကျိုးကျေးဇူး တွေကို မိဘဆရာအသင်းဖွဲ့စည်းခြင်းဖြင့် မိဘဆရာ အသင်းကရရှိနိုင်ပါတယ်။

အစီအစဉ်မှူး ။ ။ ဒီတစ်ခါတော့ ဆရာကြီး ဦးအေးကြိုင်ကို မေးချင်ပါတယ်။ အမျိုးသား ပညာရေးဥပဒေမှာပါတဲ့ မိဘဆရာအသင်းရဲ့ အဓိပ္ပာယ်လေးကိုလည်း သိပါရစေ။

ဦးအေးကြိုင် ။ ။ ကျွန်တော်တို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားပညာရေး မူဝါဒအရ အမျိုးသားပညာရေး ဥပဒေမှာပါတဲ့ မိဘဆရာအသင်းကို ဖွင့်ဆိုတာကတော့ အခြေခံပညာ ကျောင်းများမှာ သင်ယူသူများ၏ တတ်မြောက်ရေးနှင့် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး ကောင်းမွန်ရေးကို ပိုမိုထိရောက်အောင်မြင်စေရန် မိဘအားလုံး၊ အုပ်ထိန်းသူအားလုံးအပြင် ကျောင်းမှာရှိသော ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမတို့ အတူတကွ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့ကို “မိဘဆရာအသင်း” လို့ အမျိုးသားပညာရေး ဥပဒေက ဖွင့်ဆိုပါတယ်။

အစီအစဉ်မှူး ။ ။ အခုတစ်ခါ ထပ်ပြီးတော့ ဆရာမကြီးကို မေးချင်တာကတော့ မိဘဆရာအသင်းရဲ့ တံဆိပ်နဲ့ ဆောင်ပုဒ်လေးကိုလည်း ပြောပြပေးစေလိုပါတယ်။

ဒေါ်စန်းစန်းရီ။ ။ မိဘဆရာအသင်းရဲ့ ဆောင်ပုဒ်ကတော့ မိဘဆရာပူးပေါင်း ကလေးပညာကောင်း ဖြစ်ပါတယ်။ မိဘဆရာ အသင်းအထိမ်းအမှတ် တံဆိပ်ကတော့ စက်ဝိုင်းပုံထဲမှာ သုံးနားညီတြိဂံပုံ ဖြစ်ပါတယ်။ အဲဒီစက်ဝိုင်းဟာ တိုင်းပြည်ရဲ့ ပညာရေးလောကကို ကိုယ်စားပြုတာဖြစ်ပြီးတော့ တြိဂံကတော့ သူသက်ဆိုင်တဲ့ ကျောင်းကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အဲဒီတြိဂံရဲ့ ယာဘက်အနားကတော့ မိဘအုပ်ထိန်းသူတွေကို ကိုယ်စားပြုပြီးတော့ “မိဘ” ဆိုတဲ့စာလေးကို ရေးပါတယ်။ လက်ဝဲဘက်မှာတော့ ဆရာကို ကိုယ်စားပြုတဲ့အတွက် “ဆရာ” လို့ ရေးပြီးတော့ သုံးနားညီတြိဂံရဲ့ အောက်နားမှာတော့ ကျောင်းသား ကျောင်းသူတွေကို ကိုယ်စားပြုတဲ့အတွက် “ကျောင်းသား” ဆိုပြီးတော့ အဲဒီထဲမှာ ရေးထားပါတယ်

အစီအစဉ်မှူး ။ ။ ဒီတစ်ခါ ဆရာကြီး ဦးအေးကြိုင်ကို ထပ်မေးချင်တာကတော့ မိဘဆရာအသင်းရဲ့ သက်တမ်းနဲ့ အသင်းသား ဘယ်နှစ်မျိုးရှိပါလဲ။ အဲဒါလေးလည်း သိပါ ရစေ။

ဦးအေးကြိုင် ။ ။ ကျောင်းတစ်ကျောင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကျောင်းကို အပ်ထားတဲ့ မိဘတွေအားလုံး ပူးပေါင်းပါဝင်မှ ဒီကျောင်းက ကလေးတွေရဲ့ ပညာရေးကို ကျောင်းကဆရာတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိဘဆရာ အသင်းရဲ့ သက်တမ်းမှာ ပညာသင်နှစ်တစ်နှစ်ကိုပဲ သတ်မှတ်ထားပါတယ်။ အဲဒီပညာသင်နှစ် တစ်နှစ်မှာလည်း ဖွဲ့စည်းရတဲ့ကာလကလည်း ဇူလိုင်လ ပထမပတ်ကို နောက်ဆုံးထားပြီး တစ်နိုင်ငံလုံးရှိ အခြေခံပိုင်ကျောင်းတွေက ဖွဲ့စည်းရပါတယ်။ ဒီလို ဖွဲ့စည်းတဲ့အခါမှာ မိဘဆရာအသင်းဆိုတာ အဲဒီကျောင်းမှာ ပညာသင်ခွင့်ရတဲ့ ကလေးတွေအားလုံးရဲ့ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတွေအားလုံး ပါဝင်တဲ့ အဖွဲ့ပါ။ အဲဒါကို မိဘဆရာအသင်းလို့ ခေါ်ပါတယ်။ အသင်းသားတွေဖြစ်ပါတယ်။ ဒါပေမယ့် အသင်းသားအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေမပေးတဲ့အခါမှာ သူတို့ကိုယ်စား၊ အသင်းကြီးရဲ့ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့ ရွေးချယ်တင်မြှောက်ပြီး ကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မိဘနဲ့ဆရာပူးပေါင်း ကလေးပညာကောင်းဆိုသလို ကျင့်သုံးအကောင်အထည် ဖော်ပါတယ်။

အစီအစဉ်မှူး ။ ။ အခုတစ်ခါတော့ မိဘဆရာ အသင်းရဲ့ အလုပ်အမှုဆောင် အဖွဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ သိချင်ပါတယ်။ ဆရာကြီး ဒေါက်တာဦးတင်ညိုကစပြီး ပြောပြပေး စေလိုပါတယ်။

ဒေါက်တာတင်ညို ။ ။ အလုပ်အမှုဆောင် ဖွဲ့တဲ့အခါမှာ ဒီမိဘအုပ်ထိန်းသူအားလုံးကို တကယ်ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ရပါတယ်။ အဲဒီအထဲမှာ အဓိက အားဖြင့်တော့ နာယကပေါ့။ ဒါဟာ အသင်းတစ်ခုရဲ့ အားလုံးကို စီမံခန့်ခွဲမှုရော၊ အကြံကောင်းဉာဏ် ကောင်းပေးနိုင်မှုရော နာယကကို ဖွဲ့ရပါတယ်။ နာယကသည် အားလုံးကနေပြီးတော့ ဒီလူကို လေးစားပြီးတော့ ဦးဆောင်နိုင်တဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ခြင်းအားဖြင့် ဒီအသင်းရဲ့ ရပ်တည်မှု၊ ဒီအသင်းရဲ့ လှုပ်ရှားမှုကို ပိုမိုပြီးတော့ အားသန်ပြီး ကျောင်းကိုလည်း အကျိုးပြုနိုင်မှာပါ။ ဒါကြောင့် နာယကသည် အသင်းကြီးတစ်ခုလုံးရဲ့ ထိပ်ဆုံးက ရွေးချယ်ရမယ့် ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။

ဦးအေးကြိုင် ။ ။ ကျောင်းတစ်ကျောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကလေးတွေရဲ့ ပညာတတ်မြောက်မှု၊ သူတို့ရဲ့ကိုယ်၊ စိတ်၊ နှလုံးကောင်းမွန်မှုကို ပိုမိုထိရောက်အောင် လုပ်တဲ့ အခါမှာ အသင်းသားတွေအားလုံး၊ မိဘများ အားလုံး၊ ဆရာ ဆရာမအားလုံးကို ကိုယ်စားပြုတဲ့ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့တဲ့အခါမှာ နာယကရဲ့ ဦးဆောင်အဖွဲ့ကလည်း အရေးကြီးပါတယ်။ တကယ်တော့ အဲဒီကျောင်းတစ်ကျောင်းရဲ့ အောင်မြင်မှုအားလုံးရဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်ကတော့ ဖွဲ့စည်းပုံအရ ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ ဖြစ်ရပါမယ်။ ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌဖြစ်တဲ့ အခါမှာ ဒီကျောင်းရဲ့ အသင်းနာမည်ကိုက မိဘဆရာဆိုတဲ့ စကားပါတဲ့အတွက်ကြောင့် ဒုတိယ ဥက္ကဋ္ဌကတော့ မိဘဖြစ်ရပါမယ်။ ဒါ (၁) ပါ။ ဒုတိယ ဥက္ကဋ္ဌ (၂) ကတော့ ကျောင်းအုပ်ကြီးကို ကိုယ်စားပြုတဲ့ ဆရာတစ်ဦးက တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီကျောင်းကြီးတစ်ကျောင်းလုံးရဲ့ အတွင်းမှာရှိတဲ့ ကလေးတွေရဲ့ အရည်အသွေးမြင့်မားရေးကို တာဝန်ခံရမယ့် ပုဂ္ဂိုလ်က ဆရာတွေဖြစ်တဲ့အတွက်ကြောင့် အတွင်းရေးမှူး တာဝန်ကိုတော့ ဆရာက တာဝန်ယူရမှာ ဖြစ်ပါတယ်။ အလားတူပဲ မိဘနဲ့ ပေါင်းတဲ့အတွက်ကြောင့် ဒီဖွံ့ဖြိုးရေးကို တာဝန်ယူတဲ့ အတွင်းရေးမှူးကို ပူးပေါင်းပြီးတော့ တွဲဖက်အတွင်းရေးမှူးအဖြစ်နဲ့ တာဝန်ယူရတဲ့သူကတော့ မိဘဖြစ်ရပါမယ်။ ပြီးတော့ ဒီကျောင်းကြီးကို မိဘပြည်သူတွေက ကျောင်းရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးတွေကို ထောက်ပံ့တာတွေ၊ ချီးမြှင့်တာတွေ၊ စောင့်ရှောက်တာတွေ ပေးအပ်တဲ့ ပစ္စည်းတွေအားလုံး စာရင်းဇယား ငွေကြေးက အစပေါ့။ ထောက်ပံ့ထိန်းသိမ်းရေးမှူး ဆိုပြီးတော့ ဆရာကိုရွေးချယ်ရပါမယ်။ ဆရာက အတွင်းမှာရှိတဲ့ ပစ္စည်းပစ္စယ၊ ငွေကြေးပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်သလို ဒီကျောင်းကြီးရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ အားလုံးကို ပြန်လည်စိစစ်ပြီးတော့ အစီရင်ခံတင်ပြဖို့အတွက် စာရင်းစစ်ကိုတော့ မိဘတစ်ဦးက တာဝန်ယူရပါတယ်။

ကျောင်းဖွဲ့စည်းပုံနဲ့ ကြည့်မယ်ဆိုရင် အခြေခံ ပညာကျောင်းမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆိုပြီးတော့ ရှိပါတယ်။ အဲဒီအတွက် အထက်တန်းကျောင်းဖွဲ့စည်းပုံမှာ ကိုယ်စားလှယ် ဘယ်လိုရွေးလဲ၊ အလယ်တန်းကျောင်းရဲ့ ကိုယ်စားလှယ် ဘယ်လိုရွေးသလဲ။ မူလတန်းကိုယ်စားလှယ် ရွေးတာကိုတော့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါ်စန်းစန်းရီက ဆက်လက်ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်စန်းစန်းရီ ။ ။ ခုနက ဆရာကြီးတို့ ဆွေးနွေးသလိုပဲ ထက်၊ လယ်၊ မူရှိတဲ့အတွက် တစ်ကျောင်းနဲ့ တစ်ကျောင်းမှာ မိဘဆရာအသင်း အလုပ်အမှုဆောင်ရဲ့ အရေအတွက်ဟာ မတူပါဘူး။ အထက်တန်းအဆင့်ကျောင်းဆိုရင် တော့ ၁၃ ယောက်က ၁၅ ယောက်အထိ ဖွဲ့စည်း ပါတယ်။ အလယ်တန်းဆိုရင် ၁၁ ယောက်ကနေ ၁၃ ယောက်အထိ ဖွဲ့တယ်။ မူလတန်းကျောင်း တစ်ကျောင်းမှာ ငါးယောက်က ခုနစ်ယောက်အထိ ဖွဲ့တဲ့ကျောင်းရှိသလို ကျောင်းကြီးရင် ခုနစ်ယောက် က ကိုးယောက်အထိ ဖွဲ့တဲ့ကျောင်းလည်း ရှိပါတယ်။

အစီအစဉ်မှူး ။ ။ ဒီမိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ကျောင်းအုပ်ကြီးရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။ ဆရာကြီး နဲ့ ဆရာမကြီးက ပြောကြားပေးစေလိုပါတယ်။

ဦးအေးကြိုင်။ ။ တကယ်တော့ ပညာရေးဌာနမှာ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်ထဲမှာ တကယ်ဦးဆောင်လုပ်တဲ့ ကျောင်းအုပ်ကြီးဟာ အခရာပဲ။ အမှန်အတိုင်းပြောရင်တော့ အငြိမ်းစား ပညာရှင်ကြီးတွေကို ဆရာကြီး ဒေါက်တာတင်ညို ဦးဆောင်ပြီးတော့ ပူဇော်ကန်တော့ပွဲလုပ်တဲ့အခါမှာ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတွေအားလုံးရဲ့ ရင်ထဲမှာ သူတို့ဘဝမှာ အတမ်းတဆုံးရာထူးဟာ ကျောင်းအုပ်ဆရာကြီးဆိုတဲ့ ရာထူးကို တမ်းတကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းအုပ်ဆရာကြီးဟာ သူနဲ့အတူတွဲလုပ်တဲ့ ဆရာတွေရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်ကျောင်းလုံးရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါ့အပြင် ရပ်ရွာတစ်ခုလုံးရဲ့ ခေါင်းဆောင် လည်းဖြစ်တယ်။ အမှန်တော့ ဆရာကြီးရဲ့ စွမ်းဆောင်ရည်မြင့်ရင် မြင့်သလောက် ကျောင်းက တိုးတက်တယ်။ ဆရာကြီးရဲ့ စိတ်ဓာတ်ခွန်အား ပြည့်ရင်ပြည့်သလောက် ကျောင်းက ဖွံ့ဖြိုးတယ်။ ဒီဆရာကြီးဟာ ပြည်သူကို စည်းရုံးနိုင်ရင် စည်းရုံးနိုင်သလောက် ကျောင်းကြီး ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ တကယ့်အစစ်အမှန်ပါ။

ဒါကြောင့်မို့ လက်ထောက်ဆရာတွေဟာ ကျောင်းအုပ်ကြီးရဲ့ ဦးဆောင်မှုကောင်းတဲ့ နောက်ကို အားလုံးလိုက်ပါကြတဲ့အတွက်ကြောင့် ကျောင်းတစ်ကျောင်းရဲ့ အသက်ပမာ အချက်အချာကျတဲ့ ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာကျောင်း ဖွံ့ဖြိုးတိုးတက်ပြီဆိုရင် အဲဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးဟာ အဓိကကျပါတယ်။ ဒါကြောင့်မို့ ကျောင်းအုပ်ကြီးရဲ့ အရည်အသွေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆရာမကြီး ဒေါ်စန်းစန်းရီက ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါ တယ်။

ဒေါ်စန်းစန်းရီ။ ။ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ကြီးဟာ အဲဒီ ကျောင်းရဲ့ အခရာဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီး တစ်ယောက်ရဲ့ စည်းရုံးနိုင်မှု၊ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်မှု၊ ကိုယ့်ကျောင်းရဲ့ လိုအပ်ချက်တွေကို မိဘတွေကိုချပြပြီးတော့ ကိုယ့်ရဲ့ ကလေးတွေ ပညာရည်မြင့်မားဖို့အတွက် မိဘတွေနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာ မိဘတွေက ကျောင်းရဲ့ လိုအပ်ချက်တွေကို လူအား၊ ငွေအား၊ သူ့ရဲ့အားတွေနဲ့ ဝင်ပြီးတော့ ကူညီပံ့ပိုးလာကြပါတယ်။ အဲဒီလို ကူညီပံ့ပိုးလာတဲ့အတွက်ကြောင့် ကျောင်းရဲ့ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်လာသလိုပဲ ကလေးတွေ သင်ကြားရေးအတွက် လိုအပ်တဲ့ အဆောက်အဦတွေ၊ ပရိဘောဂတွေ ပြည့်ဝလာတဲ့အတွက် ကလေးတွေရဲ့ သင်ကြားရေးမှာ တိုးတက်လာသလို ကလေးတွေ စိတ်ဓာတ်မြင့်မားရေးအတွက် ကလေးတွေ လိုအပ်တဲ့ကျောင်း ဖွံ့ ဖြိုးရေးလုပ်ငန်းတွေ၊ ပညာရေးက စာတစ်ခုတည်းပဲ သင်လို့မရတဲ့ အရာဖြစ်တဲ့အတွက် ကလေးတွေအားလုံး ဖွံ့ဖြိုးတိုးတက်နိုင်အောင် ကျောင်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း မိဘတွေရဲ့ ပူးပေါင်းမှုနဲ့ ပါဝင်လိုက်တဲ့ အချိန်မှာ ကျောင်းဟာတကယ်ပဲ ဘက်စုံဖွံ့ဖြိုး တိုးတက်တဲ့ ကျောင်းတစ်ကျောင်းဖြစ်လာတယ်။ ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ကျောင်းမှာ တကယ် ဘက်စုံထူးချွန်တဲ့ ကျောင်းသားတွေ ရရှိလာနိုင်တဲ့အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ကျောင်းအုပ်ကြီးရဲ့ စွမ်းဆောင်မှုကြောင့် ကျောင်းအုပ်ကြီးသည် မိဘတွေနဲ့ကျောင်းက ဆရာ ဆရာမတွေကို စည်းရုံးနိုင်တဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ဆရာမကြီးကိုပဲ ထပ်ပြီးတော့ မေးချင်ပါတယ်။ မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးစေလိုပါတယ်။

ဒေါ်စန်းစန်းရီ ။ ။ မိဘဆရာအသင်း လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တွေက မိဘဆရာအသင်းသည် ကိုယ့်ရဲ့နယ်မြေထဲမှာရှိတဲ့ ကလေးတွေအားလုံး ကျောင်းအပ်နိုင်မှု၊ ကျောင်းတက်နိုင်မှုနဲ့ ကျောင်းမထွက်ဖို့ အတွက်လည်းပဲ ကျောင်းက ဆရာ ဆရာမတွေနဲ့ ပူးပေါင်းတာဝန်ယူရပါတယ်။ အဲဒီလိုပဲ။ သူ့ရဲ့ ကျောင်းမှာရှိတဲ့ ကလေးတွေရဲ့ ပညာရည်နဲ့ ပတ်သက်လို့၊ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်တန်းအထိ ထူးချွန်တဲ့ကလေးတွေ ဆုချီးမြှင့်ရေးကိစ္စတွေမှာလည်း ပူးပေါင်းပါဝင်ရသလိုပဲ ဘက်စုံဖွံ့ဖြိုးတဲ့ ကလေးတွေ၊ စာစီစာကုံး၊ အားကစားစတဲ့ ဖွံ့ဖြိုးရေးမှာ ထူးချွန်တဲ့ ကလေးတွေအတွက်လည်းပဲ ဆုချီးမြှင့်မယ့်နေရာမှာ မိဘဆရာအသင်းက ကျောင်းအုပ်တွေနဲ့ ပူးပေါင်းတာဝန်ယူဆောင် ရွက်ရတာ ရှိပါတယ်။ တကယ်ထောက်ပံ့ဖို့အတွက် အကူအညီလိုတဲ့ ကလေးတွေအတွက်လည်းပဲ မိဘဆရာအသင်းက ပူးပေါင်း ပါဝင်ကူညီရတယ်။ ဒီလို ပူးပေါင်းပါဝင်ကူညီဖို့အတွက် မိဘဆရာ အသင်းမှာ ပါဝင်ကူညီခွင့်ရှိတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ ဆရာမကြီးက မိဘဆရာအသင်း အလုပ်အမှုဆောင် အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အရာတွေကို ပြောပြီးသွား ပြီဆိုတော့ ဆရာကြီးကနေပြီးတော့ လုပ်ပိုင်ခွင့် မရှိတဲ့ အရာတွေရှိရင်လည်း ပြောပြပေးစေလိုပါ တယ်။

ဦးအေးကြိုင်။ ။ အမှန်တော့ မိဘဆရာအသင်းရဲ့ ဖွဲ့စည်းတဲ့ရည်ရွယ်ချက်ကိုက ကလေးကို ဦးစားပေးတာပါ။ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုတော့ “ကလေး ပညာ ကောင်းစေဖို့ မိဘဆရာပူးပေါင်းကြပါစို့” ဆိုရင် သူတို့အနေနဲ့ ကလေးကိုပဲ ဦးစားပေးပြီး စဉ်းစားတဲ့ အတွက်ကြောင့် ကျောင်းတွင်း စီမံခန့်ခွဲရေးကိစ္စ တွေကို သူတို့ပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။ သူတို့ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးရေးကိုသာ အာရုံပြုမှ ကလေးရဲ့ အရည်အသွေးကို မြှင့်ရာကျပါမယ်။ အဲဒီတော့ ကျောင်းတွင်းစီမံခန့်ခွဲရေးကို ကျောင်းအုပ်ကြီးနဲ့ ဆရာ ဆရာမနဲ့ သက်ဆိုင်ရာ ဦးစီးဌာန၊ ဝန်ကြီးဌာနက ဆောင်ရွက်တဲ့အတွက်ကြောင့် မိဘတွေဟာ ဝင်ရောက်ဆောင်ရွက်ခြင်း မရှိပါဘူး။ အလားတူပဲ။ ကျောင်းတစ်ကျောင်းရဲ့ ပညာရေး တိုးတက်ဖို့အတွက် သင်ရိုးညွှန်းတမ်းတွေ၊ သင်ခန်းစာပြဋ္ဌာန်းမှုတွေ သင်ကြားပြသဖို့အတွက် ကိစ္စတွေ အားလုံးကိုလည်း မိဘတွေဟာ ဆရာတွေကိုပဲ လုံးလုံးလျားလျား ပုံအပ်ထားတာဖြစ်ပါတယ်။ သူတို့ ဝင်ရောက်မဆောင်ရွက်ပါဘူး။ အလားတူပဲ။ ဒီဆရာ ဆရာမတွေ သင်ခန်းစာကို ပြဋ္ဌာန်းတဲ့အခါမှာ ဘာသာရပ်ခွဲတာတွေပေါ့။ အဲဒီလို ခွဲတဲ့အခါ၊ သင်ရိုးအဖွဲ့တွေ ဖွဲ့တဲ့အခါ ဆရာတွေကိုပဲ ယုံကြည်စွာ အပ်နှံထားပါတယ်။ သူတို့ပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။

နောက်ကျောင်းလက်ခံတဲ့ကိစ္စတွေ၊ အတန်း တင်ပေးတယ်၊ အတန်း အောင်/ရှုံး သတ်မှတ်တယ်။ ဒါတွေဟာလည်း ဆရာတွေရဲ့ ပညာရေး လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် မိဘတွေက ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဘူး။ သူတို့အနေနဲ့ ပူးပေါင်းကူညီတဲ့ဘက်ကိုပဲ အာရုံစိုက်ပါတယ်။ နောက်ဆရာတွေ ရာထူးခန့်တာတွေ၊ ပြောင်းရွှေ့တာတွေ စတဲ့စီမံခန့်ခွဲရေး ကိစ္စတွေမှာလည်း မိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။ ကျောင်းစည်းကမ်းအရ ကျောင်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆောင်ရွက်မှုတွေကိုလည်း မိဘတွေ ပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုက ဒီကျောင်းမှာအပ်ခဲ့တဲ့ သူတို့ကလေးတွေရဲ့ဘဝ ပညာတတ်မြောက်ရေး၊ ယဉ်ကျေးသိမ်မွေ့ရေး၊ နိုင်ငံသားကောင်းဖြစ်ရေး၊ သူတို့ရဲ့ ယဉ်ကျေးလိမ္မာရေးကိစ္စတွေကို အာရုံပြုတဲ့အတွက်ကြောင့် ကျောင်းတွင်း စီမံခန့်ခွဲရေးကိစ္စတွေမှာ မိဘတွေက ပါဝင်ခြင်းမရှိကြောင်း မှတ်တမ်းရှိပါတယ်။

သတင်းအဖွဲ့ (ဆက်လက်ဖော်ပြပါမည်)