အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်တဲ့ “ယူပါ ၊ ထားပါ” အစီစဉ် မကြာမီလာတော့မည်

မန္တလေး-၁၆ ဇန်နဝါရီ 

 

အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီးဆောင်ရွက်တဲ့ “ယူပါ ၊ ထားပါ” အစီအစဉ်ကို လာမယ့် ဖေဖော်ဝါရီလအတွင်း မန္တလေးမြို့တွင်ဆောင်ရွက်ရန်စီစဉ်နေကြောင်းသိရသည်။

 

အဆိုပါအစီစဉ်တွင် မိမိအတွက် အသုံးမလို ၊ ပိုလျှံနေသည့် အဝတ်အထည် ၊ စာအုပ်များကို ထားသွားပြီး လိုအပ်သူများက စိတ်ကြိုက်ယူဆောင်နိုင်သည့် အစီစဉ်ဖြစ်သည်။

 

‘မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ကူးကို သဘောကျလို့ လုပ်တာ။  လူတိုင်းမှာ ပိုလျှံနေတဲ့ ပစ္စည်းတွေရှိတယ်။ ကိုယ့်ဆီမှာ ပိုလျှံနေတာက ကိုယ့်အတွက် အသုံးမလိုပေမယ့် တခြားသူအတွက် အသုံးလိုတာဖြစ်နိုင်တယ်’ဟု “ယူပါ ၊ ထားပါ” အစီစဉ်ကို ဆောင်ရွက်မည့် ဦးစန်းယုကျော်က ပြောသည်။

 

“ယူပါ ၊ ထားပါ” အစီစဉ်ကို တစ်လလျှင် လေးကြိမ်ခန့်ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံလူတန်းစားတွေလက်လှမ်းမီနိုင်မည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ 

 

‘လူလည်းစောင့်မှာမဟုတ်ဘူး။ ထားချင်တဲ့သူကလည်း ကိုယ့်ဖာသာထားသွား ယူတဲ့သူကလည်း စိတ်ကြိုက် အဆင်ပြေသလိုယူသွား ။ တကယ်လို့ တခုမှမကျန်ရင်လည်း ဒီအတိုင်းသိမ်းလိုက်မှာပဲ။ ကျန်တယ်ဆိုရင်လဲ ခေါက်သိမ်းလိုက်မှာပဲ စောင့်ကြည့်နေမှာ မဟုတ်ပါဘူး’ဟု ဦးစန်းယုကျော်က ဆိုသည်။ 

 

ယခုအစီစဉ်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကူညီများလိုအပ်သဖြင့် စည်ပင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အစီစဉ်ရှိသည်ဟု သိရသည်။

 

အိမို့မို့ခိုင်