အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ 

၂၅ မတ်

အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ အပိုင်း(၁)နှင့် (၂)ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်း၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့်ဦး၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာပိုးပိုး၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာချိုဝင်း၊ အနုပညာ(ပန်းချီ) ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ ဦးအောင်စည်သူလှိုင်နှင့် ကာယပညာဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြသက်တို့၏ ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင် ရေးဆွဲခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဒေါက်တာဇော်လတ်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်မှာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (Comprehensive Education Sector Review – CESR)ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ပညာရေးကဏ္ဍရဲ့ နယ် ပယ်အသီးသီးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ ဆရာ ဆရာမတွေနဲ့ Stakeholders တွေ အပါအဝင် တစ်နိုင်ငံလုံးက ပညာရေးကို စိတ်ပါ ဝင်စားသူတွေ ပါဝင်ခဲ့ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

လေ့လာဆန်းစစ်ချက်တွေအရ လက်ရှိကျင့်သုံးနေတဲ့ အခြေခံပညာသင်ရိုးညွှန်းတမ်းတွေအတွက် အတန်းစဉ်အလိုက် ဘာသာရပ်သင်ကြား ရခြင်းရဲ့ ရည်ရွယ်ချက်တွေ ချမှတ်ပေးဖို့ လိုအပ် ကြောင်း၊ ဘာသာရပ်ရည်ရွယ်ချက်တွေ ချမှတ်ရာ မှာ သင်ယူသူကလေးများရဲ့ အသက်အရွယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုအလိုက် တိကျစွာချမှတ်ဖို့ လိုအပ်ကြောင်း၊ မူလတန်းအဆင့် စာသင်ချိန်(မိနစ် ၃၀- ၃၅ မိနစ်) ဟာ ကလေးဗဟိုပြုသင်ကြားချိန် မလုံလောက်ကြောင်း၊ အထက်တန်းအဆင့်ပြီး မြောက်သွားချိန်မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင် ပေးမယ့် သင်ရိုးဝင် အကြောင်းအရာတွေ အားနည်းနေကြောင်း အပါအဝင်ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အခြေခံပညာအဆင့်အတန်း မြင့်မားရေးနဲ့ အရည်အသွေးမြင့်မားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုလာတာကြောင့် သင်ရိုးညွှန်းတမ်းတွေကိုပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ပြင်ဆင်ရေးဆွဲနေတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကိုလည်း ပြောပြပေးပါဦး။

ဒေါက်တာဇော်လတ်ထွန်း ။ ။ သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်ရေးဆွဲရာမှာ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) ရဲ့ အခန်း(၅) ပုဒ်မ ၁၆ (က)ပါ ''အခြေခံပညာ ရေးကို သူငယ်တန်းပညာရေးပြီး နောက်ပညာသင်နှစ် စုစုပေါင်းကာလ ၁၂ နှစ်သို့ ဦးတည်ဆောင်ရွက်သွားရန်'' ဆိုတဲ့ ပြဋ္ဌာန်းချက်အရ KG+12 လို့ ခေါ်တဲ့ သူငယ်တန်းပညာရေးပြီးတဲ့နောက် ပညာသင်နှစ် စုစုပေါင်း ၁၂ နှစ်ရှိတဲ့ အခြေခံပညာရေးစနစ်ကို ပြောင်းလဲဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ KG+12 ပညာရေးစနစ်ကို ပြောင်းလဲလိုက်ရတဲ့ အဓိက အကြောင်းရင်းတွေကိုလည်း သိပါရစေ။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ အားလုံးသိကြတဲ့ အတိုင်း လက်ရှိပညာရေး စနစ်ဟာ Rote Learning လို့ ခေါ်တဲ့ အလွတ်ကျက်မှတ်မှု အပေါ်မှာ အားသာပြီး Memorization လို့ခေါ်တဲ့ မှတ်မိခြင်းကိုသာ အလေးပေးနေတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒါကြောင့် သင်ရိုးဝင်အကြောင်းအရာသစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ သင်ကြားနည်းနဲ့ စစ်ဆေးအကဲဖြတ်နည်း တွေပါဝင်ဖို့၊ (၂၁)ရာစု ကျွမ်းကျင်မှုတွေ၊ ဗလငါးတန်ဖွံ့ဖြိုးမှုတွေရရှိဖိုနဲ့ အလယ်တန်းနဲ့ အထက် တန်း ကျောင်းသား ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အဓိကအလေးပေးထားတဲ့ သင်ရိုးညွှန်းတမ်းအဖြစ် ပြင်ဆင်ရေးဆွဲခဲ့ရခြင်း ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲတဲ့နေရာမှာ ဘာသာရပ်များအလိုက် ပါဝင်ဆောင်ရွက်နေပုံကိုလည်း ပြောပြ ပေးစေလိုပါတယ်။

ဒေါက်တာအောင်မြင့်ဦး။ ။ မြန်မာစာဘာသာရပ်ဟာ အသိပညာရော အတတ်ပညာကိုပါ ပေးစွမ်းနိုင်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ အခုပညာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သင်ရိုးညွှန်းတမ်း အသစ်ပြန်လည် ရေးဆွဲနေတဲ့နေရာမှာ မြန်မာစာဘာသာရပ်ကပေးနိုင်တဲ့ အသိပညာနဲ့ အတတ်ပညာတွေကို ကျောင်းသားကျောင်းသူတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ လက်တွေ့ကျကျ အသုံးချနိုင်ဖို့အတွက် ရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ မြန်မာစာ ဘာသာရပ်ပေးစွမ်းနိုင်မယ့် အသိပညာ အတတ်ပညာတွေကို ရှင်းပြပေးပါဦး။

ဒေါက်တာအောင်မြင့်ဦး။ ။ မြန်မာစာဘာသာရပ်မှာ မြန်မာဘာ သာစကား၊ မြန်မာစာအရေးအသားနဲ့ မြန်မာ့စာပေ အမွေအနှစ်ဖြစ်တဲ့ မြန်မာစာပေတွေကို အဓိကထားပြီး လေ့ကျင့်သင်ကြားပေးပါတယ်။ ဘာသာစကားနဲ့ စာအရေးအသား တတ်မြောက်ခြင်းဟာ အတတ်ပညာပါပဲ။ မြန်မာနိုင်ငံမှာ မြန်မာစာ မြန်မာစကားက အများသုံး စာပေဘာသာ စကားဖြစ်တဲ့ အတွက် မြန်မာပြည်သူတစ်ရပ်လုံး မြန်မာစာအရေးအသား ကျွမ်းကျင်တတ်မြောက်ဖို့ လိုအပ်ပါတယ်။ စာပေဆိုတာကတော့ ကိုယ့်ရဲ့ စိတ်နှလုံးကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ဘာသာစကား အရည်အသွေးတွေ ရှိပါတယ်။ ဒါကြောင့် သင်ကြားခြင်းအားဖြင့် စာပေကရတဲ့ ရသနဲ့အသိ အမြင်ခံစားမှုတွေဟာ လူငယ်လူရွယ်တွေကို နိုင်ငံ သားကောင်းတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးနိုင်တဲ့အတွက် ဒီလိုအရည်အသွေးတွေ ရရှိနိုင်ဖို့ မြန်မာစာပေကနေ သင်ကြားပေးနိုင်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်တွေ ဖြစ်မြောက်အောင် ပြုပြင်ပြောင်းလဲတဲ့အခါမှာ ဒီလိုကဏ္ဍတွေကို ဦးစားပေးပြီး ပြုပြင်ရေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

အစီအစဉ်မှူး။ ။ အင်္ဂလိပ်စာကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။

ဒေါက်တာပိုးပိုး။ ။ သင်ရိုးအဟောင်းကနေ သင်ရိုးအသစ်ကို ပြောင်းလဲလိုက်တဲ့အခါမှာ အပိုင်း သုံးပိုင်းခွဲပြီး ပြောပြချင်ပါတယ်။ ပထမတစ်ပိုင်းကတော့ အင်္ဂလိပ်စာသင်ကြားတဲ့ ရည်ရွယ်ချက်ပြောင်းလဲသွားဖို့ရယ် ပြောင်းလဲတဲ့အတွက်ကြောင့် သင်ကြား သင်ယူမှုနည်းလမ်းတွေ ပြောင်းသွားတယ်။ အဲဒီအတွက်ကြောင့် သင်ခန်းစာရေးတဲ့အခါမှာလည်း ပြောင်းလဲသွားတယ်။ ပထမအနေနဲ့ ပြောချင်တာကတော့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပြောင်းလဲသွားတယ် ဆိုတာက ယခင်သင်ရိုးဟောင်းမှာဆိုရင် အင်္ဂလိပ်စာသင်ကြားရတဲ့ ရည်ရွယ်ချက်က အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်စာတမ်းတွေကို ဖတ်တတ်ဖို့၊ ကိုးကား စာအုပ်တွေကို ဖတ်တတ်ပြီး ပြန်လည်ရေးသားနိုင်ဖို့ အဓိကထားပြီး သင်ကြားတာဖြစ်ပါတယ်။ အခုခေတ်မှာတော့ ခေတ်နဲ့ လျော်ညီစွာ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုတွေ၊ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ များလာတယ်။ ဒါကြောင့် အရေးအဖတ်နဲ့တင် မလုံလောက်တော့ပါဘူး။ လက်တွေ့ဘဝမှာ တကယ်အသုံးချနိုင်မယ့် ဘာသာရပ်တစ်ခုဖြစ်လာအောင် သင်ကြားပေးဖို့လိုပါတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်တာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ သင်ရိုးသစ်နဲ့ သင်ရိုးဟောင်း ကွာခြားချက်တွေကိုလည်း ပြောပြပေးပါဦး။

ဒေါက်တာပိုးပိုး။ ။ အဲဒီလို ပြောင်းလဲတဲ့အတွက်ကြောင့် သင်ကြားသင်ယူမှု နည်းလမ်းတွေဟာလည်း ပြောင်းလဲသွားတယ်။ အရေးအဖတ်တင်မက အကြားစွမ်းရည်နဲ့ အပြောစွမ်းရည် စတဲ့စွမ်းရည်လေးရပ်လုံး ဖွံ့ဖြိုး တိုးတက်အောင် သင်ကြားပေးဖို့ လိုအပ်လာတယ်။ ဒါကြောင့် သင်ခန်းစာတွေထဲမှာ စွမ်းရည်လေးမျိုးလုံးကို ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။ ဖတ်စာအုပ်တွေရေးသားတဲ့အခါမှာ ကျောင်းသူ ကျောင်းသားတွေအဆင့်နဲ့ ကိုက်ညီတဲ့သင်ခန်းစာ တွေကို ထည့်သွင်းပြီးတော့ သင်ကြားပေးဖို့လိုလာ ပါတယ်။ ယခင်သင်ရိုးဟောင်းမှာလည်း ဒါတွေ သင်ကြားခဲ့ပါတယ်။ အခု သင်ရိုးသစ်မှာတော့ ခေတ်နဲ့ပိုပြီး လျော်ညီအောင်၊ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ သင်ရိုးတွေနဲ့ ကိုက်ညီအောင်ပြုပြင် ပြောင်းလဲပြီး သင်ကြားပေးတာဖြစ်ပါတယ်။ ဒါကြောင့် သင်ခန်းစာမှာလည်း ပြောင်းလဲမှုတွေရှိပါတယ်။

အစီအစဉ်မှူး။ ။ သင်္ချာဘာသာရပ်နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။

ဒေါက်တာချိုဝင်း။ ။ အခြေခံပညာအဆင့်မှာသင်္ချာဘာသာရပ်ကို သင်ကြားပေးရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ သင်္ချာပညာဆိုင်ရာ အခြေခံအသိများနဲ့ ကျွမ်းကျင်မှုများ ရရှိရန်၊ ပြဿနာဖြေရှင်းရာမှာ အကြောင်းအကျိုး ဆက်စပ်စဉ်းစား တတ်ရန်၊ ကျောင်းသားများရဲ့ နေ့စဉ်ဘဝပြဿနာများနဲ့ သင်ယူမှုများမှာ သင်္ချာဆိုင်ရာ အသိနဲ့ကျွမ်းကျင်မှုများကို အသုံးချတတ်ရန်နဲ့ သင်္ချာသဘောတရား၊ အသိတရားတွေကို သဘောကျနှစ်ခြိုက်လာရန်တို့ပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ပြည့်စုံအောင် မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အဆင့်ဆင့်မှာ ကျောင်းသားကျောင်းသူများရဲ့ အသက်အရွယ်နဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အခုပြုပြင်ရေးဆွဲနေတဲ့သင်ရိုးမှာ ပညာရပ်ဆိုင်ရာဘာသာရပ်တွေအပြင် အရင်က ဖွံ့ဖြိုးမှုဘာသာ ရပ်လို့ခေါ်တဲ့ ဘာသာရပ်တွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဒေါ်ခင်မြသက်။ ။ ယခင်သင်ရိုးမှာတော့ကာယပညာဘာသာရပ်အပါအဝင် ဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာရပ်တွေကို တွဲဖက်သင်ရိုး ဝင်ဘာသာရပ်များအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုပြုပြင်ပြောင်းလဲတဲ့ သင်ရိုးသစ်မှာတော့ သင်ရိုးဝင်ဘာသာရပ်များအဖြစ် ဆောင်ရွက်ထားပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကာယပညာဘာသာရပ်ကို သင်ကြားပေးရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ ကိုယ်ကာယလှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်ပြီး မိမိကိုယ်ကို ယုံကြည်မှုရရှိစေဖို့၊ ကျန်းမာကြံ့ခိုင်ရေး နဲ့ပတ်သက်တဲ့ အခြေခံကာယလှုပ်ရှားမှုများကို ကျွမ်းကျင်တတ်မြောက်ပြီး နေ့စဉ်ဘဝမှာ အသုံးချနိုင်ဖို့၊ ကိုယ်ကာယလှုပ်ရှားမှုဆိုင်ရာ အခြေခံဗဟုသုတတွေကို သိရှိနားလည်ပြီး ကာယလှုပ်ရှား မှုများဆောင်ရွက်ရာမှာ၊ ကြုံတွေ့နိုင်တဲ့ပြဿနာများ ဖြေရှင်းရာမှာ အသုံးချနိုင်ဖို့နဲ့ ကိုယ်ကာယလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး လေးစားတန်ဖိုးထားတတ်ခြင်း စတဲ့စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ ပို၍ကျန်းမာကြံ့ခိုင်လာပြီး အခြေခံပညာ သင်ကြားမှုမှာလည်း အထောက်အကူ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ အနုပညာ (ပန်းချီ)ဘာသာရပ်နဲ့ ပတ်သက်ပြီးလည်း သိပါရစေ။

ဦးအောင်စည်သူလှိုင်။ ။ အနုပညာဘာသာရပ်တွေကို အခြေခံပညာကျောင်းတွေမှာ ၁၉၆၃ ခုနှစ်အထိ ကျောင်းသင် ပန်းချီဆရာဆိုပြီး ခန့်အပ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် နောက်ပိုင်းမှာ တွဲဖက်သင်ရိုးဝင်အနေ နဲ့ပဲ သင်ခဲ့ပါတယ်။ သင်ခဲ့တဲ့ဆရာတွေနဲ့ သင် ထောက်ကူပစ္စည်း မလုံလောက်တဲ့အတွက် ထိထိရောက်ရောက် မသင်နိုင်ခဲ့ပါဘူး။ အဲဒီအတောအတွင်း အနုပညာနဲ့ ပတ်သက်တဲ့ ဆရာလမ်းညွှန် စာအုပ်ကို ပြုစုခဲ့ပေမယ့် ကျောင်းတွေမှာ အမှန်တကယ် အသုံးချနိုင်သလား၊ တတ်မြောက်အောင် သင်ကြားနိုင်သလားဆိုတဲ့ အခြေအနေကိုတော့ ထိရောက်တဲ့စစ်ဆေးရေး အကဲဖြတ်မှုလည်း မလုပ်နိုင်ခဲ့ပါဘူး။ 

အနုပညာဘာသာရပ်တွေကို သင်ရတဲ့ ရည်ရွယ်ချက်က ကျောင်းသူ ကျောင်းသားတွေရဲ့ မှတ်ဉာဏ်တွေ၊ စိတ်ကူးဉာဏ်တွေ၊ တီထွင်ဖန်တီး လိုတဲ့စိတ်တွေကို မြှင့်တင်ပေးနိုင်တယ်။ ကိုယ့်ကိုယ် ကိုယ်အားကိုးလိုတဲ့ စိတ်တွေ၊ အလှအပကိုမြတ်နိုး ပြီးတော့ ဖျက်ဆီးလိုတဲ့စိတ်တွေ လျော့နည်းစေပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တွေရဲ့ဆောင်ပုဒ်ဖြစ်တဲ့ စိတ္တံန္တံသုခါ ဝဟံ'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စိတ်ကိုယဉ်ကျေး အောင်ပြုခြင်းဟာ ချမ်းသာခြင်းကို ဆောင်ပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့ နေရာမှာ အနုပညာဘာသာရပ်တွေက တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပါတယ်။ လက်ရှိ အခုအခြေခံပညာရေး ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အနုပညာဘာသာရပ်တွေကို သင်ရိုးဝင်ဘာသာ ရပ်အနေနဲ့ သတ်မှတ်သင်ကြားတာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ KG+12 ပညာရေးစနစ်မှာပါဝင်တဲ့ အဆင့်အလိုက်ဖွဲ့စည်းပုံကိုလည်း ရှင်းပြပေးပါဦး။

ဒေါက်တာဇော်လတ်ထွန်း ။ ။ KG+12 ပညာရေး စနစ်မှာ မူလတန်းအဆင့် အတန်း ၅တန်း၊ အလယ်တန်းအဆင့်မှာ အတန်း ၄ တန်းနဲ့ အထက် တန်းအဆင့်မှာ အတန်း ၃ တန်းနဲ့ ဖွဲ့စည်းထား ပါတယ်။ ဒါကြောင့် KG+(5+4+3)လို့ ပြောနိုင်ပါတယ်။ မူလစနစ်နဲ့ ကွာခြားတာက KG+12 ပညာရေးစနစ်မှာ KGလို့ခေါ်တဲ့ သူငယ်တန်းက နိုင်ငံတကာမှာလိုပဲ KG တန်း စစ်စစ်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတတ်သူတွေဖြစ်လာဖို့၊ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်သူ တွေဖြစ်လာဖို့၊ စာရေးစာဖတ်ခြင်းနဲ့ သင်္ချာအပါအဝင် အသိပညာတွေ ပြည့်ဝလာစေဖို့နဲ့ ဒါတွေကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူတွေ ဖြစ်လာဖို့ ရည်ရွယ်ပြီး သင်ယူမှုနယ်ပယ် ခြောက်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

အစီအစဉ်မှူး။ ။ သင်ယူမှုနယ်ပယ် ခြောက်ခုက ဘာတွေလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ KG သင်ရိုးရဲ့ သင်ယူမှု နယ်ပယ် ခြောက်ခုကတော့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တ၊ မိတ္တနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်တတ်ခြင်း၊ သင်္ချာအခြေခံများကို စူးစမ်းလေ့လာတတ်ခြင်း၊ အနုပညာရသခံစားခြင်းနဲ့ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီ KG သင်ရိုးကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ(KG) သူငယ်တန်း သင်ရိုးရေးဆွဲရေးအဖွဲ့က ရေးဆွဲပြုစုခဲ့တာ ဖြစ်ပါတယ်။ 


စနစ်သစ်(KG) သူငယ်တန်းဟာ စောစောက ပြောခဲ့သလို KG တန်းစစ်စစ်ဖြစ်ပြီး အခေါ်အဝေါ်အရလည်း KG သူငယ်တန်းလို့ပဲ ခေါ်ပါတယ်။ မူလသင်ရိုးမှာ တုန်းကတော့ သူငယ်တန်းကို Grade-1 လို့ သုံးခဲ့တာ ဖြစ်ပါတယ်။


အစီအစဉ်မှူး။ ။ အဲဒီ Grade-1 ၊ Grade-2  စတဲ့ အခေါ်အဝေါ် သတ်မှတ်ချက်တွေကိုလည်း အများပြည်သူ ရှင်းရှင်းလင်းလင်း သိရအောင် ရှင်းပြပေးစေလိုပါတယ်။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ မူလသင်ရိုးမှာက မြန်မာလို သတ်မှတ်တဲ့ အတန်းနဲ့အင်္ဂလိပ်လိုသတ်မှတ်တဲ့ Grade နဲ့ မတူပါဘူး။  Grade က တစ်တန်းကြီးပါတယ်။ ဥပမာ မူလသင်ရိုးမှာတုန်းက သူငယ်တန်းကွိ Grade-1၊ ပထမတန်းကို Grade-2၊ ဒုတိယတန်းကို Grade-3 စသည်ဖြင့် သတ်မှတ်သွားပြီး နောက်ဆုံး ဒသမတန်း (၁၀ တန်း) ကိုတော့ Grade-11 လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ သင်ရိုးမှာတော့ အခေါ်အဝေါ်အနေနဲ့ အတန်းနဲ့ Grade သတ်မှတ်ချက်တွေက အတူတူပါပဲ။ 

သူငယ်တန်းကို KG လို့ပဲသုံးပြီး ပထမတန်းကို Grade-1၊ ဒုတိယတန်းကို Grade-2 စသည်ဖြင့် သတ်မှတ်သွားပြီး အခြေခံပညာရေးရဲ့ နောက်ဆုံးအဆင့်ကတော့ ဒွာဒသမတန်း (Grade-12) ဖြစ်လာမှာပါ။


အစီအစဉ်မှူး။ ။ ဒါဆိုရင် စနစ်သစ်သင်ရိုးမှာ မူလတန်းက အတန်းငါးတန်းရှိတာကြောင့် Grade-1 ကနေ Grade-5 အထိဖြစ်သွားမှာပါလား။ 

ဒေါက်တာဇော်လတ်ထွန်း။ ။ ဟုတ်ပါတယ်။ မူလတန်းမှာ Grade-1 က Grade-5၊ အလယ်တန်းမှာ Grade-6 ကနေ Grade-9 နဲ့ အထက်တန်းမှာ Grade-10 ကနေ Grade-12 အထိဖြစ်သွားမှာပါ။

အစီအစဉ်မှူး။ ။ မူလတန်းအဆင့်မှာ သင်ကြားပေးမယ့် ဘာသာရပ်တွေကိုလည်းပြောပြပေးပါဦး ဘာသာရပ်တွေကိုလည်း ပြောပြပေးပါဦး။


ဒေါက်တာဇော်လတ်ထွန်း။ ။ မူလတန်းအဆင့်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ)၊ အနုပညာ(ဂီတ)နဲ့ ဒေသသင်ရိုးတွေကို သင်ကြားပေးသွား မှာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ အခုဆိုရင် သင်ရိုးသစ်အနေနဲ့ KG ၊ Grade-1 နဲ့ Grade-2 တွေကို ပြောင်းလဲ သင်ကြားပေးနေပြီဆိုတော့ အဲဒီအတန်းတွေအတွက် ဘာသာရပ်အသီးသီးရဲ့ ဆောင်ရွက်ထားမှုတွေကိုလည်း သိပါရစေ။

ဒေါက်တာအောင်မြင့်ဦး။ ။ မြန်မာစာအနေနဲ့ သင်ရိုးအသစ် ပြန်လည်ရေးဆွဲမယ်ဆိုတော့ နဂိုရှိတဲ့ မူလတန်းသင်ရိုးတွေကို ပြန်ပြီးလေ့လာ ရပါတယ်။ လေ့လာပြီးတဲ့အခါမှာ အရင်ရှိနေတဲ့ ဖတ်စာအုပ်တွေရဲ့ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ပြီးတော့ဘာတွေ ထပ်မံအားဖြည့်ရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်ရပါတယ်။ အရင်တုန်းက ဖတ်စာအုပ်တွေမှာ ဝါကျတွေက ရှည်နေပြီး တချို့ဝေါဟာရ အသုံးအနှုန်းတွေကလည်း ခက်ခဲနေပါတယ်။ အဲဒီလို ခက်ခဲနေတဲ့အတွက် သင်ကြား သင်ယူတဲ့နေရာမှာ ကျောင်းသား ကျောင်းသူတွေအတွက် အခက်အခဲရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားကလေးငယ်တွေအတွက် မြန်မာစကားကို သင်ရတဲ့အခါ အခက်အခဲတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။

အခက်အခဲတွေ ကျော်လွှားနိုင်ဖို့

အခုပြန်လည်ရေးဆွဲတဲ့ မူလတန်းမြန်မာစာဖတ်စာတွေမှာ ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အများကြီးစဉ်းစားပြီး ချင့်ချိန်ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဘာသာစကား သင်ရိုးအနေနဲ့တော့ မြန်မာစာနဲ့ အင်္ဂလိပ်စာသဘော တရားချင်းအတူတူပါပဲ။ မြန်မာစကားသင်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ပုံပြင်လေးတွေ၊ ကဗျာလေးတွေကို နားထောင်ပြီး ပြန်ပြောတတ်မယ်။ အသံနေ အသံထား ဟန်ပန်အမူအရာနဲ့ရွတ်ဆိုနိုင်မယ်။ အဲဒီလိုပုံစံမျိုးလေး တွေဖြစ်အောင်ပြုပြင်ထားပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ မြန်မာစာသင်ကြားရတာ ပျော်ရွှင်ပြီးတော့လက်တွေ့ဘဝမှာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်လာဖို့ ရည်ရွယ်ပြီးဆောင်ရွက်ထားတာပါ။

အစီအစဉ်မှူး။ ။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။ 

ဒေါက်တာပိုးပိုး။ ။ သင်ရိုးသစ်နဲ့ သင်ရိုးဟောင်း ကွာခြားချက်ကတော့ KG မှာ အင်္ဂလိပ်စာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် English Alphabets တွေနဲ့ Activities လေးတွေ လုပ်ခိုင်းပြီးသင်တာပါ။ Grade-1  ကို ရောက်လာတဲ့အခါမှာ Letter တွေကို စပြီးရေးဖို့ Introduce  လုပ်ပါတယ်။ စပြီးရေးလာတဲ့အခါမှာ English Letter လေးတွေ Letter နဲ့ စထားတဲ့ ဝေါဟာရတွေကို သိဖို့လိုလာပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တာ၊ နှုတ်ဆက်တာ၊ သူတို့ရဲ့ မိသားစုအကြောင်း၊ ကျောင်းအကြောင်း၊ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေစတဲ့ အခြေခံလိုအပ်ချက်တွေကို အင်္ဂလိပ်လို ပြောတတ်အောင် ထည့်သွင်းသင်ကြားပေးပါတယ်။ ဒါက Grade-1  မှာပါ။

အလွယ်တကူအသုံးပြုနိုင်

နောက်ပိုင်း Grade တွေဆိုရင်လည်း တဖြည်းဖြည်းနဲ့ အလွတ်ကျက်ရတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်ပိုင်စဉ်းစား ဉာဏ်နဲ့ သင့်လျော်တဲ့ Language အသုံးအနှုန်းတွေကို သုံးနှုန်းပြီး ပြောဆိုတတ်အောင် သင်ကြားပေးပါတယ်။ သင်ကြားတဲ့ပုံစံမှာလည်း ကျောင်းသား ကျောင်းသူတွေစာလေ့လာတဲ့အခါမှာ တစ်ယောက်ချင်းလုပ်ဆောင်ရတာ၊ အဖွဲ့နဲ့ လုပ်ဆောင်ရတာ၊ နှစ်ယောက်တွဲ လုပ်ဆောင်ရတာ တွေကိုသင်ခန်းစာထဲမှာ ထည့်ထားပါတယ်။ သင်ခန်းစာတွေကို ဆရာ ဆရာမတွေက သင်ကြားတဲ့အခါ အခက်အခဲမရှိအောင် Teacher’s Guide ကို ရေးသားပေးပါတယ်။ အဲဒီလို ရေးသားတဲ့အခါမှာလည်း အဲဒီအထဲမှာ နည်းနည်းခက်ခဲမယ်ထင်တဲ့ အသုံးအနှုန်းလေးတွေ၊ လမ်းညွှန်ချက်လေးတွေကို မြန်မာလိုပြန်ပြီးတော့ ထည့်ပေးထားပါတယ်။Guide Line  လေးတွေကိုလည်း အသေးစိတ် Teacher’s Guide ထဲမှာ ဖော်ပြထားပါတယ်။

အဲဒါအပြင် Reading, Writing တွေပဲ မဟုတ်တော့ဘဲ Listening ပါ ပါလာတဲ့အတွက်ဒီ Listening ကို ကျောင်းသား ကျောင်းသူတွေ လုပ်နိုင်ဖို့နဲ့ဆရာ ဆရာမတွေ သင်ကြားတဲ့အခါ အသုံးပြုနိုင်ဖို့ Audio Materials တွေကို ပညာရေးဝန်ကြီးဌာနက ကျောင်းအသီးသီးကို ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ 

အဲဒီလိုဖြန့်ဝေထားတဲ့အပြင် ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ JICA(CREATE) Project Team ဝက်ဘ်ဆိုက်တွေမှာလည်း တင်ပေးထားပြီး ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများနဲ့ ဆရာ ဆရာမများ အလွယ်တကူနဲ့ Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။


အစီအစဉ်မှူး။ ။ ပါဝင်ဆွေးနွေးပေးတဲ့ ဆရာကြီး ဆရာမကြီးများကို ကျေးဇူးတင်ပါတယ်။