အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ၉ သြဂုတ်  

ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပပြုလုပ်မည့်အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအား သြဂုတ် ၇ ရက်က အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦးနှင့် ဦးထွန်းမြင့်တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။                                                           


ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများကိုလည်းကောင်း၊ ကျိုက္ကဆံမြားပစ်ကွင်းရှိ  မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများအားလည်းကောင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားမျာအားလည်းကောင်း၊ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ  စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများအားလည်းကောင်း၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိ သော အားကစားသမားများ၏ နေထိုင်၊ စားသောက်၊ လေ့ကျင့်နေမှုများနှင့် စံချိန်များကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။ 
                                                    

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ၏ တာဝန်ရှိပုဂ်္ဂိုလ်များနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးရာ ပြိုင်ပွဲနီးကပ်လာသည့်အတွက် အားကစားသမားများမှ စနစ်တကျနှင့် လေ့ကျင့်သားပြည့်ဝစေရေး လေ့ကျင့်သွားကြရန် အားကစားသမားများအနေဖြင့် လိုအပ်ချက်များ ရှိပါကအချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်နှင့် မိမိတို့အနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲများထံ တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


အေကေလင်း