အကြမ်းဖက်မှု ဖြစ်လာနိုင်သော ကဘူးလ်မြို့လေဆိပ်

ကေကေစိုး

 

ကဘူးလ်မြို့လေဆိပ်တွင် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ထွက်ခွာသွားလိုကြသည့် ပြည်သူများနှင့်ပြည့်နှက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုနှင့် တွေ့ကြုံနိုင်ဖွယ်ရှိသည့်အတွက် အနောက်နိုင်ငံသားများသည် ၎င်းတို့၏ နိုင်ငံသားများကို အဆိုပါနေရာမှ ထွက်ခွာသွားရန် သတိပေးထားသည်။

 

သတိပေးထား

 

ကဘူးလ်မြို့လေဆိပ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာဖွယ်ရှိသည်ဟု ဩဂုတ် ၂၆ ရက်တွင် အနောက်နိုင်ငံများက သတိပေးထားသည်။ တာလီဘန်များလက်မှ လွတ်မြောက်ရန်အတွက် ကယ်ဆယ်ရေး လေယာဉ်များကို စောင့်ဆိုင်းနေကြသည့် လူများထောင်နှင့်ချီ၍ ရှိနေသည်။ ဩဂုတ်လ ၁၅ ရက်တွင် အာဖဂန်နစ္စတန်ကို တာလီဘန်များက ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် နိုင်ငံအတွင်းမှ ထွက်သွားရန်ကြိုးပမ်းကြသည့် အာဖဂန်များနှင့် နိုင်ငံခြားသားအရေအတွက်မှာ ၉၀၀၀၀ နီးပါးရှိပြီဖြစ်သည်။

 

ဖရိုဖရဲဖြစ်မှုများ ပေါ်ပေါက်လာ

 

လေဆိပ်အတွင်းနှင့်အပြင်ဘက်တွင် လူစုလူဝေးကြီးရှိနေသည်။ ဩဂုတ် ၃၁ ရက်တွင် အမေရိကန်တပ်ဖွဲ့ဝင်များကို အာဖဂန်မြေပေါ်မှ ဆုတ်ခွာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီးနောက် အချို့သော နိုင်ငံခြား လေကြောင်းလိုင်းများမှာ လေယာဉ်ပြေးဆွဲမှုများကို ရပ်ဆိုင်းမှုများ ပြုလုပ်လာသည့်အတွက် လေဆိပ်ကြီး၌ စောင့်ဆိုင်းနေကြသူများကြားတွင် ဖရိုဖရဲဖြစ်မှုများ ပေါ်ပေါက်လာသည်။

 

ရှောင်ရှားကြရန်သတိပေး

 

အမေရိကန်အစိုးရနှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများသည် အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ထပ်မံသတိပေးထားသည်။ ၎င်းတို့၏ နိုင်ငံသားများကိုလည်း လေဆိပ်ကို ရှောင်ရှားကြရန် သတိပေးထားသည်။ ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးရာဌာနကလည်း အကြမ်းဖက် တိုက်ခိုက်ခံရမှုအန္တရာယ်မှာ အလွန် နီးစပ်နေကြောင်း ပြောကြားခဲ့သည်။

 

ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ခြင်းမပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။ အကယ်၍ လေဆိပ်အနီးတစ်ဝိုက်တွင် ရောက်ရှိနေပါက လုံခြုံစိတ်ချရသည့်နေရာသို့ ရွှေ့ပြောင်းပြီးနောက် နောက်ထပ်အကြံပြုချက်များကို စောင့်ဆိုင်းရန် ပြောကြားထားသည်။

 

ပစ်မှတ်ထားလျက်ရှိ

 

ဗြိတိန်နိုင်ငံသည်လည်း အလားတူသတိပေးချက် ထုတ်ပြန်ထားသည်။ မကြာသေးမီနှစ်များအတွင်း ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုအချို့မှာ အိုင်အက်စ်တို့၏ လက်ချက်ပင်ဖြစ်သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ နှစ်နိုင်ငံစလုံးမှ ပြည်သူများမှာ အိုင်အက်စ်တို့၏ အကြမ်းဖက် တိုက်ခိုက်မှုကိုခံစားခဲ့ရသည်။ အိုင်အက်စ်အုပ်စုမှာ ယခုအခါ ရှရီယာများအပါအဝင် အယူမသီးသည့် အုပ်စုများကို ရှေးရိုးရာအစဉ်အဆက် ယုံကြည်မှုနှင့်ဆန့်ကျင်သည် ဟုဆိုကာ ပစ်မှတ်ထားလျက်ရှိသည်။

 

ကြောက်ရွံ့ကြ

 

အိုင်အက်စ်နှင့် တာလီဘန်တို့မှာ သဘောထားတင်းမာသည့် ဆွန်နီစစ်သွေးကြွများ ဖြစ်သော်လည်း ၎င်းတို့အချင်းချင်းမှာမူ ပြိုင်ဘက်များအဖြစ် သဘောထားကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆန့်ကျင်ကြလျက်ရှိသည်။ တာလီဘန်များသည် ၂၀၀၁ ခုနှစ်တွင် အမေရိကန်တို့ ကျူးကျော်မှုကြောင့် နိုင်ငံအတွင်း ၎င်းတို့၏အုပ်ချုပ်မှုအာဏာကို လက်လွှတ်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ ပိုမိုသဘောထား ပျော့ပျောင်းသည့်အုပ်ချုပ်မှု ဖြင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အာဖဂန်အများစုမှာ တာလီဘန်တို့၏တင်းကျပ်သည့် ရှရီယာဥပဒေဖြင့် ပြန်လည် အုပ်ချုပ်မည်ကို ကြောက်ရွံ့ကြသည်။

 

အမျိုးသားအဖော်ပါမှသာ ထွက်ခွာခွင့်ရ

 

ထို့ပြင် နိုင်ငံခြားအုပ်စုများအတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည့်အတွက် လက်စားချေခံရမည်ကိုလည်း စိုးရိမ်နေကြရသည်။ ထို့ပြင် အမေရိကန် ထောက်ခံပေးထားသည့် အစိုးရအတွက် အလုပ်လုပ်ကိုင် ပေးခဲ့ခြင်းကြောင့် ပြန်လည်လက်စားချေခံရမည်ကိုလည်း စိုးရိမ်ကြသည်။ အထူးသဖြင့် အမျိုးသမီးများသည် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတို့တွင် ပိတ်ပင်ခံရပြီး ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တို့ အုပ်ချုပ်စဉ်ကာလက အမျိုးသမီးများမှာ နေအိမ်မှ ထွက်လိုလျှင် အမျိုးသားအဖော်ပါမှသာ ထွက်ခွာခွင့်ရရှိသည်။

 

အခက်အခဲများနှင့်ရင်ဆိုင်ရမည်

 

အာဖဂန်နစ္စတန်မှထွက်ခွာလာပြီး မက္ကဆီကိုစီးတီးမြို့သို့ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးကမူ ၎င်းတို့၏ အသက်ကို ကယ်တင်ရုံမျှမက အိပ်မက်ကိုပါ ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုအစိုးရကို ပြောကြားခဲ့သည်။ တာလီဘန်များ၏ အုပ်ချုပ်မှုအောက်တွင် အမျိုးသမီးများမှာ အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မက္ကဆီကိုစီးတီးသို့ လာရောက်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း အဆိုပါအမျိုးသမီးက သတင်းထောက်များကို ပြောသည်။

 

ဖရိုဖရဲအခြေအနေသို့ဦးတည်

 

အာဖဂန်နစ္စတန်တွင် လေယာဉ်များဖြင့် ကယ်ထုတ်မှုပြုလုပ်နေသည့်  လုပ်ငန်းစဉ်တစ်လျှောက် လေဆိပ်ရှိ လူစုလူဝေးကြီးမှာ ဖရိုဖရဲ အခြေအနေများသို့ ဦးတည်နေသည်။ ကယ်ဆယ်ရေးလေယာဉ်များ လုံခြုံစိတ်ချရစေရေးအတွက် ထောင်ပေါင်းများစွာသော အမေရိကန် တပ်ဖွဲ့ဝင်များသည် အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြသည်။ လေဆိပ်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် အချို့သော အာဖဂန်များမှာ နိုင်ငံခြားပတ်စပို့၊ ဗီဇာနှင့် အခြားသောခရီးသွားလာခွင့်အတွက် ခွင့်ပြုချက်များရရှိထားသော်လည်း နိုင်ငံအတွင်းမှထွက်ခွာ နိုင်ခြင်းတော့မရှိသေးပေ။

 

ရက်နောက်ဆုတ်ပေးမည်မဟုတ်  

 

ဖရိုဖရဲအခြေအနေများကြားတွင် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သည်။ လေဆိပ်တွင် အခြေအနေများမှာ ဆိုးရွားနေသော်လည်း တာလီဘန်များကမူ နိုင်ငံခြားတပ်များ နောက်ဆုံးထားထွက်ခွာ ရမည့်အချိန်ကို ဩဂုတ် ၃၁ ရက်နောက်ပိုင်းသို့ ရက်နောက်ဆုတ်ပေးမည် မဟုတ်ဟု ပြောသည်။ တိုက်ခိုက်ရေးအတွက် တာဝန်ချထားခြင်း မဟုတ်သည့် တူရကီတပ်ဖွဲ့ဝင် ၅၀၀ ကျော်မှာ အာဖဂန်နစ္စတန်တွင် ရောက်ရှိနေသည်။ ယခုအခါ အဆိုပါတပ်ဖွဲ့ဝင်များကို အာဖဂန်နိုင်ငံ အတွင်းမှ ထွက်ခွာနိုင်ရေးလုပ်ဆောင်ပေးနေပြီဟု တူရကီက ပြောသည်။

 

လေယာဉ်ပြေးဆွဲမှုများ တဖြည်းဖြည်းရပ်ဆိုင်းလာ

 

ဘယ်လ်ဂျီယံနိုင်ငံသည်လည်း မကြာသေးမီရက်ပိုင်းအတွင်း ဥရောပနှင့် အာဖဂန်များအပါအဝင် လူပေါင်း ၁၁၀၀ ကို စစ်ဘက်လေယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ အဆုံးသတ်သွားပြီဟု ဩဂုတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံသည်လည်း ၎င်းတို့၏ လေယာဉ်များပြေးဆွဲမှုကို ဩဂုတ် ၂၆ ရက် တွင် အဆုံးသတ်ပြီဟု ကြေညာခဲ့သည်။

 

ကဘူးလ်မြို့လေဆိပ် အခြေအနေများကို ထိန်းချုပ်လျက်ရှိသည့် ပင်တဂွန်စစ်ဌာနချုပ်သည်လည်း ဩဂုတ် ၃၁ ရက်မတိုင်မီ ကယ်ဆယ်ရေးလုပ်ငန်းများကို တဖြည်းဖြည်းချင်း ရပ်နားသွားမည်ဟု ပြောသည်။

 

ကိုးကား - အေအက်ဖ်ပီ