အက်ရှင်ဇာတ်လမ်း Oxygen  တွင် မိုးအောင်ရင် ပထမဆုံး ပြန်လည်သရုပ်ဆောင်မည်

သရုပ်ဆောင် မိုးအောင်ရင်သည် Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်ကာ ဒါရိုက်တာ နေပိုင် ခံစားတင်ပြမည့် Oxygen  ရုပ်ရှင်ဇာတ်လမ်းတွင် ပထမဆုံး ပြန်လည် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ နေပိုင်က “ဒီဇာတ်လမ်းကို ရန်ကုန်နဲ့ နေပြည်တော်မှာ သွားရောက်ရိုက်ကူးမှာပါ၊ ဇာတ်လမ်းပုံစံက Action Romance  ပုံစံပါ၊ မြင့်မြတ်နဲ့ မိုးအောင်ရင်အတွဲကို အဆန်းလေး ကျွန်တော် တွဲထားပါတယ်၊ ဒီကားက မိုးအောင်ရင် ပြန်စရိုက်တဲ့ကား ဖြစ်တဲ့အပြင် ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် ကျွန်တော့် မှာလည်း တာဝန်ကြီးပါတယ်၊ ဇာတ်ကတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပေါ့၊ တစ်ယောက်နဲ့တစ်ယောက် မျှမျှတတနဲ့ပဲ သွားထားတဲ့ ဇာတ်လမ်းလေးပါ” ဟု ပြောသည်။
ဇာတ်လမ်းအကြောင်းနှင့် ပတ်သက်၍လည်း ဒါရိုက်တာ နေပိုင်က “ဒီဇာတ်လမ်းထဲမှာ မိုးအောင်ရင်က ငယ်ဘဝမှာကတည်းက မိဘတွေက Accident ဖြစ်ပြီး ဆုံးသွားတယ်၊ တစ်ကောင်ကြွက်ပေါ့၊ မြင့်မြတ်ရဲ့မိဘတွေကလည်း Accident  ဖြစ်ပြီး ဆုံးသွားကြတဲ့အတွက် သူလည်း အထီးကျန်တဲ့ဘဝပေါ့၊ သူတို့ကို ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းတော်ကြီးက မွေးစားလိုက်တယ်၊ တစ်နေ့ကျောင်းမှာ သိမ်လာလှူတဲ့ လင်မယားနှစ်ယောက်က သားသမီးမထွန်းကားတဲ့အတွက် တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကို မွေးစားဖို့ပြောတဲ့အချိန်မှာ မိုးအောင်ရင်က ငါက ဆင်းရဲတဲ့ဘဝကလာခဲ့တာ၊ မင်းနဲ့ငါ လူစားထိုးမယ်ဆိုပြီး အလဲအလှယ်လုပ်လိုက်ရင်းနဲ့ ဒီဇာတ်လမ်း လေး စဖြစ်လာတာပါ”ဟု ပြောပြသည်။
မိုးအောင်ရင် ထောင်မှလွတ်ပြီး ပထမဆုံးပြန်ရိုက်သည့် ရုပ်ရှင်ကို ရိုက်ကူးဖြစ်ခြင်းနှင့်ပတ်သက်၍လည်း ဒါရိုက်တာ နေပိုင်က “မိုးအောင်ရင် ပထမဦးဆုံး ပြန်ရိုက်တဲ့ဇာတ်ကား ဖြစ်သလို မြင့်မြတ်နဲ့ မိုးအောင်ရင်တို့နှစ်ယောက်ဆုံတဲ့ အဆုံက ကျွန်တော့်အတွက် အရေးကြီးပါတယ်၊ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကတော့ အစွမ်းကုန် ကြိုးစားမှာပါ၊ မိုးအောင်ရင် အထဲမရောက်ခင်က ကျွန်တော်နဲ့ ဗွီဒီယိုတွေ အများကြီး ရိုက်ခဲ့ ဖူးပါတယ်၊ သူက ကြိုးစားတယ်၊ ဒီကားဆိုရင်လည်း Location  သွားကြည့်တာ သုံးလေးရက်လောက်ရှိပြီ၊ သွားကြည့်တဲ့အချိန် မှာ သူက ညီအစ်ကိုလိုပဲ၊ သူလိုက်ကြည့်ပေးတယ်၊ လိုအပ်တာတွေလည်း ကူညီတယ်၊ သူ့ဘဝကို ပြန်ပြီးကြိုးစားတည်ဆောက် နေတဲ့အတွက် သူနဲ့ တွဲလုပ်ရတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့ အားရှိပါတယ်၊ မြင့်မြတ်ကလည်း welcome လုပ်တဲ့အခါကျတော့ ရွှေမှုံရတီနဲ့ ကျွန်တော်အပါ သုံးယောက်က မိုးအောင်ရင် အတွက် ပံ့ပိုးမှုတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြမှာပါ၊ ဒီကား ပြီးရင်တော့ Pay Per View  မှာ ရိုက်ဖို့ရှိပါတယ်” ဟု ဆက် ပြောသည်။
ဓနုတ်ကိုကိုဇော်၏ ဇာတ်လမ်းကို ဒီရေလှိုင်း ဇာတ်ညွှန်း ရေးသားထားသည့် အဆိုပါရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ နေနော်၊ နေရဲ၊ အောင်ခိုင်၊ ရွှေမှုံရတီနှင့် အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ကြမည်ဟု သိရသည်။ 


ကိုလင်း