အကယ်ဒမီရန်အောင် ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သွားမည်

၂ ဇန်နဝါရီ

အကယ်ဒမီရန်အောင်သည် ၂၀၁၉ ခုနှစ်တွင် ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ကိုင်သွားမည်ဖြစ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးရန်ရှိကြောင်းနှင့် ပွဲဦးထွက်အဖြစ် ပရိသတ်များအတွက် ပျော်ရွှင်ဖွယ် ပုံစံမျိုးနှင့်သာ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဒရာမာပုံစံလေးတွေလည်း ကျွန်တော်ထုတ်လုပ်သွားဖို့တော့ရှိပါတယ်။ ဒါပေမယ့် ဇာတ်ကားကောင်းရဖို့အတွက်ဆို အများကြီးကြိုးစားလုပ်ဆောင်သွားရမှာပါ။ အရိုက်ချင်ဆုံးကတော့ မိဘမေတ္တာဘွဲ့ဇာတ်လမ်းတွေ ပိုပြီးရိုက်ချင်တယ်။ ညီအစ်ကိုမောင်နှမ ဇာတ်မျိုးဒါတွေက ဘယ်တော့မှမရိုးဘူးလို့ထင်တယ်။ ၅၂၈ မေတ္တာကိုညွှန်းတဲ့ ဇာတ်တွေဆိုတာ အပြင်က လက်တွေ့ဘဝတွေမှာ အများကြီး ဖြတ်သန်းနေရတာလေ။ အဲဒါကြောင့် ကျွန်တော် ရိုက်ချင်ပါသေးတယ်။ ဇာတ်လမ်းအတွက် ဝတ္ထုရှာပြန်ရင်လည်း တော်တော်များများက သူများဝယ်ပြီးတာများတယ်။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်တိုင် ဇာတ်လမ်းရှာ၊ ဇာတ်ညွှန်းရေးပြီး ရိုက်ရတော့မှာပေါ့။

“အချို့ဝတ္ထုတွေက ဘဘဦးသုခ ပြောသလိုပေါ့။ သိပ်နာမည်ကြီးတဲ့ဝတ္ထုတွေ သူမရိုက်ဘူးတဲ့။ ဘာလို့လဲဆို တာဝန်ကြီးလို့ပါတဲ့။ သူက ဝတ္ထုတိုလေးတွေလောက်သာ သူရိုက်ဖြစ်တယ်ဆိုပြီး ပြောဖူးတယ်။ နာမည်ကြီး ဝတ္ထုတွေက စာအဖြစ် ဖတ်လို့ကောင်းပေမယ့် ဇာတ်လမ်းအဖြစ်ပုံဖော်ရင် တာဝန်ကြီးတယ်လို့ ပြောဖူးပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ရိုက်မယ်ဆိုရင် ကိုယ်တာဝန်ယူနိုင်ပြီး အကောင်းဆုံး ဖန်တီးနိုင်မယ်ဆိုမှပဲ လုပ်မယ်လို့ စဉ်းစားထားတယ်။ စာကတော့ ရေးထားတာ တစ်ကြောင်းတည်း၊ အဲဒီတစ်ကြောင်းကိုပဲ ၃၊ ၄ ရက်လောက် ရိုက်ရတာမျိုးတွေ ကိုယ်တိုင်လည်းကြုံဖူးခဲ့ပါတယ်” ဟု ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်မည့် ဇာတ်လမ်းများနှင့်ပတ်သက်၍ ရန်အောင်က ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် Myanmar Idol Season 3 တွင် ဒိုင်တစ်ဦးလည်းဖြစ်ခဲ့သူ အကယ်ဒမီရန်အောင်အနေဖြင့် ဒိုင်တစ်ယောက်၏ ဆုံးဖြတ်ချက်များ၊ မှတ်ချက်ပေး မှုများအပေါ် ပရိသတ်က ကျေနပ်အားရမှုနည်းခဲ့သည့်အကြောင်းနှင့်ပတ်သက်၍လည်း ယခုလို ရှင်းပြခဲ့သည်။

“ပြောနေတာတော့ ကြားပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒိုင်တစ်ယောက်ထက် အကြံပေးတစ်ယောက်အဖြစ်နဲ့ဆို ပိုမှန်ပါတယ်။ ကျွန်တော် မှတ်ချက်ပေးတာနဲ့ ပတ်သက်ပြီး ပရိသတ်အားရကျေနပ်မှု နည်းတယ်ပေါ့။ ကျွန်တော်က ကြားနေတဲ့သူ ဖြစ်နေတော့ ဝေဖန်မှုတွေကို ကျွန်တော့်ထက်ပိုပြီး ဂီတဘက်မှာ ဆရာကျတဲ့သူတွေ ရှိတယ်လေ။ သူတို့ကပဲ အများဆုံး ဆုံးဖြတ်ပေးကြတာကို။ ကျွန်တော်က သရုပ်ဆောင်ဘက်က လာတဲ့သူဆိုတော့ ဂီတပိုင်းမှာ သူတို့လောက် မကျွမ်းကျင်တာမို့ပါ။ ပရိသတ် မုန်းသွားမှာစိုးတာမျိုးတို့၊ ချစ်အောင်တမင်လုပ်တာမျိုးတို့တော့ မဟုတ်ပါဘူး”ဟု ၄င်းက ပြောသည်။ 

ကိုလင်း