အလောင်းတော်ကဿပ ရုပ်ပွားတော်ဘုရား (၅၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကနီ ၉ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ ရုပ်ပွားတော်ဘုရား ရင်ပြင်တော်တွင် ဖေဖော်ဝါရီ ၈ ရက် (တပို့တွဲလပြည့်နေ့) မွန်းတည့် ၁၂ နာရီခွဲက ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲမှာ ဆရာတော်သံဃာတော်အပါး ၃၀ မှ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီးကို သိန္ဒိတင်ရေသိမ်ဝင်ပြီး ဆရာတော်သံဃာတော်များအား သိမ်တက် သံဃာ့ဒါန ဆွမ်းလောင်းလှူပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

 

b2

 

“ဒီဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဖိုလ်ဝင်တောင် သာသနာပြုဆရာတော်တော်ကြီး ဦးသုမနကနေ စတင်ပြီးတော့ တပို့တွဲလပြည့်နေဟာ ရှင်မဟာကဿပကြီး ပရိတ်နိဗ္ဗာန်ပြုတဲ့နေ့ ဖြစ်တဲ့အတွက် ပရိတ်နိဗ္ဗာန်ပြုတဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ကျင်းပတာ ဖြစ်ပါတယ်၊ ဆရာတော်ကြီးရှိစဉ်က စတင်ကျင်းပခဲ့ရာ ဒီနှစ်ဆိုရင် (၅၂)ကြိမ်မြောက် လောင်းလှူပူဇော်တာ ဖြစ်ပါတယ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလားတဲ့သူတွေက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူပြီး ကျွန်တော်တို့ ဂေါပကအဖွဲ့ကနေ ဆရာတော်သံဃာတော်များကို သံဃာ့ဒါန ဝတ္ထုငွေများ ကပ်လှူဒါန်းပူဇော်ပါတယ်" ဟု အလောင်းတော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်က ပြောပြသည်။

အဆိုပါ အလောင်းတော်ကဿပဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နှစ်စဉ် ရှင်မဟာကဿပကြီး ပရိတ်နိဗ္ဗာန်ပြုသည့်နေ့ တပို့တွဲလပြည့်နေ့မှာ တစ်ကြိမ်နှင့် တပေါင်းလပြည့်နေ့မှာ တစ်ကြိမ် ဘုရားဖူးရာသီကာလ လေးလအတွင်း ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ နှစ်ကြိမ် ကျင်းပပြုလုပ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)