အလုပ်သမားကြီးများ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ

နှစ်စဉ် မေလ ၁ ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်သည်။ တိုင်းပြည်ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်သမားကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ် ပြုရန် နှစ်စဉ်ကျင်းပခြင်း ဖြစ်သည်။ နေ့စဉ် ရှစ်နာရီ အလုပ်လုပ်ရန်၊ ရှစ်နာရီ အပန်းဖြေရန်နှင့် ရှစ်နာရီ အနားယူခွင့်ရရှိရန် တောင်းဆိုသည့် အလုပ်သမားသမဂ္ဂ များ၏ လှုပ်ရှားမှုမှစတင်ခဲ့ခြင်း ဖြစ်သည်။

အမှန်တော့ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိ ကာယ၊ ဉာဏလုပ်သားကြီးများအပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ စင်စစ်အားဖြင့် ကာယ၊ ဉာဏလုပ်သားကြီးများသည် နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ် လုပ်ငန်းများ တိုးတက်အောင်ဖော်ဆောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ကာယ၊ ဉာဏလုပ်သားကြီးများ ကျန်းမာပျော်ရွှင်ရေး၊ သက်သာချောင်ချိရေးတို့အတွက် တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ကမ္ဘာတစ်ဝန်းရှိ ကာယ၊ ဉာဏလုပ်သားကြီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ ထိုက်သင့်သော လုပ်ခ လစာခံစားခွင့်ရရှိစေရန်၊ လုပ်သားကြီးများအတွက် လူမှု ဖူလုံရေးဆောင်ရွက်ပေးနိုင်ရန်၊ အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်ဆက်ဆံရေးကောင်းမွန်စေရန်နှင့် အပြန် အလှန်အကျိုးပြုနိုင်ရန်ဆိုသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မေလ ၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ အလုပ်သမား နေ့အခမ်းအနားများ ကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံတွင် လည်း အလုပ်သမားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပ လျက်ရှိသည်။
ထိုနေ့တွင် ကာယ၊ ဉာဏလုပ်သားကြီးများသည်လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ မိသားစုများနှင့်အတူ ပျော်ရွှင် စွာ ဖြတ်သန်းနိုင်ကြသည်။ အလုပ်နားသော်လည်း ထိုနေ့ အတွက် လုပ်ခလစာအပြည့်အဝရရှိကြသည်။ လက်ရှိ အချိန်တွင် အလုပ်သမားများသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိနေပြီ ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။

သမိုင်းကြောင်း

လွန်ခဲ့သော ၁၈ ရာစုက ဝိသမလောဘသမား အလုပ် ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည် နေ့စဉ်နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း ထိုက်တန်သော လုပ်ခလစာမရရှိခဲ့ချေ။ အကျိုးဆက် အနေဖြင့် အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းသည် နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမားခေါင်းဆောင်များ သည် အလုပ်သမားများ သက်သာချောင်ချိရေးအတွက် တောင်းဆိုခဲ့ကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်လွန်ကာလများ အတွင်း အလုပ်သမားခေါင်းဆောင်များသည် အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များသည် အလွယ်တကူ လိုက်လျော ပေးခဲ့ခြင်းမရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တောင်းဆိုသူများကို ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမား တို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ပျံ့နှံ့လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် အမေရိကန် အလုပ် သမားများအဖွဲ့က တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီသာ သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်သည် ၁၈၈၆ ခုနှစ် မေလ ၁ ရက် နေ့တွင် စတင်သက်ရောက်ခဲ့သည်။ ၁၈၈၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပ ခဲ့သည့် နိုင်ငံပေါင်း ၂၀ မှ ဆိုရှယ်လစ်နှင့် လေဘာပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော ညီလာခံက ချီကာဂိုတောင်းဆိုချက်ကို အကြောင်းပြု၍ နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ (May Day) အဖြစ် သတ်မှတ်ခဲ့သည်။


သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်အစိုးရသည် ပြည်တွင်းရှိအလုပ်သမား များနှင့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဥပဒေနှင့် အညီ အကျိုးခံစားခွင့်ရရှိစေရန် တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာအလုပ်ရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်မှစ၍ အာဆီယံအသိုက်အဝန်းတွင် ပူးပေါင်းပါဝင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ခလစာခံစားခွင့်များ ပိုမိုရရှိလာပြီဖြစ်သည်။

ထို့အပြင် အမျိုးသားအဆင့် အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အစိုးရ၊ အလုပ်ရှင်များနှင့် အလုပ် သမားများပူးပေါင်းကာ သင်တန်းကျောင်းများ ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ပ တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများအတွက်လည်း သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေ များနှင့်အညီ ရပိုင်ခွင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေ ရန် မြန်မာအလုပ်သမားများ အများဆုံး သွားရောက် လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများ ခန့်အပ် ကာ ဖြေရှင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံ တစ်ဝန်းတွင် အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းလျက်ရှိသည်။
ကာယ၊ ဉာဏလုပ်သားကြီးများ၏ ကျွမ်းကျင်မှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား အဆင့်လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများနှင့် သင်တန်းများဖွင့်လှစ်ရေးအတွက် လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ရက်အတွက်အနည်းဆုံးလုပ်ခလစာကိုလည်း သတ်မှတ်နိုင်ခဲ့သည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား သုံးပွင့်ဆိုင် ဆွေးနွေးမှုများ၏ ရလဒ်ပင်ဖြစ်သည်။ ထို့အပြင် အလုပ် သမားများကို အကာအကွယ်ပေးမည့် ဥပဒေနှင့် နည်းဥပဒေများကိုလည်း ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ အလုပ်သမားများသည် နိုင်ငံ၏ စွမ်းအားများဖြစ်သောကြောင့် အလုပ်သမားများအတွက် သက်သာချောင်ချိရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ စင်စစ်အားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ အလုပ် သမားနှင့် အလုပ်ရှင် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက် နေခြင်းပင်ဖြစ်သည်။ လုပ်သားကြီးများအတွက် အားတက်ဖွယ်ရာပင် ဖြစ်သည်။


ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ
ဆိုရလျှင် နှစ်စဉ် မေလ ၁ ရက်နေ့သည် ကမ္ဘာ့အလုပ် သမားနေ့ပင် ဖြစ်သည်။ အလုပ်သမားများသည် နိုင်ငံ တစ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားများပင် ဖြစ်သည်။ ကာယ၊ ဉာဏလုပ်သားကြီးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ
ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် ကျေးဇူးရှင် အလုပ်သမားကြီးများ၏ လူမှုဘဝဖူလုံရေးအာမခံချက် ရှိနေအောင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ပေ သည်။ ထိုအခွင့်အလမ်းများအနက် အခြေခံအကျဆုံး အချက်သည် ထိုက်သင့်သော လုပ်ခလစာရရှိအောင် ဖန်တီးပေးရန်ပင်ဖြစ်သည်။ သို့မှသာလျှင် ကုန်ထုတ် လုပ်ငန်းများတွင် အင်ပြည့်အားပြည့် ပါဝင်ထမ်းဆောင် နိုင်ကြမည်ဖြစ်သည်။


သို့သော် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်ပျံ့နှံ့လျက်ရှိသော ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းထားရသည်။ တချို့သော စက်ရုံ၊ အလုပ်ရုံများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်လည်ပတ်နေသော်လည်း အလုပ်သမားကြီးများသည် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ခံရမည်ကို စိုးရိမ်ပူပန်နေသဖြင့် အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်စွမ်း မရှိကြပေ။ သို့သော် မိသားစုစားဝတ် နေရေးအတွက် ပြင်ပသို့ထွက်၍ အလုပ်လုပ်ကြရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အလုပ်သမားကြီးများ အနေဖြင့် ထိုသို့အလုပ်လုပ်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်မှုအန္တရာယ်မှ ကင်းဝေးပြီး မိသားစုနှင့် တိုင်းပြည်အကျိုးကို ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ချမ်းသာစွာဖြင့် သယ်ပိုးဆောင်ရွက်သွားနိုင်ကြ ပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)