အများပြည်သူများ ကြည့်ရှုနိုင်ရန် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်

နေပြည်တော် ၁၇  နိုဝင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အများပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုယိမ်းအက၊ အဆို၊ အငြိမ့်နှင့် မျက်လှည့် အစီအစဉ်များ ပါဝင်သည့်ဖျော်ဖြေပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၌ ကျင်းပသည်။

 

 

ဖျော်ဖြေပွဲတွင် အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် မျက်လှည့်ပညာရှင်များက ဆီမီးပူဇော် သာဓုခေါ် ယိမ်းအက၊ ပွဲဦးအလင်္ကာယိမ်းအက၊ မင်္ဂလာပါယိမ်းအက၊ ပျူခေတ်ယိမ်းအက၊ ပုံဂံခေတ် နန်းတွင်းယိမ်းအက၊ ကြံတိုင်းအောင်ပါစေ ယိမ်းအက၊ ဖိလစ်ပိုင်စုံတွဲ ယိမ်းအက၊ ကျော့ရှင်းမူယာ ဆံကေသာယိမ်းအက၊ ရုပ်သေးအပျိုတော် ယိမ်းအက၊ ရုပ်သေးခုနှစ်ထွေအက၊ မြန်မာ့အလှထီး ယိမ်းအက၊ ယုံကြည်ခြင်းများစွာဖြင့် (အာဆီယံ) အက၊ ရွှေမြန်မာသာယာ ငြိမ်းချမ်းအက၊ ကြွေရုပ်သဏ္ဍာန်အက၊ လှုပ်ရှားညီညီ ဟန်ရေးချီအက၊ နုလှပုံသွင် ကဟန်ယဉ်အက၊ နောင်အင်းလေးသီချင်း၊ ရှုတိုင်းယဉ်သီချင်း၊ လာချင်ရင်အနီးလေးသီချင်း၊ သာစွဌာနေ ရာမညမြေသီချင်း၊ စောရအိုင်သီချင်း၊ ပြည်တော်ဝင်သီချင်း၊ တောသူလေးမို့သီချင်း၊ မျက်လှည့်နှင့် အငြိမ့်တို့ဖြင့် သီဆို၊ ကပြ ဖျော်ဖြေကြသည်။

 

 

 

ယခု ဖျော်ဖြေတင်ဆက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ လစဉ်အလှည့်ကျအခမဲ့ ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ယခုဖျော်ဖြေမှုသည် နဝမအကြိမ်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ဖျော်ဖြေပွဲသို့ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား အပန်းဖြေသူများ လာရောက်ကြည့်ရှုကြသည်။

 

(သတင်းစဉ်)