အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ဗီဇပြောင်း ဘီအေ-၄ နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများဖြစ်

ဇူလိုင် ၁၃

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အိုမီခရွန်မျိုးကွဲ ဘီအေ-၄နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုများ ဖြစ်သည်ဟု အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (စီဒီစီ)၏ ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်သီတင်းပတ် ဇူလိုင် ၉ ရက်နေ့အထိ မျိုးကွဲ ဘီအေ-၅ အမျိုးအစားကူးစက်မှုသည် ၆၅ ရာခိုင်နှုန်းရှိပြီး ဘီအေ-၄ အမျိုးအစားကူးစက်မှုသည် ၁၆ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း စီဒီစီက အချက်အလက်ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံတွင်  မျိုးကွဲ ဘီအေ-၄ အမျိုးအစား ကူးစက်မှုများ ပိုမိုများပြားလာသည်။

 

အဆိုပါဗီဇပြောင်းမျိုးကွဲနှစ်မျိုး၏ ကူးစက်မှုသည် မေလလယ်ပိုင်းမှစတင်ကာ များပြားလာခြင်းဖြစ်ကြောင်း အတည်ပြုချက်ကို စီဒီစီတွင် ဖော်ပြထားသည်။

 

ဘီအေ-၄ နှင့် ဘီအေ-၅ အမျိုးအစားကူးစက်မှုသည် အစောပိုင်းအိုမီခရွန်မျိုးကွဲများထက် ရောဂါပိုမိုကူးစက်လွယ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများသည် ထိုကူးစက်မှုများကို ကာကွယ်နိုင်မည်ဟု ယူဆရကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

 

အမေရိကန်နိုင်ငံတွင် ရုးများ၊ စာသင်ကျောင်းများနှင့် မိုးလုံလေလုံခန်းများတွင် ရောဂါကူးစက်မှုများပြန်လည်ဖြစ်ပွားနေပြီး ယခုနွေရာသီ သို့မဟုတ် ဆောင်းဦးရာသီတို့တွင် ကူးစက်မှုများမြင့်တက်လာနိုင်သည်ဟု သိရသည်။

 

မိုးလုံလေလုံခန်းအတွင်း ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ခြင်းအပါအဝင် လူစုလူဝေးများရှောင်ရှားခြင်းနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းတို့သည် ဘီအေ-၄ နှင့် ဘီအေ-၅ ကူးစက်ခြင်းကြောင့် ဖျားနာခြင်း၊ ဆေးရုံတက်ကုသခြင်းနှင့် သေဆုံးခြင်းတို့ကို ထိရောက်စွာကာကွယ်ပေးနေဆဲဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက အလေးထားပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို