အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုရရှိခဲ့ကြသူများနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၏ စကားသံများ



တွေ့ဆုံမေးမြန်း
ရီရီ၊ ဥမ္မာ၊ စန္ဒီ
ဓာတ်ပုံ
ဇော်မင်းလတ်၊ ရဲထွဋ်
===========
နတ်တော်လဆန်း (၁) ရက်နေ့ကို   မြန်မာနိုင်ငံတွင် စာဆိုတော်နေ့ဟု  သတ်မှတ်ထားသည်။ စာဆိုတော်နေ့သည် နိုင်ငံတော်၏ ဘာသာသာသနာ၊  လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု အသိပညာအဖြာဖြာတို့ကို တိုးတက်အောင် ကလောင်ကိုင်စွဲပြီး ပါဝင်ကြိုးပမ်းခဲ့သည့် စာပေပညာရှင်ကြီးများ၏ ဂုဏ်ကျေးဇူးကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သည်။
ယခုနှစ်တွင်   အမျိုးသားစာပေတစ်သက်တာဆုရှင် နှစ်ဦးနှင့် ဘာသာရပ် ၁၀  မျိုးတွင်  ဆရာ  ဆရာမကြီး  ၁၀  ဦးတို့က  အမျိုးသားစာပေဆုများ  ရရှိခဲ့ကြ သည်။ 
ယနေ့စာပေဆုချီးမြှင့်ပွဲတွင် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုရရှိခဲ့ကြသူများနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင် များအား မြန်မာ့သတင်းစဉ်က မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက် ပါသည်-
ဆရာဆင်ဖြူကျွန်းသန်းထွန်း
မြန်မာ့နိုင်ငံခြားဆက်ဆံရေးများ    ခေါင်းစဉ်နဲ့      ရေးထားတာပါ။ လွတ်လပ်ရေးရတဲ့ အချိန်ကနေပြီးတော့ ၂၀၁၅ အထိ မြန်မာ့နိုင်ငံခြားဆက်ဆံရေး များကို ခေတ်ကာလပိုင်းခြားပြီး ရေးသားထားတာပါ။ အခုကတော့ နိုင်ငံခြား ဆက်ဆံရေးကို  တော်တော်များများစိတ်ဝင်စားပြီး  ဖတ်လည်းဖတ်နေကြပြီ ဖြစ်တယ်။   နောက်ပြီး   တကယ်လည်း   အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်။ အဲဒီလို ကျွန်တော့်စာအုပ်ကို ကြိုးစားပြီးဖတ်မယ်ဆိုရင်  နိုင်ငံခြားဆက်ဆံရေး အခြေအနေကို နားလည်ပြီး  အကျိုးရှိလိမ့်မယ်လို့  ယုံကြည်ပါတယ်။ ဒီထက်ပိုပြီး တတ်နိုင်လို့ရှိရင် ရည်ညွှန်းထားတဲ့ စာအုပ်စာတမ်းတွေကို ရှာဖွေပြီး ဆက်ဖတ် သွားမယ်ဆိုရင်   ကျွန်တော်ရေးထားတာထက်   ပိုမိုပြည့်ပြည့်စုံစုံ နားလည်သွား နိုင်ပါမယ်။
ကဗျာဆရာမ ပန်ဒိုရာ
အမျိုးသားစာပေဆု ကဗျာပေါင်းချုပ်နဲ့ ဆုရတာပါ။ ယနေ့ခေတ် ကဗျာ ဆရာတွေ အတော်များများရေးနေကြတဲ့  ခေတ်ပေါ်၊ ခေတ်ပြိုင်ကဗျာအမျိုးအစား တွေပါ။  ရိုးရာပုံစံမဟုတ်ဘူး။   ဒီလိုကဗျာမျိုးတွေ ထည့်သွင်းစဉ်းစားတယ်ဆိုတော့ ဆုပေးတဲ့အဖွဲ့တွေက    လိုသလိုဆုံးဖြတ်နိုင်တာ    တွေ့တဲ့အတွက်ကြောင့် အများကြီးဝမ်းသာပါတယ်။   လွတ်လပ်တဲ့  အစိုးရလက်ထက်မှာ  လွတ်လွတ် လပ်လပ်ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ ကျွန်မရေးတဲ့အထဲက  ကဗျာတွေက ဒီခေတ်မှာ   ကဗျာဆရာ  အများအပြားက   လွတ်လွတ်လပ်လပ်ရေးကြတာ များတယ်။  အဲဒီလွတ်လပ်မှုက  ဘယ်သူ့အတွက် ဘယ်ဟာအတွက် တစ်ခါ တလေ အများကို  ကိုယ်စားပြုပြီး အများပြည်သူမမြင်နိုင်တဲ့  သာမန်ပြည်သူ တစ် ယောက်အနေနဲ့  တွေ့ကြုံပြီးတော့ ဒါကို ကဗျာအားဖြင့် ပြန်လည်ပြီးရေးလိုက် တာ မျိုးရှိတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်  ဆက်သွယ်မှုရှိနိုင်ပါတယ်။  ကျွန်မတို့လည်း  ပုံမှန်အရပ်ထဲမှာ  သွားလာနေကြတဲ့သူ   အဲဒီထဲမှာ   ကဗျာကို ဝါသနာပါသူပေါ့။ ဒါပေမယ့် သုံးစွဲပုံတွေကတော့ ရှေးခေတ်ပုံစံမျိုး မဟုတ်တော့ဘဲ ဒီခေတ်ရဲ့ ရွေ့လျားမှုအတိုင်း အာရုံခံစားမှုအတိုင်း ဒီခေတ်မှာ ကဗျာဆရာ အများအပြားက ရေးလာနေကြတယ်။ အဲဒီလို ပြည်သူအတွက်  ရည်ရွယ်ချက် ကြီးနဲ့ ရေးတာမျိုးမဟုတ်ပေမယ့်လည်း အားလုံးဖတ်ကြည့်မယ်ဆိုရင်တော့ အနည်းအများ   ဆက်သွယ်မှုရလိမ့်မယ်လို့  ထင်ပါတယ်။ ကျွန်မစာအုပ်ထဲက ကဗျာတွေက အမျိုးအစားစုံပါတယ်။ နေ့စဉ်ဘဝအဖြစ်အပျက်တွေ၊ အရေးကြီး တဲ့ အချိန်ရက်စွဲတွေ ရေးထားပါတယ်။  ဒါတွေကို   ပြန်လည်ဆက်စပ်ကြည့်မယ် ဆိုရင် ဘယ်အချိန်က ဘာဆိုတာ သိနိုင်ပါလိမ့်မယ်။
ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)
ဆုရတာက ဘာသာပြန်(သုတ)စာအုပ်ပါ။ ကျွန်တော့် ဘာသာပြန်စာအုပ်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ်လည်းဖြစ်၊ လွတ်လပ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဂျဝါဟာလားနေရူး အင်္ဂလိပ်လိုရေးတဲ့ စာအုပ်ကို ဘာသာပြန်ထားတာပါ။   စာအုပ်နာမည်က   လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်းပါ။ စာအုပ်က တော်တော်ရှည်ပါတယ်။ အင်္ဂလိပ်လူမှုရေးမှာကိုက   စာမျက်နှာ တစ်ထောင်နီးပါးရှိတယ်။ ကျွန်တော်က စာအုပ်သုံးအုပ်ခွဲပြီးတော့ ဘာသာပြန် ရပါတယ်။  အားလုံးစာမျက်နှာ  နှစ်ထောင်နီးပါးရှိတယ်။ ဒီစာအုပ်က နေရူး လွတ်လပ်ရေးတိုက်ပွဲ လုပ်ကိုင်နေတဲ့အတွက် အင်္ဂလိပ်အစိုးရက ဖမ်းပြီးထောင်ချ တယ်။ ထောင် ၉ ကြိမ်ကျတယ်။  ထောင်ထဲကနေပြီးတော့  သူ့သမီး အင်ဒီရာ ဂန္ဒီဖတ်ဖို့ သမီးအတွက် အလွမ်းစာလေးသဘော ၃ ရက် တစ်စောင်နှုန်းနဲ့ အခန်း ဆက်ပေးစာတွေရေးတယ်။ အားလုံးပေးစာပေါင်း (၁၉၆) စောင်။ ကြုံတုန်း ပြောရရင် နေရူးက သမီးထံပေးစာများဆိုတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရှိတယ်။ အဲဒါ စာအစောင် (၃၀)လောက်ပါတယ်။ အဲဒါက သတ်သတ်ပါ။ မြန်မာနိုင်ငံမှာ အဲဒီစာအုပ်   ဘာသာပြန်လည်းရှိပြီး လူသိလည်းများတယ်။ အခု ကျွန်တော် ဘာသာပြန်တဲ့     လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်းကတော့ဖြင့်      မြန်မာနိုင်ငံမှာ ဘာသာပြန်မရှိပါဘူး။  လူသိနည်းတယ်။  အဲဒီတော့  တစ်ယောက်တလေက မထိမသိ မပြီးမစီးဘာသာပြန်တာလေးတွေတော့  တွေ့တယ်။ ကျွန်တော်က တော့ အစအဆုံးတစ်လုံးမကျန် ဘာသာပြန်တယ်။ ဒီစာအုပ်က အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး ဂန္ဒီပြီးရင် အိန္ဒိယမှာ အထင်ရှားဆုံး အရေးအပါဆုံး ခေါင်းဆောင်ကြီး၊ ကမ္ဘာ့နိုင်ငံရေးမှာလည်း အင်မတန်အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ဒီပုဂ္ဂိုလ်က သူ့သမီးအတွက် အမွေပေးတဲ့သဘောပါ။  
၁၉၃၈ ခုနှစ်အထိ ၁၉၃၉ ခုနှစ် ဥရောပ မှာ ဒုတိယကမ္ဘာစစ် စဖြစ်တယ်။ ကျွန်တော်တို့   မြန်မာနိုင်ငံမှာတော့ ၁၉၄၁  အကုန်  ဒီဇင်ဘာလထဲမှာ ဒုတိယ ကမ္ဘာစစ်ရောက်လာတယ်။ အဲဒီဒုတိယ ကမ္ဘာစစ်ဖြစ်အံ့ဆဲဆဲ ၁၉၃၈ ထိအောင် နေရူးက သမိုင်းကို တော်တော်ပြည့်ပြည့်စုံစုံ အချက်အလက်တွေ အဓိကကျတဲ့ အချက်တွေကို   စီကာပတ်ကုံး  ရေးထားတော့   အင်မတန်မှ    အဆီအနှစ်၊ ယဉ်ကျေးမှုရှုထောင့်၊ နိုင်ငံရေးရှုထောင့်၊ သမိုင်းရှုထောင့်ဘက်စုံကနေပြီးတော့ သမီးအတွက် ရေးတယ်။ ဒီစာအုပ်က အင်မတန်ကို နာမည်ကြီးပါတယ်။ စာအုပ် က  ရိုက်နှိပ်တာ စာအုပ်ပေါင်းက သန်း (၂၀)ကျော်သွားတယ်။  
အဲဒီခေတ် ဗြိတိသျှအစိုးရ အုပ်ချုပ်တာဆိုတော့ နိုင်ငံရေးအကျဉ်းသား တွေက အထိုက်အလျောက် လွတ်လပ်မှုရတယ်။ စာအုပ်ဖတ်လို့ရတယ်။ စာရေး လို့ရတယ်။ ပိုကံကောင်းတာက အိန္ဒိယက ပဏ္ဍိတ်လို့ခေါ်တဲ့ ပညာရှိကြီးတွေ၊ ဗြဟ္မဏကြီးတွေ၊  ပုဏ္ဏားကြီးတွေ၊  ပညာတတ်လူတန်းစားအလွှာ   အိန္ဒိယမှာ များတယ်။ အဲဒီက မျိုးချစ်ပုဂ္ဂိုလ်တွေလည်း ထောင်ကျတယ်။ နေရူးက ထောင်ထဲ မှာ ဒီပုဂ္ဂိုလ်တွေနဲ့ ပြောဆိုဆွေးနွေးခွင့်ရတယ်။  အဲဒီတော့ ဒီစာအုပ်က ပညာနယ် ကျယ်ပြန့်ပြီး တန်ဖိုးရှိတဲ့ အသိပညာတွေပါတဲ့အတွက် ကျွန်တော် ဘာသာပြန် ရတဲ့အတွက်လည်း  ဝမ်းသာမိပါတယ်။ အထူးသဖြင့် နိုင်ငံတော်က ဒီစာအုပ်ကို အမျိုးသားစာပေဆုဘာသာပြန်ဆုပေးတဲ့အတွက် စာအုပ်ကို ပိုပြီးလူသိများ အောင် မြှင့်တင်ပေးရာရောက်တဲ့အတွက်  ကျေးဇူးတင်ပါတယ်။ ပြည်သူလူထု အနေနဲ့လည်း သတိပြုလာတယ်။ အခုလို အစဉ်အလာအနေနဲ့ နှစ်စဉ် အမျိုးသား စာပေဆု စာအုပ်တွေ စာကောင်းပေမွန်တွေကို ရွေးချယ်ပြီး နိုင်ငံတော်ကပေးတဲ့ အစဉ်အလာကို   ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေတဲ့  နိုင်ငံတော်အစိုးရ လက်တွေ့အားဖြင့် ဆောင်ရွက်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါ တယ်။  ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ မှာလည်း ပါဝင်လုပ်ဆောင်ပေးနေပါတယ်။ နောက်လည်း ကောင်းတဲ့အမွေဆက်ခံ ပြီးတော့   နိုင်ငံတော်အစိုးရရဲ့  ကိုယ်စားပြန်ကြားရေးဝန်ကြီးဌာန  အမျိုးသား စာပေဆု   နှစ်စဉ်ဆက်လက်လုပ်သွားနိုင်ပါလိမ့်မယ်လို့  ယုံကြည်ပါတယ်။ လုပ်ဖို့လည်း တိုက်တွန်းပါတယ်။ 
ဒေါက်တာလှကြည်
အာဟာရဆရာဝန်ကြီး(ငြိမ်း)
အမျိုးသားစာပေဆုကို  ကင်ဆာရောဂါနှင့်  မြန်မာ့အစားအစာစာအုပ်နဲ့ ဆုရတာပါ။ ရေးတာကတော့ မြန်မာတွေ အစားအသောက်ကြောင့် ကင်ဆာ ရောဂါတွေဖြစ်တာ   အတော်များတယ်။ ဆရာဝန်တွေလည်း ပါတယ်။ လူတွေ ဆေးလိပ်သောက်ရင်  အဆုတ်ကင်ဆာဖြစ်တာလောက်ပဲသိတယ်။  အစာစားရင် ဖြစ်တဲ့ ကင်ဆာကို သူတို့ မသိကြဘူး။ အစာစားရင်ဖြစ်တဲ့ ကင်ဆာအများကြီးပါ။ ရာခိုင်နှုန်းအားဖြင့်ပြောရင်   အဲဒီစာအုပ်ထဲမှာ  ဖော်မလင်တို့၊  ယမ်းစိမ်းတို့၊ ဆိုးဆေးတွေအကြောင်း ရေးထားပါတယ်။ လူတွေက ပေါ့ပေါ့လေးထင်တာ၊ နောက် မှိုပေါ့။ မြေပဲမှာပါတဲ့မှို၊ ပြောင်းဖူးမှာပါတဲ့မှို အဲဒီမှိုတွေကြောင့် ရောဂါ ဖြစ်တာလည်း ရှိတယ်။ လူတွေက မှိုဆို မြေပဲလောက်ပဲသိတာ၊  ငရုတ်သီးမှုန့် မှိုလောက်ပဲသိတာ၊ မြေပဲဆီစားရင် မှိုတက်တယ်ဆိုတော့ နှမ်းဆီ၊ ပြောင်းဆီ တို့ကို ပြောင်းစားတယ်။   နှမ်းလည်း မှိုတက်ရင် ကင်ဆာဖြစ်တယ်။ ပြောင်းဆီ လည်း မှိုတက်ရင် ကင်ဆာဖြစ်တယ်။ မှိုတက်နေတဲ့ ပြောင်းဖူး၊ ပဲဖတ်၊ နှမ်းဖတ် နွားကိုကျွေးရင်  နွားနို့ထဲမှာ  ကင်ဆာဖြစ်စေတဲ့  အဆိပ်ပါလာတယ်။ သူတို့ အသားမှာ အမဲသား၊ ဝက်သားမှိုပါလာရင် ဒီအသားကိုစားရင်လည်း ကင်ဆာ ဖြစ်တယ် အဲဒါတွေ ရေးထားတာပါ။ 
နောက် ဖော်မလင်နဲ့ပတ်သက်လို့ ပဲပြားမှာ ဖော်မလင်ပါတယ်။ ငါးတွေကို မပုပ်သိုးအောင် လုပ်တယ်။ ဒါကို ထုတ်လုပ်ရောင်းချသူတွေကျတော့ မစားဘူး။ ဝယ်တဲ့သူတွေကသာ စားကြတာ။ သူတို့ကိုယ်သူတို့ လွတ်ပြီလို့ထင်တာ၊ အမှုန် ကနေ အငွေ့ပြန်ရင် ရှူလို့ နှာခေါင်းကနေတစ်ဆင့် နှာခေါင်းနောက် ကင်ဆာ ဖြစ်တယ်။ လုပ်တဲ့သူတွေ သူတို့မစားပေမယ့်လည်း ကင်ဆာဖြစ်တယ်။ အဲဒါတွေ ရေးထားတယ်။ လူတွေ ဗဟုသုတအနေနဲ့ အစားအသောက် ဘယ်လောက် အရေးကြီးလဲဆိုရင်   အရင်တုန်းက   ဂျပန်တွေ   အစာအိမ်ရောဂါဖြစ်တယ်။ အမေရိကန်တွေ ဆီးကျိတ်ကင်ဆာဖြစ်တယ်။  ဒါ ထုံးစံပဲ၊  ဟိုတုန်းကပေါ့။ ဒါပေမယ့် ဂျပန်တွေ အမေရိကန်ကို ပြောင်းနေပြီးတော့ နောက်မျိုးဆက်တစ်ခု နှစ်ခုဆိုရင် ဂျပန်တွေဖြစ်တဲ့ ကင်ဆာက အမေရိကန်တွေ ဖြစ်တဲ့ ကင်ဆာဖြစ်သွား ရော၊ အစာအိမ် ကင်ဆာမဖြစ်တော့ဘူး။ ဘာဖြစ်လို့ဆိုတော့ ဂျပန်ပင်ဖြစ်စေကာမူ အမေရိကန် အစားစားပြီး အမေရိကန်လိုနေသောကြောင့် အမေရိကန်ကင်ဆာ ဖြစ်တာပါ။ ဒါကြောင့် ကင်ဆာဆိုတာ ဗီဇကြောင့် အမေမှာ ကင်ဆာပါရင် သမီး မှာလည်း ကင်ဆာဖြစ်တယ်။ ဒါလည်းမှန်တယ်။ ဒါပေမယ့် အစားအသောက်က အရေးကြီးတယ်။ အစားအသောက် ပြောင်း၊ နေရာပြောင်းရင် ဖြစ်တဲ့ကင်ဆာ အမျိုးအစား ပြောင်းသွားတယ် အဲဒါကို ရေးထားတာပါ။ 
ဦးဝင်းငြိမ်း 
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ
အဖွဲ့ခေါင်းဆောင်(ဝတ္ထုတို) 
ဝတ္ထုတိုနဲ့ပတ်သက်ရင်တော့ ရွေးချယ်တဲ့စံတွေရှိတယ်။ အချက်အလက် တွေ အားကောင်းရမယ်၊  ခေတ်ပြိုင်ခံစားချက်ရှိရမယ် စတဲ့ စံသတ်မှတ်ချက်တွေနဲ့ သတ်မှတ်တယ်။  ဒီနှစ်မှာ ဝတ္ထုတိုအနေနဲ့  အပုဒ်ရေ  ၁၀၀  ဖတ်ရှုစိစစ်ရပြီး ဒီထဲကရွေးချယ်တယ်။ ဝတ္ထုတိုက ကျွန်တော့်အနေနဲ့ပြောရရင် တကယ့်ကို အားကောင်းမောင်းသန်နဲ့  ရှင်သန်လာတဲ့အချိန်  ဖြစ်ပါတယ်။  ကျွန်တော်က ရွှေအမြုတေမဂ္ဂဇင်း ထုတ်တယ်။  လူငယ်တွေက ဝတ္ထုတိုကို  တော်တော်လေး အားသန်ပြီးတော့ ရေးသားကြတာ တွေ့ရတယ်။ ရွှေအသစ်ကဏ္ဍမှာ စာရေးချင် စိတ်ရှိတဲ့လူငယ်လေးတွေကို  ဖိတ်ခေါ်ပြီးရေးသားတဲ့အခါမှာလည်း အင်တိုက် အားတိုက်ရေးကြတာရှိတယ်။
အွန်လိုင်းကိုပြောရရင် အွန်လိုင်းမှာက အယ်ဒီတာမရှိတော့ ခုချက်ချင်းရေး၊ ခုချက်ချင်းတင်လို့ရတယ်။ စာအုပ်နဲ့ရေးသားတာကျတော့ အယ်ဒီတာက လိုအပ် တာကို  စိစစ်ဖြတ်တောက် ဖြည့်စွက်ပေးတယ်။ တစ်ပုဒ်ချင်းစီကို ခံစားပေးပြီး ဆောင်ရွက်ပေးတာ ဆိုတော့ အချိန်ကြာတယ်ပေါ့၊ ကျွန်တော်ဖြစ်စေချင်တာက တော့ အွန်လိုင်းမှာထက်စာရင် မဂ္ဂဇင်းတွေမှာရေးစေချင်တယ်။ ရေရှည်တည်တံ့ တယ်။   ကိုယ့်မျိုးဆက်တွေအထိတိုင်အောင်   အထောက်အကူပေးမှာဖြစ်ပါ တယ်။
ဦးခင်မောင်စိုး(မောင်သာမည)
အဖွဲ့ဝင်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ
ရွေးချယ်စိစစ်ရေးအဖွဲ့မှာ ကျွန်တော်က နိုင်ငံရေးစာပေနဲ့ အင်္ဂလိပ်ဘာသာ ပြန် သုတ၊ ရသအပိုင်းကို အကဲဖြတ်ရတယ်။  နိုင်ငံရေးစာပေတွေအများအပြား ထွက်ပေါ်လာတာတွေ့ရသလို ဘာသာပြန်စာပေကလည်း  နှစ်စဉ်နှစ်တိုင်းလိုလို အကဲဖြတ်ရတာများလာတာ   တွေ့ရတယ်။ ဘာသာပြန်က စာဖတ်ပရိသတ်ရဲ့ အားပေးမှုကို  တော်တော်ရလာတယ်။ ဒါက တော်တော်ကိုအားရစရာကောင်းပါ တယ်။ အရင်တုန်းကဆိုရင် ဘာသာပြန်စာပေက အားနည်းတယ်။ အခုအနေနဲ့က တော့ ပိုပြီးအားကောင်းလာတယ်။ အားရမိတယ်။ ကိုဗစ်ကာလဖြစ်တော့ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့တွေ အွန်လိုင်းပေါ်မှာ ဆုရွေးချယ်ရေးအတွက်  အကြိမ်ကြိမ်တွေ့ဆုံပြီး ရွေးချယ်စိစစ်ရတယ်။ အကြိမ်ကြိမ် ဖတ်ရှုရတယ်။
p စာမျက်နှာ ၁၀ မှ 
ဦးဌေးဝင်း(မောင်လင်းရိပ်)တွဲဖက်အတွင်းရေးမှူး(၂)၊
အမျိုးသားစာပေဆု ရွေးချယ်စိစစ်ရေးကော်မတီ
ကျွန်တော်က ရွေးချယ်စိစစ်ရေးမှာ ကဗျာနဲ့သုတသိပ္ပံ အသုံးချသိပ္ပံမှာ တာဝန်ယူရပါတယ်။ ပြိုင်ပွဲဆုတော့မဟုတ်ဘူး။ တစ်နှစ်ပတ်လုံးထွက်ရှိတဲ့ စာအုပ်တွေထဲကနေ အမျိုးသားအဆင့်စာပေဆုနဲ့ထိုက်တန်တဲ့ စာအုပ်တွေ ကိုရွေးချယ်ပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုချက်အဆင့် အထိရောက်အောင် အဆင့်ဆင့်  အဖွဲ့လိုက် ရွေးချယ်ရပါတယ်။ ကိုဗစ်ကာလ အခြေအနေမှာ  အခုလိုမျိုးအခြေအနေရောက်အောင်   ကျင်းပပေးတာကိုပဲ ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။
စာရေးဆရာမ မနှင်းဖွေး 
(အတွင်းရေးမှူး၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့)
စိစစ်ရွေးချယ်ရေးအနေနဲ့ လူငယ်စာပေစိစစ်ရွေးချယ်ရေးမှာရော၊ ဝတ္ထုရှည် စိစစ်ရွေးချယ်ရေးအဖွဲ့မှာပါပါတယ်။ ဒီနှစ်မှာတော့ လူငယ်စာပေဆုစိစစ်ရွေး ချယ်လို့မရခဲ့ဘူး။ စာအုပ်တွေကထွက်တာနည်းတယ်။ တက်လာတဲ့အထဲမှာလည်း ဆုပေးဖို့အဆင်မပြေတာတွေပါသလို၊ အဖွဲ့နဲ့ရွေးချယ်တဲ့အခါမှာလည်း အဖွဲ့ဝင် တွေအားလုံးလက်ခံနိုင်တဲ့ သဘောတူနှစ်သက်တဲ့ စာအုပ်တွေပဲ ရွေးချယ်ဖြစ် တာကြောင့်မို့လို့ လူငယ်စာပေကို ရွေးချယ်လို့မရခဲ့ဘူး။ ဝတ္ထုရှည်ကျတော့ အဖွဲ့ဝင်တွေအားလုံး တညီတညွတ်တည်း သဘောကျပြီး ရွေးချယ်ဖြစ်လိုက်တယ်။
လူငယ်တွေကိုစာပေများများဖတ်စေချင်တယ်။ လေ့လာစေချင်တယ်။ သုတစာပေရော၊  ရသစာပေရောဖတ်စေချင်တယ်။ သိပ္ပံစာပေကိုပါဖတ်ရင် လည်း မိမိအသိဉာဏ် ဖွံ့ဖြိုးတာပေါ့။ ရသစာပေကိုဖတ်ရင်လည်း နှလုံးသား ပြည့်ဝတာပေါ့။ ဒါပေမယ့် ခုခေတ်မှာ ရသစာပေကိုသိပ်မခံစားတော့ဘူး။ စာပေ အားလုံးမျှဖတ်ရင်တော့ ပိုကောင်းပါတယ်။
စာရေးဆရာမကြီး နတ်မောက်အနီချို
ဆုရတာက ဝတ္ထုတိုပေါင်းချုပ်ဆု၊ နိုင်ငံတော်ကပေးအပ်တဲ့ စာပေနဲ့ ပတ်သက်တဲ့ အမြင့်ဆုံးဆုဆိုတော့ ဂုဏ်ယူဝမ်းသာမိပါတယ်။ မိသားစုအတွက် လည်း အမှတ်တရလည်း ဖြစ်တာပေါ့။ အရင်တုန်းက ရှုမဝရယ်၊ လုံမလေးရယ် မှာပါတဲ့ ဝတ္ထုရှည်တွေကိုစုပြီးတော့ ထုတ်လိုက်တာပါ။ နောက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ လမ်းဆုံးတော့ရွာဆိုတဲ့   ခေါင်းစဉ်တပ်ထားတဲ့ ဝတ္ထုတစ်ပုဒ်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရာပြည့်မှတ်တမ်းထဲမှာ ရေးခဲ့တဲ့ဝတ္ထု၊   ၁၉၈၀ လောက်ကနေ ဒီဘက်ပိုင်းနှစ်ပေါင်း ၃၀ ကျော်၊ ၄၀ လောက်က ဝတ္ထုတွေပါ။  ဆုရလာတဲ့တောက် လျှောက် ပွဲစဉ်တွေကြည့်လိုက်မယ်ဆိုရင် အမျိုးသားစာပေပညာရှင်တွေ လူ အများစုဖြစ်ပြီး အမျိုးသမီးပညာရှင်တွေက လူနည်းစုဖြစ်နေတယ်။ အမျိုးသမီး ပညာရှင်တွေအနေနဲ့လည်း ဒီထက်ပိုပြီး ဘောင်ကျယ်ကျယ်၊ နယ်နိမိတ် ကျယ်ကျယ် လေ့လာလိုက်စားပြီး    အမျိုးသားပညာရှင်တွေ    ထိုက်ထိုက်တန်တန်              ဆွတ်ခူးတဲ့ဆုမျိုးကို    ရအောင်ယူနိုင်လို့ရှိရင် အကောင်းဆုံးပါပဲလို့ ပြောချင်ပါ တယ်။ 
ဆရာဉာဏ်ဝေ(မြစ်သာမြေ)
စာပဒေသာဆုရရှိတာဖြစ်ပါတယ်။ စာအုပ်နာမည်က “နှင်းတောင်တန်းက ပန်းဥယျာဉ်”ပါ။ ရေးဖြစ်တဲ့ အဓိကအကြောင်းရင်းက ကျွန်တော်ကိုယ်တိုင် ပညာရေးဝန်ထမ်းဖြစ်တဲ့အတွက် မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိတဲ့ မြန်မာ တိုင်းရင်းသား တော်တော်များများလည်း အဲဒီဒေသကို အရောက်အပေါက်နည်း တယ်လို့ ပြောလို့ရမယ့် နာဂတောင်တန်းမှာ တာဝန်ကျတယ်။ အဲဒီဒေသမှာ မြန်မာပြည်သူပြည်သားတွေ သိသင့်သိထိုက်တဲ့ ချစ်စဖွယ်ကောင်းတဲ့ ဓလေ့လေး တွေ တွေ့ရပါတယ်။ သူတို့ရဲ့ လူမှုစီးပွားအခြေအနေတွေကို ကျွန်တော်တင်ပြ လိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိကရေးဖြစ်ခဲ့တာပါ၊ ဒီစာအုပ်ထဲမှာ နာဂတောင်တန်း ဒေသက တိုင်းရင်းသားလူမျိုးတွေရဲ့ လူမှုစီးပွားအခြေအနေတွေ ရုန်းကန်ကြရပုံ၊ လမ်းပန်းဆက်သွယ်ရေး၊   ပညာရေး၊   ကျန်းမာရေး နောက်တစ်ချက်က ကျွန်တော်တို့ ဘဝတူ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေအပေါ် ကျရာကဏ္ဍမှာ စွမ်းဆောင်နေကြတဲ့အကြောင်းကို အဓိကရေးထားပါတယ်။ ပထမဆုံးဆုရတာ ဖြစ်ပါတယ်။ အင်မတန်ပျော်ပါတယ်။ စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေဖြစ်တဲ့  နာဂတိုင်းရင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ အခြေအနေတွေကို စာဖတ်သူတွေပိုပြီး သိမြင်လာရမယ်။  အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ပြည်သူ့ ဝန်ထမ်းတွေအကြောင်း သိမြင်လာမယ်။ သူတို့ကိုယ်စား ပိုပြီးပျော်ပါတယ်။ မျိုးနွယ်စုတိုင်းရင်းသားတွေအကြောင်းကို ပိုပြီး မိတ်ဆက်ပေးခွင့်ရတဲ့အတွက်  ဝမ်းသာပါတယ်။ ကျွန်တော်ရေးတဲ့စာပေကိုဖတ်ပြီးမှ အဲဒီဒေသကို ခရီးသွား လုပ်ငန်းဖြစ်ဖြစ်၊ လေ့လာရေးခရီးသွားပဲဖြစ်ဖြစ်ကို နိုင်ငံတော်က အခုလုပ်နေ တာထက်ကိုပိုပြီး အလေးထားဆောင်ရွက်ပေးတာပဲဖြစ်ဖြစ် သူတို့ရဲ့ လူမှုစီးပွား တိုးတက်ဖို့အတွက် ကျွန်တော်ရဲ့စာပေက တစ်ခန်းတစ်ကဏ္ဍကနေ ကူညီပေးလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ 
ဆရာကြီးမောင်မောင်ညွန့်(မန်းတက္ကသိုလ်)
ကျွန်တော်ရရှိတဲ့ဆုက ပခုက္ကူဦးအုံးဖေစာပေဆုလေးဆု၊ ထွန်းဖောင်ဒေးရှင်း စာပေ ဆုတစ်ဆုရခဲ့ပါတယ်။ အခု အမျိုးသားစာပေတစ်သက်တာဆုက ရသ စာပေအနေနဲ့ ရတာမဟုတ်ဘဲ သုတစာပေအနေနဲ့ ရပါတယ်။ ဆောင်းပါးပေါင်းချုပ် တွေပါပဲ။ စာပေဆုရတော့ ဝမ်းသာတာပေါ့။   စာတွေဖတ်ရင်းနဲ့ ရေးစရာအကြောင်း အရာတွေ့လာ၊ ကြုံလာရင် ဆောင်းပါးတွေရေးဖြစ်တာပါ။ ဆောင်းပါးတွေရေးတာ များပါတယ်။ ရသစာပေမရေးနိုင်ပါဘူး။ သုတစာပေပဲ ရေးတာပါ။ သုတစာပေ ဆိုတာ   ရှေးခေတ်ပုရပိုက်မှာလာတဲ့  လူတိုင်းမဖတ်ဘူးဆိုတဲ့ အသိနည်းတဲ့ ရှေးဟောင်းစာပေအကြောင်းအရာတွေမျိုးပဲ အရေးများပါတယ်။ အမြင့်ဆုံး စာပေဆုဖြစ်တဲ့ အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခံရတဲ့အတွက် အတိုင်း မသိဝမ်းသာပါတယ်။ နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန စာပေဆု ရွေးချယ်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
ဆရာမောင်ခိုင်လတ်
ရသစာတမ်းရေးလာတာ နှစ်ပေါင်း  ၂၀ ကျော်ပါပြီ။   နောက်ဆုံးထုတ်တဲ့ ဘုရားသခင်နဲ့ ကြွေအန်ကစားသူများ စာအုပ်နဲ့ဆုရတာပါ။ အားရတဲ့လက်ရာ တစ်ခုဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ ဆုရပြီဆိုတော့ ကိုယ်ကဒီထက်ပို ကောင်းအောင် ရေးရတော့မယ်။ ဒီစာအုပ်ထက် ညံ့လို့မရတော့ဘူး။ ပုဂ္ဂလိက  ဆုတွေဖြစ်တဲ့ မန္တလေးစာဖတ်သူဆု၊ ထန်းရိပ်ညိုဆု၊ ရန်ကုန်က စာရေးဆရာတွေ ပေးတဲ့ စာရေးသူဆု ရဖူးပါတယ်။ အစိုးရပေးတဲ့ ဆုရတာ ဒါ ပထမဆုံးပါ။ စာပေ က ကိုယ်သန်ရာရေးကြတယ်။ ရသစာတမ်း (အက်ဆေး)ကို ကျွန်တော်တို့ စပြီး ရေးတယ်။   နောက်ပိုင်းလူတော်တော်များများ အက်ဆေးရေးလာကြတယ်။ အကြောင်းအရာတွေကတော့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး မျိုးစုံပါပဲ။ နိုင်ငံ တကာနဲ့ယှဉ်ပြီး ဖြစ်ပေါ်နေတာတွေကို ရေးထားပါတယ်။
ကြေးမုံ