အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကျုံပျော်မြို့နယ်ရှိ ရှမ်းစု - ချောင်းစောက် - လှည်းဆိပ် - မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်  ၂၆   မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ရှမ်းစု - ချောင်းစောက် - လှည်းဆိပ် - မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို  ယနေ့တွင် ဖက်ကြီးကုန်းကျေးရွာရှိ လမ်းမုခ်ဦး တွင် ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများ၊  ဒေသခံပြည်သူများ တက်ရောက်ကြသည်။   

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူတို့က လမ်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  မြန်မာနိုင်ငံ၏ လူဦးရေ ၇၀%သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသောကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးအကြီးဆုံးကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း၊ နိုင်ငံ အတွင်း ကျေးရွာအားလုံး၏ ၅၀% သည် ရာသီမရွေးသွားလာနိုင်သောလမ်းများဖြစ်ပြီး၊ ၃၆% သည် နွေရာသီတွင် သွားလာနိုင်သောလမ်းများဖြစ်ကာ လမ်းမပေါက်သေးသော ကျေးရွာ များသည် နိုင်ငံအတွင်း ၁၄% ရှိသေးကြောင်း၊ ထို့ကြောင့် ကျေးလက်လမ်းများ အဆင့်မြှင့် တင်ခြင်းနှင့် ရေရှည် ထိန်းသိမ်းခြင်းများဆောင်ရွက်နိုင်အောင် နိုင်ငံတော်၏ ဘတ်ဂျက်တစ်ခု တည်းသာမကဘဲ  ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အထောက်အပံ့၊ ချေးငွေအကူအညီများ ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကဏ္ဍမှလည်း ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးအတွက် ရန်ပုံငွေရရှိရေးကို အထောက်အကူပြု ပေးသွားမည် ဖြစ်ကြောင်း။

 

ယခုစီမံကိန်းသည် ရေကြီး၊ ရေလျှံမြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည်ထူထောင်ရေးအဖြစ် ကမ္ဘာ့ဘဏ်ချေးငွေအကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနမှ အမေရိကန်ဒေါ်လာ သန်း  ၇၀ နှင့်  မကွေး၊စစ်ကိုင်း၊ပဲခူး၊ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသများ အတွင်းရှိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ကျေးလက်လမ်းများကို အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်သည့်အတွက် စံချိန်စံညွှန်း အရည်အသွေးပြည့်မှီသော ၊ သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော လမ်းတံတားများအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ နှင့် ရင်းနှီးမြုပ်နှံမှု အစီအစဉ်ကိုလည်း ရေးဆွဲထားပြီးဖြစ် သည့်အတွက်  ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံးရာသီမရွေး ဆက်သွယ်သွားလာနိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်ထားပြီးဆောင်ရွက်နေသလို ကျေးလက်နေပြည်သူများ အခြေပြုသည့် စီမံကိန်း၊စီမံချက်များကိုလည်း နိုင်ငံတော်နှင့်ပြည်သူ တစ်သားတည်းပူးပေါင်း ဆောင်ရွက်သွားပါက အောင်မြင်မှု ရရှိမှာဖြစ်ကြောင်း  ပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က  နိုင်ငံ အတွင်း  ကျေးရွာပေါင်း (၆၃၈၈၉)ရွာရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းမိုင်အရှည် စုစုပေါင်း(၅၅၅၀၇)မိုင်နှင့် ကျေးလက်တံတား (၂၄၁၈၃)စင်းကို တာဝန်ယူ တည်ဆောက်ထိမ်းသိမ်းလျှက်ရှိကြောင်း၊ ယခု ကျေးလက်လမ်းသည် ကျုံပျော်မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ (၁၇)ရွာမှ အိမ်ခြေ (၂၄၈၇) လူဦးရေ (၁၀၆၂၇)ဦးတို့ကို တိုက်ရိုက် အကျိုးခံစားရသည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုများစွာကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။

 

 ဤလမ်းမပေါ်ရှိ သစ်သားတံတား အရှည်ပေ(၁၄၈)ပေကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ မြေစမ်းသပ်မှု များကိုလည်း စီမံဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုနိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့် တင် တည်ဆောက်လျှက်ရှိသော ကျေးလက်လမ်းတံတားများ ရည်ရှည်တည်တံ့ခိုင်မြဲ စေရန် အတွက် တိုင်းရင်းသားပြည်သူများမှ စနစ်တကျ သုံးစွဲပြုပြင်ထိမ်းသိမ်းသွားကြရန်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာနှင့် ရန်ပုံငွေများအကူအညီပေးသော ကမ္ဘာ့ဘဏ်အဖွဲ့အစည်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားသည်။

 

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ကိုင်သူ ပေါများပြီး မြန်နိုင်ငံ၏ စပါးကျီဟုခေါ်ဆို၍ ရပါကြောင်း၊မြစ်ချောင်းပေါရာအရပ်ဖြစ်သည့်အတွက် ယခင်က ရေလမ်းများကိုအားကိုးရပြီး ယခုကျေးလက်လမ်းများ အရှိန်အဟုန်ဖြင့်ကောင်းမွန် လာသောကြောင့် ဒေသထွက်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင်မြန်ဆန်တိုးတက်လာပြီး စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့် လူမှုရေးများ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက် လာပြီဖြစ် ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်မြောက်ရန် ကျန်ရှိသောကျေးရွာများကိုလည်း ဆက်လက်၍ ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများကို မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

 

အဆိုပါလမ်းသည် ကမ္ဘာ့ဘဏ်ချေးငွေအကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေကြီး၊ ရေလျှံနှင့် မြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည် ထူထောင်ရေး စီမံကိန်း (Flood and Landslide Emergency Recovery Project) ဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည်စုစုပေါင်း (၁၄)ကီလိုမီတာ တွင် DBST အမျိုးအစား ကတ္တရာလမ်း(၇) ကီလိုမီတာကို ကုန်ကျငွေကျပ် ( ၁,၇၀၃, ၂၂၈,ဝ၈၁)  ဖြင့် လည်းကောင်း၊ Premix အမျိုးအစား ကတ္တရာလမ်းကို ကုန်ကျငွေကျပ်  (၂,ဝ၀၇,၈၃၅,၅၈၇)  ဖြင့်လည်းကောင်း တည်ဆောက်ခဲ့ပြီး၊လမ်းဘေးဝဲယာတွင်လည်း အရိပ်ရသစ်ပင် (၈၅၃)ပင်ကို စိုက်ပျိုး ထားရှိထားကြောင်း သိရသည်။

 

MDN

 

_DSC6