အမျိုးသားရေးတာဝန်

၄ ဇွန်

 

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည်ကို သိရှိရပါကြောင်း၊ အနာဂတ်လူငယ်များကို လူညွန့်တုံးစေပါကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုအားထည့် ဆောင်ရွက်သွားစေ လိုပါကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေလ ၃၁ ရက် နံနက်ပိုင်းနေပြည်တော်ရှိ သမ္မတအိမ်တော်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အထူးအစည်းအဝေးကို မေလ ၃၀ ရက်က ကျင်းပခဲ့ရာတွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေပြောကြားခဲ့သည့် အမှာစကားအနက်မှ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်ပြီးစိုက်ပျိုးမှုပြဿနာ၊ ထုတ်လုပ်မှုပြဿနာ၊ သယ်ဆောင်ရောင်းဝယ်မှု ပြဿနာနှင့် သုံးစွဲမှုပြဿနာတို့ကို ရင်ဆိုင်နေရပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမှုအနေဖြင့် ၂၅ရာခိုင်နှုန်း၊ ထုတ်လုပ်မှုအနေဖြင့် ၁၄ ရာခိုင်နှုန်းသိသိသာသာ ကျဆင်းခဲ့ကြောင်း၊ စိတြွ်ကရူးသွပ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှုများ ပြည်တွင်းပြည်ပတွင် မြင့်တက်လာသည်ကို တွေ့ရပါကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကြောင့် ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးစသည့် ကဏ္ဍအားလုံးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပျက်စီးဆုံးရှုံးစေလျက် ရှိသည်ကိုတွေ့ရကြောင်း ပြောကြားချက်များ မှာလည်း မှတ်သားဖွယ်ရာများပင်ဖြစ်သည်။

 

လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာမှုနှင့်အတူ စူးစမ်းတတ်သည့်အရွယ် ဆယ်ကျော်သက်လူငယ်များရှိရာ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ မူးယစ်ဆေးဝါး ဖြန့်ဝေရောင်းချသူ များကကျောင်းများ၏ အနီးဝန်းကျင်များအထိ ခြေပုန်းခုတ် လက်သိပ်ထိုးလှုပ်ရှားလာကြကြောင်း တစ်ဆင့် စကားတစ်ဆင့်နား ပြောကြားသံများအပေါ် ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း မကြာခဏဆိုသလို ကြားသိရသည်။ မူးယစ်ဆေးဝါးရောင်းချမှု၊ သုံးစွဲမှုများနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်များ၌ ရေးသားမှုများ၊ ဓာတ်ပုံများ၊ဗီဒီယိုဖိုင်များပါ ပေါ်ထွက်လာပြီး သက်ဆိုင်ရာက ဝင်ရောက်စီးနင်းရှင်းလင်း ခဲ့ရာတွင် ဖမ်းဆီးရမိသည့် ပမာဏနည်းပါးခဲ့သည့် အပေါ်၌လည်း ဝေဖန်မှုတို့ ပေါ်ထွက်ခဲ့သည်ကို တွေ့ရသည်။

 

မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ရန် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းရန် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကား နေသည်များကို မသိချင်ယောင်ဆောင်ထားသည့်၊ သိလျက်နှင့် လွှတ်ထားသည့် ဖြစ်စဉ်မျိုးများဖြစ်လာလျှင်လည်း အဓိကတာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူမှုများပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက်သွားသည့်၊ ပိုင်ရှင်မဲ့ဖြစ်သွားသည့် မူးယစ်ဆေးဖမ်းဆီးရမှုများကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရလိမ့်မည်ဖြစ်ကြောင်း၊ မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်တွင်လည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးရမှာဖြစ်ကြောင်း၊ အခြေအနေအရ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ ထားရှိပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနှစ်ဆန်း ၁ ရက်နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် ပြောကြားထားခဲ့ပြီးဖြစ်သည်။

 

မူးယစ်ဆေးဝါးလုပ်ငန်းသည် အကျိုးအမြတ်ပမာဏ ကြီးမားလှသည့် ဒုစရိုက်လုပ်ငန်းတစ်ခုဖြစ်ရာ မသမာသူတို့အဖို့ စွန့်လွှတ်ရန် ခဲယဉ်းလှသည့်အလျောက် အမြစ်ပြတ်အောင် နှိမ်နင်းရန်လည်း ခဲယဉ်းမည်ပင် ဖြစ်သည်။သို့ရာတွင် ရပ်ထဲရွာထဲ၌ပင် အခြေစိုက်ကာ ရောင်းဝယ်ဖောက်ကားနေသည့်အခြေအနေ၊ အလွယ် တကူဝယ်ယူရရှိနေသည့် အခြေအနေ၊ စာသင်ကျောင်းများ အနီးသို့ ရောက်ရှိလာသည့် အခြေအနေမျိုးထိ ရောက်ရှိမလာစေရန်မှာမူ အရေးကြီးသည့်အလျောက် တရားဥပဒေစိုးမိုးရေးဖြင့် ထိထိရောက်ရောက် ထိန်းချုပ် ထားရမည်သာ ဖြစ်သည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ ကိုင်းဖျားကိုင်းနားသာမက ပင်စည်မှသည် အမြစ်ထိပါ နုတ်ပယ်နိုင်အောင် အမျိုးသားရေးတာဝန်အဖြစ် ခံယူကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။