အမျိုးသားရေးဦးတည်ချက်များကို ကျေပွန်စွာထမ်းဆောင်

နေပြည်တော် မတ် ၂၆

၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၇၇)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်မွေးဖွား လာသော တပ်မတော်သည် (၇၇)နှစ်တိုင်တိုင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ကို အလုပ်အကျွေးပြုခဲ့ပြီးဖြစ်သည်။ ရှေ့ဆက်ပြီးလည်း ပြည်ထောင်စုကြီး ထာဝစဉ်အဓွန့်ရှည်အောင် စောင့်ရှောက်ကာကွယ်ပြီး နိုင်ငံတော်နှင့်ပြည်သူကို ဆက်လက်အလုပ်အကျွေး ပြုနေဦးမည် ဖြစ်သည်။

မြန်မာ့သမိုင်းတွင် နိုင်ငံတော်၏ ပိုင်နက်နယ်မြေကို ကျူးကျော်သိမ်းပိုက်ခဲ့သော နယ်ချဲ့တို့ကိုလည်းကောင်း၊ ဖက်ဆစ်တို့ကိုလည်းကောင်း အသက်သွေးများပေးဆပ်၍ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီအိုင်အေ)မှ စတင်မွေးဖွားလာပြီး လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလိုသော ပြင်းပြသည့်ဆန္ဒများရှိသည့် လယ်သမား၊ အလုပ်သမားစသည့် လူထုလူတန်းစားအားလုံးတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည်။

တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက တိုင်းပြည်လွတ်လပ်ရေးကို အသက်စွန့်တိုက်ယူမည်ဟူသည့် ခံယူချက်အပြည့်အဝရှိသော ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားများ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသား နိုင်ငံရေးတပ်ဦးသည် ဦးစွာသန္ဓေတည်ခဲ့ပါသည်။ စစ်အတွင်းကာလ၌ အမျိုးသားတပ်ဦးကြီး လျှို့ဝှက်စွာအမြုတေ တည်ဆောက်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး ပြီးဆုံး၍ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)ဟူ၍ အထင် အရှားပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် တပ်မတော်သည် တော်လှန်ရေးအတွက် စတင်သန္ဓေတည်စဉ်က အမျိုးသားတပ်ဦးနိုင်ငံရေး အမြူတေမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း တိုင်းရင်းသားပြည်သူများ တစုတစည်းတည်းလက်တွဲ ပါဝင်လာကြသော အမျိုးသားတပ်ဦးမှပင် အတူတွဲပါလာခဲ့ကာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးကို သယ်ပိုးထမ်းရွက်ခဲ့ပါသည်။ တပ်မတော် စတင်သန္ဓေတည်သည်မှ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်ကိုပြန်ကြည့်လျှင် တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးသာမက နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုး စီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဤသို့အစဉ်အလာကောင်းရှိသော တပ်မတော်သည် မျက်မှောက်ကာလတွင်လည်း တိုင်းပြည်ကာကွယ်ရေး သာမက အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်လျက်ရှိသည်မှာ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွား အတွက်ဖြစ်ပါသည်။ တပ်မတော်သည် ပြည်သူအားလုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ပြီး စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ထွန်းလာ အောင် ဆက်လက် ဆောင်ရွက်ပေးနေပါသည်။ တပ်မတော်ဖြစ်တည်ပေါ်ထွန်းလာသည်မှာ နှစ်ပေါင်း ၇၇ နှစ် ရှိလာခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလ တပ်မတော်၏ အမျိုးသားရေးတာဝန်များကို ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များတွင် အထင်အရှား တွေ့မြင်နိုင်ပါသည်။

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ကူညီဆောင်ရွက်ပေးရေး။

- နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အဓိကဆောင်ရွက်လျက်ရှိသည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများ ဖူလုံရေး လုပ်ငန်းစဉ်များတွင် တပ်မတော်အနေဖြင့် ကျရာအခန်း ကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ယူဆောင်ရွက်ရေး။

- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်က တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ရေး။

- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်က လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးရေး။

- နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် တည်ဆောက်ရေးဟူသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

သို့ဖြစ်ရာ အစဉ်အလာကောင်းများရှိခဲ့ပြီဖြစ်သော တပ်မတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးအတွက် မျက်မှောက်ကာလတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များနှင့်အညီ ပြည်သူတို့နှင့်အတူ လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။

ကြေးမုံ