အမြင်အာရုံကောင်းစေဖို့ ဦးစားပေးကာ ဆောင်ရွက်စို့

ဒေါက်တာကိုဦး(လင်းသစ္စာ)

ပြည်သူများ၏ကျန်းမာရေး ကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခုအတွက် အကောင်းဆုံးသော လာဘ်လာဘဖြစ်သည်။ သို့သော် ထိုလာဘ်လာဘသည် လွယ်လွယ်နှင့်ရသော လာဘ်လာဘမျိုးမဟုတ်ဘဲ ဉာဏ်ပညာ၊ ဝီရိယတို့နှင့်ယှဉ်ပြီး အသိတရားဖြင့် သတိထားမှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့် အပြုအမူကောင်းများ ရရှိခံစားနိုင်မည် ဖြစ်ပေသည်။

 

ကျန်းမာခြင်း၏ အနက်အဓိပ္ပာယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာခြင်း၏ အနက် အဓိပ္ပာယ်ကို "ခန္ဓာကိုယ် ချို့ယွင်းမှုကင်း၍ ရောဂါဘယ ကင်းရှင်းရုံသာမက ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာ ခြင်း၊ လူမှုရေးသုခနှင့် ပြည့်စုံခြင်းတို့ကို ဆိုလိုသည်"ဟု သတ်မှတ်ထားသည်။


လူသားတစ်ယောက်၏ ကျန်းမာခြင်းတွင် အဓိက အလိုအပ်ဆုံးအရာမှာ မျက်စိ(စက္ခု)အလင်းပင်ဖြစ်သည်။ "မျက်စိအဆုံး၊ နားအရှုံး"ဟူသော မြန်မာဆိုရိုးစကားလည်း ရှိသည်။ လူတိုင်းအတွက် မျက်စိသည် အလွန်အရေးကြီး သော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ မျက်စိ အလင်းရောင်ပျောက်ဆုံးခဲ့လျှင် ထိုသူ၏ စိတ်ဓာတ်ခွန် အားမှာလည်း ပျောက်ဆုံးသွားတတ်ပြီး ဘဝကို အရှုံးပေးကြ သည်များလည်း အများအပြားရှိသည်။ မျက်စိကွယ်ရခြင်း တွင် အများစုသည် ကာကွယ်၍သော်လည်းကောင်း၊ ကုသ၍သော်လည်းကောင်း ရနိုင်ပါလျက် အချိန်မီ ပြသ ကုသမှု မခံယူနိုင်ခြင်းကြောင့်လည်းကောင်း၊ မျက်စိနှင့် ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှု ဗဟုသုတ အားနည်းခြင်းကြောင့်လည်းကောင်း စက္ခုအလင်းဆုံးရှုံး မှုနှင့်အတူ မျက်မမြင်ဘဝသို့ ရောက်ရှိသွားတတ်ပေသည်။ ထို့ကြောင့် အမြင်အာရုံ မချို့ယွင်း မဆုံးရှုံးစေရန် လူသား အားလုံး အသိတရား၊ ဆင်ခြင်တုံတရားဖြင့် အလေးပေး ဆောင်ရွက်ကြရန် လိုအပ်ပေသည်။

 

မျက်စိရောဂါများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းစာရင်းအရ ကမ္ဘာ့ လူဦးရေ၏ ၂၅၃ သန်းသော လူသားတို့သည် မျက်မမြင် ခြင်းနှင့် အမြင်စွမ်းအား လျော့နည်းခြင်းများ ဖြစ်နေကြပြီး ယင်းတို့အနက် ၃၆ သန်းမှာ လုံးဝ မျက်စိကွယ်နေကြကာ ၂၁၇ သန်းသည် မြင်အားချို့တဲ့မှုကို ခံစားနေကြရပေသည်။ အတွင်းတိမ်ရောဂါကို ၆၅ သန်းခန့် ခံစားနေကြရပြီး ၈၉ ရာခိုင်နှုန်းကို စီးပွားရေးနိမ့်ကျသောနိုင်ငံများတွင် အများဆုံး တွေ့ရပေသည်။ အားလုံး၏ ၅၅ ရာခိုင်နှုန်းသည် အမျိုး သမီးများတွင် ဖြစ်ပွားကြပြီး ၇၅ ရာခိုင်နှုန်းကျော်သော မျက်မမြင်ဖြစ်ပွားမှုများသည် ကာကွယ်၍ ရနိုင်သော၊ ကုသ၍ ရနိုင်သော မျက်စိရောဂါများ ဖြစ်ကြပေသည်။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့တွင် မျက်မမြင်အားလုံး၏ ၄၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိပြီး အရှေ့တောင်အာရှ၌ အသက် ၃၀ နှင့်အထက်တွင် မျက်မမြင်ဖြစ်ပွားမှုမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချို့တွင် တွေ့ရှိရကာ အနည်း ဆုံးမှာ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်ကြောင်း တွေ့ရှိရပေသည်။

 

ကူးစက်မျက်ခမ်းစပ်ရောဂါ

မြန်မာနိုင်ငံအနေဖြင့် ကူးစက်မျက်ခမ်းစပ်ရောဂါ သည် ၁၉၆၄ ခုနှစ်က ၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုင်ငံတော် အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ၁၉၈၉ ခုနှစ်တွင် ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် မူလ မျက်ခမ်းစပ်တိုက်ဖျက်ရေးစီမံချက်မှ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေးစီမံကိန်းအဖြစ် တိုးချဲ့ကာ ယနေ့ ကာလတွင် ဒေသကြီးငါးခုခွဲ၍ မျက်မမြင်ကာကွယ်ရေးကို အဆင့်မြှင့်တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

 

အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ ထိခိုက်ဒဏ်ရာ ကြောင့်ဖြစ်သော မျက်စိရောဂါ၊ မျက်မှန်ပါဝါ လိုအပ်ခြင်း ကြောင့် အမြင်အားကျဆင်းရောဂါ၊ ဆီးချို၊ သွေးချိုစသည့် ရောဂါများ၏ နောက်ဆက်တွဲ မျက်စိရောဂါပြဿနာများ၊ ကလေးသူငယ် မျက်စိရောဂါစသည်တို့သည် မျက်စိကွယ် ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ယင်းတို့ကြောင့် မျက်မမြင်ဘဝ မရောက်ရှိစေရန် ရည်ရွယ်ကာ Avoidable Blindness ကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က Vision 2020 The Right to Sight အစီအစဉ်ကို ချမှတ်ဆောင်ရွက်ခဲ့သလို ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ကုသ၍ရ‌သော မျက်မမြင်ခြင်းများ ကင်းစင်ပပျောက်အောင် ဆောင်ရွက်နိုင်ရန် Elimination of Avoidable Blindness by the year 2020 ကို ချမှတ် ခဲ့သည်။

 

 

အမျိုးသား အမြင်သန်စွမ်းရေး မျှော်မှန်းချက်


မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအမြင်သန်စွမ်းရေး မျှော်မှန်းချက် အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ကုသ၍ရသော မျက်စိ ကွယ်ခြင်းများ ကင်းစင်ပပျောက်ရေး ဆောင်ရွက်ခဲ့သည်။

ယင်းအစီအစဉ်၏ အဓိကရည်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ကုသ၍ရသော မျက်စိကွယ်ခြင်း များ ကင်းစင်ပပျောက်စေရန်အတွက် မျက်စိရောဂါများ၏ ၂၅ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ရေးနှင့် မျက်စိကွယ်နှုန်း ကို ၀ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချရန်၊ ၂၀၂၀ ပြည့်နှစ် တွင် ပဏာမ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ တစ်နိုင်ငံလုံး လွှမ်းခြုံမိစေရန်၊ အတွင်းတိမ်ခွဲစိတ်မှု နှုန်းကို လူတစ်သန်းလျှင် အနည်းဆုံး ၃၀၀၀ အထိ တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အတွင်းတိမ်ခွဲစိတ်ရာတွင် မျက်ကြည့်မှန်ထည့်သည့်နှုန်း အနည်းဆုံး ၉၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်ရန်တို့ ဖြစ်သည်။


မြန်မာနိုင်ငံ၌ ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် နိုင်ငံတကာနှင့်တစ်ပြေးညီ သက်ဆိုင် ရာ ကျန်းမာရေးကဏ္ဍအလိုက် အထိမ်းအမှတ် အခမ်း အနားများနှင့် ဆောင်ပုဒ်များ သတ်မှတ်ကာ ဆောင်ရွက်နေ သည်။ မျက်စိကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်စေရန်အလို့ငှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယပတ် ကြာသပတေး နေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သတ်မှတ် ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခြင်း၊ ကမ္ဘာ တစ်ဝန်း၌ အချိန်အခါနှင့် လျော်ညီသော ဆောင်ပုဒ်များ ချမှတ်ခြင်းတို့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံအားလုံး၌ ကျင်းပဆောင်ရွက်စေခဲ့သည်။

 

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ကို မြန်မာနိုင်ငံတွင် လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့သည်။ ယခုနှစ် အောက်တိုဘာလ ၁၀ ရက် ကမ္ဘာ့မျက်မမြင်ပပျောက်ရေး နေ့၏ ဆောင်ပုဒ်မှာ "Universal Eye Health Vision First"(အမြင်အာရုံကောင်းစေဖို့ ဦးစားပေးကာ ဆောင် ရွက်စို့) ဖြစ်သည်။ ရည်ရွယ်ချက်မှာ မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်း သိရှိ နားလည်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် အခြားသော ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဦးစီးဌာနများ အားလုံးက ပြည်သူလူထုနှင့်အတူ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ကာ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်နိုင် စေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ ကြောင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွား စေရန်တို့ ဖြစ်သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်သည် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး၌ အခမ်းအနားများကျင်းပကာ မြန်မာနိုင်ငံ တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မျက်စိကုဌာနများ၊ မျက်မမြင်ကာကွယ်ရေးစီမံကိန်းရှိရာ ဒေသများတွင် ကျင်းပကြသည်။

 

မြန်မာနိုင်ငံ၏ မျက်မမြင်နှုန်း

မြန်မာနိုင်ငံ၏ လက်ရှိမျက်မမြင်နှုန်းကို သိရှိနိုင်ရန် National Blindness Survey ကို ၂၀၁၇ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၁ ခုတွင် စစ်တမ်း ကောက်ယူခဲ့ရာ အသက် ၅၀ နှင့်အထက် ပြည်သူများ၌ မျက်မမြင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အမြင့်မားဆုံးရှိနေသည်ကို တွေ့ရသည်။ ယင်းတို့အနက် မျက်စိအတွင်းတိမ်ကြောင့် မျက်မမြင်ဖြစ်ရခြင်းသည် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ထိပ်ဆုံးမှ ရပ်တည် နေသည်ကို လေ့လာတွေ့ရှိရပေသည်။

 

မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ သတ်မှတ်ထားသော စံချိန်စံနှုန်း များကို ပြည့်မီနေပြီးဖြစ်သောကြောင့် လာမည့် သက္ကရာဇ် ၂၀၂၀ တွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း ကြေညာ နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကူညီဆောင်ရွက် မှုဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပေသည်။ Trachoma Prevalince Survey ကောက်ယူနိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း မျက်စိကျန်းမာ ရေးစောင့်ရှောက်သူ ဝန်ထမ်းအချို့အား အီသီယိုးပီးယား နိုင်ငံသို့ စေလွှတ်ပြီး နိုင်ငံတကာစံညွှန်းနှင့်အညီ စနစ် တကျ ကိုက်ညီမှုရှိစေရန် လေ့ကျင့်သင်ယူစေခဲ့သည်။

 

အတွင်းတိမ်ခွဲစိတ်မှုနှုန်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ပံ့ပိုးမှုနှင့် မျက်စိဆရာဝန်များ၏ ကြိုးစားအားထုတ်မှု ကြောင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျက်စိအတွင်းတိမ်ရောဂါကြောင့် အမြင်အာရုံ လျော့နည်း နေသူပေါင်း တစ်သိန်းကျော်(၁၂၇၅၁၆ ဦး)အား ခွဲစိတ်ပေး နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အတွင်းတိမ်ခွဲစိတ်မှုနှုန်း (Cataract Surgical Rate-CSR)မှာ ၂၂၈၀ အထိ တိုးလာသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေဖြင့် အတွင်းတိမ် ခွဲစိတ်မှုနှုန်းကို လူဦးရေ တစ်သန်းတွင် လူနာ ၃၀၀၀ ခွဲစိတ်ကုသပေးရန် ရည်မှန်းသတ်မှတ်ထား၍ ပြည့်မီရန် လွန်စွာမှ နီးကပ်လာပြီဖြစ်သည်။

 

ကျေးလက်ကျန်းမာရေး

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများ နေထိုင်ရာ ကျေးလက်ဒေသများ၌ ကျန်းမာ ရေးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုမြင်တွေ့ရသည်။ ကျန်းမာ ရေးဆိုင်ရာ ကိန်းဂဏန်းများ၊ သတင်းအချက်အလက်များကို အခြေခံ၍ စိစစ်ကြည့်သောအခါ အထူးသဖြင့် ဝေးလံပြီး သွားလာရေးခက်ခဲသော ဒေသများ၊ လူနည်းစု တိုင်းရင်း သားမျိုးနွယ်စုများတွင် အရည်အသွေးပြည့်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံစားခွင့်နှင့် လက်လှမ်း မီမှုတို့မှာ အထူးပင်လိုအပ်လျက်ရှိကာ ကျန်းမာရေး ကွာဟမှုများလည်း ရှိပေသည်။


ထိုကဲ့သို့ ဦးစားပေးဆောင်ရွက်ရမည့် ကျန်းမာရေး လုပ်ငန်းများ ကွဲပြားခြားနားစွာ ရှိနေစဉ်မှာပင် တစ်ဖက် တွင် ကူးစက်ရောဂါများကို ကာကွယ်နှိမ်နင်းဆောင်ရွက် နေရသကဲ့သို့ အခြားတစ်ဖက်တွင် မကူးစက်နိုင်သော ရောဂါများကလည်း ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာသည့် အလျောက် နိုင်ငံတော်အနေဖြင့် ကူးစက်တတ်၊ မကူးစက် တတ်သော ရောဂါများ၏ ဖိစီးမှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသောကာလလည်းဖြစ်ပေသည်။ ယခုအခါ တွင်မူ ကူးစက်ရောဂါအများစုကို ထိန်းချုပ်နိုင်ပြီး အချို့ကို မြန်မာနိုင်ငံ၌ ကင်းစင်ပပျောက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။
လတ်တလောကာလတွင် ယခင်က ကူးစက်ရောဂါ ဖြစ်ခဲ့သော မျက်ခမ်းစပ်ရောဂါ ကင်းစင်ပပျောက်ရေး ကြေညာနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားကာ လူနာ သစ်များ ရှာဖွေခြင်း၊ မျက်ခမ်းစပ်ရောဂါပိုးကြောင့် နောက် ဆက်တွဲ ခံစားရသော မျက်တောင်စိုက်၊ မျက်မွေးစူး ရောဂါသည်များ ရှာဖွေကုသခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တစ်ပြိုင်နက် ဆောင်ရွက်နေချိန်လည်း ဖြစ်ပေသည်။

 

မျက်စိရောဂါများ ကြိုတင်ကာကွယ်ရေး

သို့ဖြစ်၍ ကာကွယ်ကုသနိုင်သော မျက်စိရောဂါများကို ပြည်သူတစ်ရပ်လုံးက ပိုမိုသိရှိ နားလည်စေရန်နှင့် စမ်းသပ် စစ်ဆေးကုသမှုများကို ဆောလျင်စွာ ခံယူနိုင်ရန် လှုံ့ဆော် စည်းရုံးပေးရပါမည်။ ဥပမာအားဖြင့် မျိုးရိုးကြောင့်ဖြစ် တတ်သော မျက်စိရောဂါများဖြစ်သည့် မျက်စိအဝေးမှုန် ရောဂါ၊ မျက်စိအာရုံလွှာကင်ဆာရောဂါ၊ ညအချိန် မျက်စိ မမြင်ရောဂါ စသော မျက်စိရောဂါများကို ငယ်စဉ် ကလေး ဘဝကပင် မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းက ကြိုတင်စစ်ဆေး ပေးပြီး လိုအပ်သည့် ဆေးဝါးများဖြင့် ကြိုတင်ကုသခြင်း တို့ကို ဆောင်ရွက်ပေးသင့်ပေသည်။ ကလေးအတွင်းတိမ်၊ ရေတိမ်၊ မျက်စိစွေစောင်း ရောဂါများသည်လည်း ငယ်စဉ် ကျောင်းမနေခင်ကပင် ခွဲစိတ်ကုသမှုခံယူပါက အမြင်အာရုံ မဆုံးရှုံးဘဲ လူ့ဘောင်အလယ်တွင် နေထိုင်နိုင်ပေမည်။


တတိယအုပ်စုဖြစ်သော ပတ်ဝန်းကျင်နှင့် မိမိ၏ နေထိုင်ပုံကြောင့် ဖြစ်တတ်သည့် ရောဂါများမှာ ဗီတာမင် အေ ချို့တဲ့၍ ဖြစ်သော မျက်လုံးခြောက်ရောဂါ၊ ထိခိုက် ဒဏ်ရာရ၍ဖြစ်သော မျက်စိရောဂါ၊ ဆီးချိုနှင့် သွေးတိုး၏ နောက်ဆက်တွဲ မျက်စိရောဂါ၊ ဆေးဝါးအလွန်အကျွံ သုံးစွဲ သော နာတာရှည်ရောဂါတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော မျက်စိရောဂါများဖြစ်ပြီး ကြိုတင်ကာကွယ်ကုသပါက အမြင်အာရုံကို မပျက်စီးစေရန် စောစီးစွာ ကာကွယ်နိုင် သည်။ ယခုအခါ ဆီးချိုဝေဒနာရှင်များ ခံစားရသော မျက်စိ ရောဂါအချို့ကို လေဆာရောင်ခြည်ကုထုံး အသုံးပြုကာ အမြင်အာရုံ မပျက်စီးစေရန် ကြိုတင်ကာကွယ်နိုင်ပြီ ဖြစ်သည်။

 

နိုင်ငံတော်၏ ဆောင်ရွက်ချက်များ

နိုင်ငံတော်အစိုးရအနေဖြင့် မျက်မမြင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရန် မျက်စိကုဌာနများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ မျက်စိအထူးကု ဆရာဝန်၊ ဆရာမများ ထပ်မံလေ့ကျင့် မွေးထုတ်ပေးခြင်း၊ မျက်မှန်ကျွမ်းကျင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ လိုအပ်သော ခွဲစိတ်ကုပစ္စည်းများ၊ စက်ကိရိယာများနှင့် ဆေးဝါးများ ဝယ်ယူထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိကာ ပြည်တွင်းမှ လူမှုရေးအသင်းအဖွဲ့များ၊ အလှူ ရှင်များ၏ ကူညီမှုများဖြင့် မျက်မမြင်ကာကွယ်ရေးအတွက် တောနှင့် မြို့ပါမကျန် တန်းတူအခွင့်အရေး ရရှိနိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေချိန်လည်း ဖြစ်ပေသည်။

 

အမြင်အာရုံကောင်းစေဖို့

အချုပ်အားဖြင့် ဆိုရပါမူ မျက်မမြင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန မျက်မမြင် ကာကွယ်ရေးစီမံကိန်းဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဆေးရုံကြီးများ၊ ခရိုင်အဆင့် ဆေးရုံကြီးများရှိ မျက်စိရောဂါ ကု ဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ သက်ဆိုင် ရာ အစိုးရအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး နှင့် အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များအပြင် ပြည်သူတစ်ရပ်လုံးကလည်း တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နိုင်မှသာလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ် ကုသ၍ရသော မျက်စိရောဂါများ လျော့နည်းပပျောက်ရန် ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော "အမြင် အာရုံ ကောင်းစေဖို့ ဦးစားပေးကာ ဆောင်ရွက်စို့" ဆိုသည့် အတိုင်း ပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့၏ မျက်စိ ကျန်းမာရေးအတွက် အလေးထား ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ ။ မြန်မာ့အလင်း