အမုန်းစကားဖယ်ရှား ငြိမ်းချမ်းခြင်းဆောင်

အလျင်အမြန် တိုးတက်ပြောင်းလဲနေသော မျက်မှောက်ခေတ်၌ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ တစ်နေ့တခြား တိုးတက်နေသည်။ ဆက်သွယ်ရေး နည်းပညာကို အင်တာနက်ပေါ်မှလည်းကောင်း၊ လူမှုကွန်ရက် ကြားခံပစ္စည်းပေါ်မှလည်းကောင်း သတင်း အချက်အလက်နှင့် သတင်းစကားများ အချိန်မဆိုင်းဘဲ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ရောက်ရှိနေသည်။

သတင်းအချက်အလက် စီးဆင်းမှုနယ်ပယ်၌လည်းကောင်း၊ လူမှု ဆက်သွယ်ဆက်ဆံရေး နယ်ပယ်၌ လည်းကောင်း ဆိုရှယ်မီဒီယာသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဆိုရှယ်မီဒီယာ ကို အသုံးပြုခြင်းသည် အသိအမြင်ဗဟုသုတများ တိုးပွားသဖြင့် အကျိုးကျေးဇူးများ ရှိနေသော်လည်း စိန်ခေါ်မှုများ၊ သတိပြုစရာများရှိနေသည်ကို အလေးထားသိရှိထားရမည်ဖြစ်သည်။

စိန်ခေါ်မှုများ၊ သတိပြုစရာများမှာ အမုန်းစကားများ၊ သတင်းတု၊ သတင်းယောင်များ၊ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားစေမှုများ စသည်တို့ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ကာလသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်ကာလဖြစ်သည်။ နိုင်ငံတကာ၏ဖိအားပေးမှုများ၊ စိန်ခေါ်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများ၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သောကိစ္စများ စသည့်အရေးကြီးသော အကြောင်း ကိစ္စများ ရှိနေသဖြင့် ထိုအရေးကိစ္စများနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုများ မရှိစေရန် သတိပြုကြရမည်ဖြစ်ပြီး ယင်းတို့ကို မည်သို့တားဆီးကာကွယ်ကြရမည်ကို အဖြေရှာကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် လူမှုကွန်ရက်များနှင့် ဆိုရှယ်မီဒီယာများ အလျင်အမြန်ပျံ့နှံ့လာမှုကြောင့် သတင်းအမှန်နှင့် သတင်းအမှားများကို ပြည်သူများ ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလာသည်။ တိုင်းပြည် စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသော အပြောအဆိုများ၊ တစ်ဖက်နှင့် တစ်ဖက် အမုန်းတရား တိုးပွားအောင် တွန်းအားပေးသည့် အကြောင်းကိစ္စများ၊ ပြည်သူလူထုကြားတွင် ထင်ယောင်ထင်မှား ဖြစ်ကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အချက်များ၏ အန္တရာယ်များရှိလာသည်။

မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍသည် ၂၀၁၀ ပြည့်နှစ် အစောပိုင်း ကတည်းက တိုးတက်ဖြစ်ထွန်းလာသည်။ ယင်းနောက် ဆိုရှယ်မီဒီယာအသုံးပြုမှုများ တဖြည်းဖြည်း တိုးတက်ဖြစ်ထွန်းလာပြီး ၂၀၁၅ ခုနှစ်တွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ခုနစ်သန်းခန့် ရှိခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ်ကာလတွင် ဆိုရှယ်မီဒီယာအသုံးပြုသူ ၂၁ သန်းအထိ တိုးပွားလာပြီး နှစ်စဉ်သန်းနှင့်ချီ၍ ဆက်လက်တိုးပွားနေမည်ဖြစ်သည်။ ထို့ကြောင့် အမုန်းစကားများ၊ သတင်းတု၊ သတင်းမှားများကို ကာကွယ်တားဆီးရန် နည်းလမ်းများအတွက် အစီအမံများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်လာသည်။

အမုန်းစကားများ၊ သတင်းတု၊ သတင်းမှားများကြောင့် တိုင်းပြည်နှင့် လူမျိုးအား ကြီးစွာအန္တရာယ် ပေးနိုင်သည့်ဖြစ်စဉ်များ မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ နောက်ဆက်တွဲပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်များရှိသလို ဆက်လက်ဖြေရှင်းနေရဆဲလည်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းနေဆဲကာလဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေဆဲဖြစ်၍ အဆိုပါကိစ္စများကို အထူးသတိထား ကာကွယ်ရမည်ဖြစ်သည်။

ယခုနှစ်သည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်ရမည့်နှစ်ဖြစ်၍ ရွေးကောက်ပွဲကို စည်းကမ်းတကျ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ချမှတ်ထားသည့် ရွေးကောက်ပွဲစံ (၅) ချက်ကို မထိခိုက်ရေးကိုသတိပြုရမည် ဖြစ်သည်။ အမုန်းစကားများ လျော့နည်းပပျောက်စေရေးအတွက် သဘောတူ ရေးဆွဲထားသော စံနှုန်းများ၊ ကျင့်ဝတ်များ ရှိသော်လည်း လူမှုကွန်ရက်၊ ဆက်သွယ်ရေးနည်းပညာ အသုံးပြုသူများအားလုံး လိုက်နာမှသာ ထိရောက်မှု ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ လူမှုကွန်ရက်၊ သတင်းကွန်ရက်များကို လိုက်နာကျင့်သုံးရန် သက်ဆိုင်ရာပြဋ္ဌာန်းထားသော ကျင့်ဝတ်များနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အသိစိတ်ဓာတ်များသည် အဓိကကျနေ သောကြောင့် သတိထား ဆင်ခြင်၊ လိုက်နာအသုံးပြုကြရန် လိုအပ်ပေသည်။ အမုန်းစကားများ၊ သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ကြေညာချက်များ၊ အသိပညာပေးမှုများကို အထူး ဂရုစိုက်လေးစားလိုက်နာ၍ ငြိမ်းချမ်းသာယာ ဝပြောသောလူ့ဘောင်လောက ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ