အနာဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမများကဆောင်ရွက်ပေး

K ဇင်သစ်(မန်းတက္ကသိုလ်)

ကောင်းမွန်ပြီး ပြည့်စုံသောအနာဂတ်များကို ပိုမိုခိုင်မာအောင်ထူထောင်ကြရာဝယ် စိတ်အားထက်သန်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖြင့် ပုံဖော်ကြမှသာလျှင် ရေရှည်တည်တံ့ခိုင်မြဲခြင်းကို ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။

သဘာဝဘေး၊ စစ်မက်ဘေး၊ ရောဂါဘေး၊ စီးပွားပျက်ကပ်ဘေးစသည့် ဘေးအန္တရာယ်မျိုးစုံ ရင်ဆိုင်ကြုံတွေ့နေကြရသည့် ယနေ့ခေတ်အခါမှာ အားလုံး၏ အနာဂတ်ပိုမိုကောင်းမွန်အောင် ကမ္ဘာ့နိုင်ငံကြီးများ၊ INGO များ၊ ကမ္ဘာလုံးဆိုင်ရာ လူသား/ ပတ်ဝန်းကျင်အကျိုးပြုအဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြပါသည်။ ယင်းသို့လုပ်ဆောင်လျက်ရှိကြသည့် အဖွဲ့အစည်းများတွင် အများ၏ပူးပေါင်းဆောင်ရွက်မှုပါဝင်ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲဆုံးဖြတ်ကာ အများကောင်းကျိုးထမ်းသယ်ပိုးနေသည့် သမဝါယမအသင်းအဖွဲ့ အစည်းများကလည်း ရှေ့တန်းက ဦးဆောင်နေသည်မှာ ငြင်းဖွယ်မရှိပါ။

ကိုဗစ် (၁၉) ရောဂါကူးစက်ကာလအတွင်းနှင့် ယင်းကာလလွန်နောက်ပိုင်း သမဝါယမများ၏ လူသားတို့အတွက် ဆောင်ရွက်ပေးမှုများက ကြံ့ကြံ့ခံနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်ပေးလျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိ သမဝါယမအဖွဲ့အစည်းပေါင်း ၃၀၅ ဖွဲ့ကျော်တို့က ဆန္ဒတူစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Co-operative Alliance -ICA ) သည် အနာဂတ်ဘဝများ ပိုမိုကောင်းမွန်ခိုင်ခံ့တည်တံ့နေစေရန် ကမ္ဘာ့သမဝါယမများကို အစဉ်တိုက်တွန်းနှိုးဆော်လျက်ရှိရာ မြန်မာနိုင်ငံရှိ သမဝါယမများကလည်း အားလုံး၏အနာဂတ်ဘဝ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရမည်လည်းဖြစ်ပါသည်။

ဝင်ငွေရလမ်းများရရှိအောင် လုပ်ဆောင်

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်အဖွဲ့ဝင်နိုင်ငံများရှိ သမဝါယမအသင်းအဖွဲ့များသည် စိုက်ပျိုးမွေးမြူရေး၊ ဘဏ်လုပ်ငန်း၊ လက်လီလက်ကားရောင်းချခြင်း၊ ငါးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာဝန်ဆောင်မှု၊ အာမခံလုပ်ငန်းနှင့် စက်မှု လက်မှုဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး အသင်းဝင်ပုဂ္ဂိုလ် တစ်ဦးချင်းစီ အတွက် ဝင်ငွေရလမ်းများရရှိအောင် လုပ်ဆောင်ပေးသကဲ့သို့ အသင်း/အဖွဲ့များ ရေရှည်ရပ်တည်ရှင်သန်နိုင်အောင်ပါ လုပ်ဆောင်နေကြကြောင်းသိရပါသည်။ သမဝါယမလုပ်ငန်းများက ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် ကျား-မ တန်းတူရှိရေးတို့တွင် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြပါသည်။ နောင်လာမည့်ကာလများတွင်လည်း ပိုမိုကောင်းမွန်ခိုင်မာသော အနာဂတ်ဘဝများကို သမဝါယမများက တည်ဆောက်ထူထောင်ဆောင်ရွက်ပေးနေဦးမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

မြန်မာ့သမဝါယမများက ကျရာအခန်းကဏ္ဍမှ ကြံ့ကြံ့ခံကာ ပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်အောင် ၁၉၀၄ ခုနှစ်မှ ယနေ့ ၂၀၂၄ ခုနှစ် အထိနှစ်ပေါင်း ၁၂၀ တိုင် ပုံဖော်ထုဆစ်ခဲ့ကြခြင်းကလည်း ငြင်း၍မရသည့် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။ အတိတ်၏ အရိပ်မည်းကို ကျော်လွှားရန် အကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့ကြခြင်း၏ ရလဒ်ကောင်းများက မျက်မှောက်ခေတ်တွင် ကျေးလက်နေပြည်သူများ၏ ဝင်ငွေပိုမိုရရှိနေခြင်းနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးလာခြင်းတို့ကို ခံစားနေကြရပြီဟုဆိုချင်ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သမဝါယမဦးစီးဌာနသည် သမဝါယမအသင်းများ ရေရှည်စဉ်ဆက်မပြတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့် အသင်းသားများ၏ ဝင်ငွေတိုးမြှင့်ရရှိရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးကို ဦးတည်လုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများအနေဖြင့် နိုင်ငံတော်က ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုတွင် အသင်းသား ၁၇၆၉၄ ဦး၏ စိုက်ဧက ၁၂၈၃၆၇ အတွက် တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် သွင်းအားစုများကိုလည်းကောင်း၊ နွေစပါးစိုက်ပျိုးမှုတွင် အသင်းသား ၃၂၇၇ ဦး၏ စပါးစိုက်ဧက ၂၀၄၅၀ ဒသမ ၂၆ အတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး+သွင်းအားစုများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အသင်းသားတောင်သူ ၂၈၆၄၁ ဦး၏ မိုးစပါးစိုက်ဧက ၁၃၆၁၉၂ ဒသမ ၇၃ အတွက် တစ်ဧကလျှင် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး+သွင်းအားစုများကိုလည်းကောင်း၊ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးမှုတွင် အသင်းသား ၄၅၃၆ ဦး၏စိုက်ဧက ၁၁၆၉၃ ဒသမ ၇၂ အတွက် မြေပဲတစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်း၊ နှမ်း တစ်ဧကလျှင် ငွေကျပ် ၁ ဒသမ ၅ သိန်းနှုန်း၊ နေကြာ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုး + သွင်းအားစုများကိုလည်းကောင်း ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။

ယခု ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးမှုတွင် အသင်းသားတောင်သူ ၇၂၆၈ ဦး၏ စိုက်ဧက ၄၅၇၀၈ အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသောမျိုးနှင့် သွင်းအားစုများကိုလည်းကောင်း၊ ယခုနှစ် မိုးစပါး (၂၀၂၄) စိုက်ပျိုးနိုင်ရန်အတွက် အသင်းသား ၃၀၂၃၅ ဦး၏ စိုက်ဧက ၁၆၁၉၇၇ ဒသမ ၀၆ အတွက် မျိုးနှင့်သွင်းအားစုများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် ဝါသီးနှံစိုက်ပျိုးရန်ဧက ၉၀၀၀၀ လျာထား၍ မျိုးနှင့်သွင်းအားစုတို့ကို ပံ့ပိုးပေးနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု/ တိုင်းဒေသကြီး၊ ပြည်နယ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျက်၊ သမဝါယမအသင်းပိုင်/ ကုမ္ပဏီများထံမှ ရန်ပုံငွေများရယူပြီး ချမှတ်ထားသည့် မူဝါဒများနှင့်အညီ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေး အတွက် ဆောင်ရွက်ပေးလျက်ရှိနေခြင်းကလည်း အသင်းသားတောင်သူများ၏ အနာဂတ်ဘဝပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးနေခြင်းဟု မှတ်ယူရမည်ဖြစ်ပါသည်။

ကျရာအခန်းကဏ္ဍမှ ပါဝင်ပူးပေါင်း အကောင်အထည်ဖော်ဆောင်

နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများတွင် သမဝါယမကဏ္ဍမှ ပါဝင်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသင်းသားဦးရေ ၁၇ သိန်းကျော်အား ၎င်းတို့လိုအပ်သည့်ရင်းနှီးငွေများကို ဖော်ပြပါဇယားအတိုင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ပံ့ပိုး ဆောင်ရွက်ပေးနေခြင်းများသည်လည်း အသင်းသားပြည်သူများ၏ အနာဂတ်ဘဝ ပိုမိုကောင်းမွန် အောင်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

ကမ္ဘာ့သမဝါယမများက လူသားအကျိုးပြုမှု၊ သာယာဝပြောမှု၊ ရာသီဥတုကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်နေကြသကဲ့သို့ မြန်မာ့သမဝါယမများကလည်း ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်စီးပွားမြင့်မားရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို လက်တွေ့ကျကျ ဖော်ဆောင်လျက်ရှိနေခြင်းကြောင့် အနာဂတ်ဘဝများ ပိုမို ကောင်းမွန်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

မြန်မာအပါအဝင် ကမ္ဘာလုံးဆိုင်ရာ သမဝါယမအသင်း/ အဖွဲ့များ၏ဦးသျှောင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးကို ၁၉-၈-၁၈၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ရှေးအကျဆုံး အစိုးရမဟုတ်သော အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့အဖြစ် ယနေ့အထိ နှစ်ပေါင်း ၁၃၀ တိုင်အောင် ရှင်သန်ရပ်တည်လျက်ရှိနေပါသည်။ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက ကြီးမှူးကာ ၁၉၂၃ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၀၁ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (ICA) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားများကို ကမ္ဘာ့သမဝါယမများနည်းတူ မြန်မာနိုင်ငံ၌ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

နှစ်စဉ် ဇူလိုင်လပထမပတ် စနေနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားများကို ကမ္ဘာတစ်ဝန်းသမဝါယမလောကသားများက ဂုဏ်ပြုအခမ်းအနားများကျင်းပလျက်ရှိရာ ယခုနှစ် ဇူလိုင်လ ၆ ရက် (စနေနေ့) တွင် ကျရောက်သော ၁၀၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကိုလည်း နေပြည်တော် ရုံးအမှတ် (၁၆) ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် ကျင်းပသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကျရောက်တိုင်း ဆောင်ပုဒ်များဖြင့် သမဝါယမလောကသားများသို့ နှိုးဆော်တိုက်တွန်းလျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Cooperative build a better future for all “အနာဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမများက ဆောင်ရွက်ပေး” ဟူ၍ ထုတ်ပြန်ထားခြင်းကြောင့် မြန်မာ့သမဝါယမများအနေဖြင့် အားလုံးအတွက် အနာဂတ်ဘဝများ ပိုမိုကောင်းမွန်အောင် အရှိန်အဟုန်မြှင့်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကိုးကား။ ။ သမဝါယမဦးစီးဌာန၏ စာရင်း ဇယားအချက်အလက်များ