အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်း အောင်လက်မှတ်ချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁) အောင်လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

9617

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့အခမ်းအနား၌ ဝန်ကြီးဌာန ၂၅ ခုမှ အရာထမ်း ၃၉ ဦးနှင့် အမှုထမ်း ၈၃ ဦးတို့အား Lower Intermediate Level အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်ကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ဇွဲလုံ့လဖြင့် သင်ကြားသင်ယူအောင်မြင်မှုကို အသိအမှတ်ပြုခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့ တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာ စကားစွမ်းရည်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ပြန်လည်၍ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင်သော စွမ်းရည်သည် အလုပ်ကို ယုံကြည်ချက်အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပြီး လုပ်ငန်းတွင် အောင်မြင်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် မဟာဘွဲ့၊ ဒီပလိုမာဘွဲ့နှင့် အောင်လက်မှတ် သင်တန်းများကို ဘဝတစ်သက်တာ သင်ယူလေ့လာမှု အစီအစဉ်ဖြင့် အားပေးဖွင့်လှစ်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ၏ တိကျသော ရည်မှန်းချက်နှင့် ခိုင်မာသော သံဓိဌာန်ချကာ အချိန်ပေး၍ လုံ့လဝိရိယဖြင့် ကြိုးစားလေ့လာမှုကြောင့် မိမိတို့နှင့် ထိုက်တန်သော ဆုများကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်၍ မိမိကိုယ်ကို ထာဝရကျောင်းသားတစ်ဦး သို့မဟုတ် ဘဝတစ်သက်တာ သင်ယူလေ့လာသူအဖြစ် ခံယူကာ မိမိ၏ အင်္ဂလိပ်ဘာသာ စကားစွမ်းရည်ကို မြှင့်တင်လျက် နိုင်ငံ့တာဝန်များကို ပိုမို ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်များကို ချီးမြှင့်ပေးအပ်ရာ သင်တန်းဆင်း အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁)ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၂)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-7 နှင့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များ ရေးသားပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီ ပြုစုထုတ်ဝေနိုင်ရေး၊ သင်ရိုးညွှန်းတမ်းပြုစုရေးအဖွဲ့များ၏ လုပ်ငန်းအခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

(မောင်မင်းနိုင်)