အင်္ဂလန်နှင့် ဂျာမနီ စီးပွားရေး ကျဆင်းလာမှုနဲ့အတူ ဗိုင်းရပ်စ်ကြောင့် အထိနာလာတဲ့စီးပွားရေးကို ကုစားဖို့ကြိုးစားနေတဲ့ ကမ္ဘာ့ အစိုးရများ

ထွန်းသစ်စ

 

ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ စက်မှုထုတ်လုပ်နိုင်မှု အကြီးအကျယ် ထိုးကျလာသလို ဗြိတိန်ရဲ့ စီးပွားရေး အလားအလာဟာ ဒီနှစ်မှာ ၁၄ ရာခိုင်နှုန်းလောက် ကျဆင်းလာဖွယ်ရှိကြောင်း ခန့်မှန်းထားမှုနဲ့အတူ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး အကျပ်အတည်းကို တဖြည်းဖြည်းနဲ့ ထိထိရောက်ရောက် အာရုံစိုက်ရမယ့်အခြေအနေ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ လှိုင်းဂယက် မရိုက်ခတ်အောင် လုပ်ဆောင်

 

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကြောင့် အထိနာခဲ့တဲ့ စီးပွားရေးကို ဘယ်လိုမျိုး ဦးမော့လာအောင် ပြန်လည် လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အစိုးရတွေဟာ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုဆိုရင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၂၆၀၀၀၀ ထက်မနည်းတဲ့ အသက်တွေ ပေးဆပ်ခဲ့ရပြီဖြစ်ပါတယ်။ ထို့အတူ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာလည်း အသွားအလာ ကန့်သတ်ဆောင်ရွက်ချက် တစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေကြရသလို လူဦးရေသန်းချီ အလုပ်လက်မဲ့ဘဝတွေ ရောက်ကုန်ကြပါတယ်။

 

ဥရောပနဲ့ အာရှနိုင်ငံတချို့မှာလည်း ယိုင်နဲ့လာတဲ့ စီးပွားရေးကို တည်ငြိမ်သွားအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသွားအလာ ကန့်သတ်မှုတွေကို သတိကြီးစွာနဲ့ လျှော့ပေါ့ပေးနေကြပါတယ်။ ထို့အတူပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသွားအလာ ကန့်သတ်မှုတွေကို ဖယ်ရှားဖို့ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြပါတယ်။

 

သို့သော်လည်း ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ စီးပွားရေးပြန်လည် နာလန်ထလာအောင် အသွားအလာကန့်သတ်မှုတွေကို ဘယ်လောက်ပဲ လျှော့ချမှုတွေ လုပ်ဆောင်နေပါစေ ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့အချိန်အထိ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်မှုတွေ လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။ ထို့အပြင် အစိုးရတွေက ကိုဗစ်-၁၉ လှိုင်းဂယက် ဒုတိယအကြိမ် ထပ်မံရိုက်ခတ်လာခြင်း မရှိအောင် လုပ်ဆောင်ဖို့လိုပါတယ်။

 

စက်မှုထုတ်လုပ်မှုတွေကျဆင်းလာ

 

ဗြိတိန်အစိုးရက မေ ၇ ရက်မှာ အသွားအလာ ကန့်သတ်ချုပ်ချယ်မှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်လျက် ရှိသော်လည်း တစ်စိတ်တစ်ပိုင်း ကန့်သတ်မှုတွေ လျှော့ချပေးဖို့ကိုတော့ လာမယ့် စနေ၊ တနင်္ဂနွေ တစ်ရက် ရက်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

 

ကန့်သတ်မှုတွေ လျှော့ချပေးနေတာကို ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံကြီးလို့ ဆိုရမယ့် ဂျာမနီနိုင်ငံမှာ လုပ်ဆောင်နေပြီးဖြစ်ပါတယ်။ ထို့အတူ ပြင်သစ်နိုင်ငံကလည်း ကန့်သတ်မှုတွေ လျှော့ချဖို့အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ဆောင်နေပါတယ်။

 

စီးပွားရေးဟာ အလွန်အရေးကြီးတဲ့အကြောင်း မီးမောင်းထိုးပြတဲ့အနေနဲ့ အင်္ဂလန်ဘဏ်က ဗြိတိန်ရဲ့ အသားတင်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) ဟာ ဒီနှစ်မှာ ၁၄ ရာခိုင်နှုန်း ထိုးစိုက်ကျလာနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယ သေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဥရောပသမဂ္ဂက ဥရောပဇုန်ရဲ့ စီးပွားရေးဟာ ၇ ဒသမ ၇ ရာခိုင်နှုန်းလောက် ကျုံ့လာနိုင်ကြောင်း သတိပေးပြီး နောက်တစ်နေ့မှာပဲ ဗြိတိန်က သူ့ရဲ့ ဂျီဒီပီကို ခန့်မှန်းတွက်ချက် လိုက်တာပဲ ဖြစ်ပါတယ်။

 

ဂျာမနီနိုင်ငံမှာလည်း စက်မှုထုတ်လုပ်မှု ဟာ မတ်လမှစပြီး တစ်လပြီးတစ်လ ၉ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှစကာ စက်မှုထုတ်လုပ်မှုတွေဟာ အခုအချိန်မှာ အဆိုးရွားဆုံး ကျဆင်းလာတာပဲဖြစ်ပါတယ်။ ပြင်သစ်မှာတော့ စက်မှုထုတ်လုပ်မှုတွေဟာ ဂျာမနီထက် ဆိုးရွားစွာပဲ ၁၆ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ စာရင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အင်စီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဆိုးရွားစွာ ထိခိုက်မှုတွေဖြစ်စေ

 

ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်းတွေဟာလည်း ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကို ဆိုးရွားစွာ ခံစားခဲ့ရတဲ့ နောက်ထပ်ကဏ္ဍတွေပဲ ဖြစ်ပါတယ်။ အပျော်စီး၊ အားလပ်ရက် အလည်အပတ် ခရီးစဉ်တွေနဲ့ စီးပွားရေး ခရီးစဉ်တွေမှာတော့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ရမယ်လို့ တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။ ထို့အတူ ဗြိတိရှ်အဲဝေး အိုင်အေဂျီက ပထမလေးလပတ်မှာ ကြီးကြီး မားမား အရှုံးပေါ်နေတယ်လို့ပြောကြား လိုက်ပါတယ်။ ခရီးသည်စီးလိုအား ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၂၀၂၃ ခုနှစ်လောက်အထိ ထပ်မံကြိုးစားရမယ်လို့ အိုင်အေဂျီက ဆက်လက် ပြောကြားထားပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတ္တလန္တိတ်တစ်လွှား ကိုဗစ် - ၁၉ ဟာ အမေရိကန် ပြည်ထောင်စုကို ပုလဲဆိပ်ကမ်း ဖြစ်စဉ် ဒါမှမဟုတ် ၉/ ၁၁ တိုက်ခိုက်မှုဖြစ်စဉ်ထက်ကို ဆိုးရွားစွာ ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အခုဆိုရင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုဖြစ်စဉ်ဟာ တဖြည်းဖြည်းကျဆင်း လာခဲ့ပြီဖြစ်သလို ပိတ်ဆို့ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်လည်စတင်ဖို့ စေ့ဆော်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ ဂျီဟတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀၀ လောက် သေဆုံးပြီးတော့ ဆယ်စုနှစ် နှစ်နှစ်လောက် စစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အမေရိကန်မှာ ၇၃၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ့သေဆုံးမှုနှုန်းရဲ့ လေးပုံတစ်ပုံထက်ကို များပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်း တွမ်ဖရက်ဒန်က ကိုဗစ်-၁၉ ကြောင့် အမေရိကန် ရဲ့ သေဆုံးနှုန်းဟာ မေလအကုန်မှာ ၁၀၀၀၀၀ အထိ မြင့်တက်လာနိုင်ကြောင်း ပြောပါတယ်။

 

ကိုဗစ်-၁၉ ဟာ နယူးယောက်အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်း အများအပြားမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့သလို သူ့ရဲ့ အကျိုးသက်ရောက်မှုဟာ စာရွက်စာတမ်း အထောက်အထား အခိုင်အမာမရှိတဲ့ ရွှေ့ပြောင်း အခြေချသူတွေကဲ့သို့ လူ့အခွင့်အရေး မရသလောက် နည်းပါးလှတဲ့သူတွေကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။

 

သူတို့ထဲက အများစုဟာ နိုင်ငံမှ နှင်ထုတ်မှာကို ကြောက်ရွံ့နေကြသလို ဆေးဖိုးဝါးခ မတတ်နိုင်ဘဲ စိုးရိမ်ကြောင့်ကြမှု တွေနဲ့သောကဖိစီးလျက် ရှိပါတယ်။ ထို့အတူ တရားဝင် အထောက်အထားတွေ ရရှိအောင် တောင်းဆိုရင်းနဲ့ ထိခိုက်နစ်နာမှုတွေလည်း ရှိတဲ့အတွက် အဆုံးမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးကြရပါတော့တယ်။

 

ကမ္ဘာ့စီးပွားရေးကျဆင်းမှု

 

ကိုဗစ်-၁၉ ကို ထိန်းချုပ်ဟန့်တားဖို့ ခပ်ခွာခွာနေထိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ကမ္ဘာ့အားကစားကဏ္ဍကိုပါ လွှမ်းမိုးလို့လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဘောလုံးအသင်းကြီးတွေဟာ ဘဏ္ဍာငွေအကျပ်အတည်းဆိုင်ရာ ဖိအားနဲ့ ရင်ဆိုင်နေရတဲ့အတွက် တစ်နည်းမဟုတ် တစ်နည်းတော့ ပြန်လည်ကစားဖို့ နည်းလမ်းရှာနေကြပါတယ်။ ထိပ်တန်းသက်ဆိုင်ရာ အာဏာပိုင်တွေထံမှ တင်းကျပ်တဲ့ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုတွေ လိုက်နာခိုင်းပြီး ကစားခွင့်ပြုလိုက်တာနဲ့တစ်ပြိုင်နက် အားကစား ပြိုင်ပွဲတွေကို ပွဲကြည့်သူပရိသတ်တွေ မရှိဘဲ မေ ၁၅ ရက်မှစကာ ကစားကြတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အစိုးရတွေအနေနဲ့ စီးပွားရေး ကျဆင်းလာမှုကိုတော့ တစ်မျိုးတစ်ဖုံ အကောင်းဆုံးနည်းလမ်းနဲ့ ပြန်လည်တိုးတက်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ