အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကွန်းခိုရာ

သတင်းဆောင်းပါး- ဟန်လင်းနိုင်၊ မျိုးသူဟိန်း၊ ဟိန်းမင်းစိုး

ဓာတ်ပုံ- မျိုးမြင့် (သတင်းစဉ်)

 

“ကျောင်းမှာ သိမ်၊ လူမှာ အိမ်”ဆိုသည့် မြန်မာစကားပုံ ဆိုရိုးစကားအရ ရဟန်းသံဃာတော်များ သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်များတွင် သိမ်မှာ အရေးကြီးသကဲ့သို့ လူ့ဘဝတွင်လည်း နေထိုင်ရန်အိမ်မှာ အရေးကြီးလှပေသည်။ လူ့ဘဝတွင် အရေးကြီးသည့် စား၊ ဝတ်၊ နေရေး သုံးခုအနက် နေရေးအတွက် စိတ်ပူပန်နေရသူများထဲတွင် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဖြစ်ပေသည်။ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တစ်နေ့တာ တာဝန်ထမ်းဆောင်ပြီး အိမ်အပြန် ညအိပ်စက် အနားယူသည့်အခါတိုင်း အငြိမ်းစားယူပြီးသည့်အခါ နေအိမ်အတွက် စဉ်းစားမိတိုင်း အတွေးမောများ ဝင်ရောက်လာရမြဲ ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက်ပိုင်း နေရေးအတွက် အငြိမ်းစားရယူရန် နီးကပ်လေလေ စိုးရိမ် ပူပန်မှုများလေလေ ဖြစ်ရသည်။

 

ခေတ်အဆက်ဆက်သော အစိုးရတို့အနေဖြင့် ဝန်ထမ်းများ၏ နေအိမ်အခက်အခဲအတွက် သူ့နည်းသူ့ဟန်ဖြင့် မြို့ကွက်သစ်များ ဖော်ထုတ်ပြီး ရောင်းချပေးခဲ့ကြသော်လည်း ၎င်းတို့အနေဖြင့် နေအိမ်တည်ဆောက်ရန် အခက်အခဲ၊ အခြေခံ ရေ၊ မီးနှင့် နေအိမ်ပြုပြင်ရန်၊ ထိန်းသိမ်းရန် အခက်အခဲတို့ကြောင့် အမှန်တကယ် အငြိမ်းစားယူချိန်တွင် နေရေးအတွက် အခက်အခဲ ဖြစ်ကြရပြန်ပြီး ဝန်ထမ်းများ ပတ်ဝန်းကျင်တွင် အငြိမ်းစားယူပြီးချိန် နေစရာနှင့်ပတ်သက်၍ ညည်းတွား ပြောဆိုမှုများကို မကြာခဏကြားနေရမြဲ ဖြစ်သည်။

 

လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ ဝန်ထမ်းများနောင်ရေး တွေးမပူရအောင်ဆိုသည့် ရည်ရွယ်ချက်ကောင်းဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာများ ဖော်ဆောင်ပေးရန် မူဝါဒထားရှိခဲ့ရာ ယခုအခါတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ကွန်းခိုရာအဖြစ် နေပြည်တော် မြို့မဈေးအနီးတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအိမ်ရာကို စတင်တည်ဆောက် အကောင်ထည်ဖော်ဆောင်လျက်ရှိသည်။

 

“အစိုးရအဆက်ဆက်က နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရင် သူတို့နေထိုင်ဖို့ မြေကွက်တွေ ချပေးခဲ့တာတွေ ရှိပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဘာတွေ လိုအပ်လဲမေးတဲ့အခါ ချပေးထားတဲ့မြေကွက်မှာ နေအိမ်ဆောက်လုပ်ဖို့ အခက်အခဲတွေရှိတယ်ဆိုတာ သိရတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တည်ဆောက်ပြီးသား တိုက်ခန်းတွေပေးတာက သူတို့အတွက် ပိုအဆင်ပြေလိမ့်မယ်။ နိုင်ငံတော် အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေတွေ့ ဆုံတဲ့အခါ ဖြစ်နိုင်ရင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရောင်းချပေးဖို့ တောင်းဆိုတာတွေရှိတယ်။ ဒီလို တောင်းဆိုလာတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေက နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို နေပြည်တော်မှာ နေထိုင်လိုတဲ့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေအတွက် အိမ်ရာတစ်ခု ဆောက်ပေးဖို့ တာဝန်ပေးပါတယ်။ ဒါကြောင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာတွေကို ဖော်ဆောင်ရတာ ဖြစ်ပါတယ်” ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး က ပြောသည်။

 

mdn

 

“နိုင်ငံတော်အကြီးအကဲတွေက နိုင်ငံ့ဝန်ထမ်းတွေအတွက် စေတနာထားပြီး အငြိမ်းစားဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးဖို့ တာဝန်ပေးလာတဲ့အတွက် နေပြည်တော် စည်ပင်အနေနဲ့ ဘယ်လိုနေရာမှာ ဆောက်မလဲ။ ဘယ်လို ပုံစံဆောက်မလဲ အစည်းအဝေးတွေလုပ်ပြီး တိုင်ပင်ပါတယ်။ အိမ်ရာအဆောက်အအုံကို သင့်တော်တဲ့နေရာမှာ ဆောက်လုပ်ချင်တယ်။ ဒါကြောင့် မြေရွေးချယ်တဲ့နေရာမှာ ဖြစ်နိုင်ရင် အကောင်းဆုံးနေရာကိုပဲ ရွေးချယ်ဖို့ နေပြည်တော်မြို့တော်ဝန်က လမ်းညွှန်တယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း မြေနေရာကို ရွေးလိုက်တာပါ။ ရွေးထားတဲ့မြေနေရာက မြို့လယ်နေရာမျိုးဖြစ်တယ်။ မြို့မဈေးကြီးနဲ့နီးတယ်။ နောင်တစ်ချိန်မှာ စည်ကားလာနိုင် တဲ့မြေနေရာမျိုး ဖြစ်ပါတယ်။”

 

“ဒီနေရာရဲ့ ထူးခြားချက်က အငြိမ်းစားဝန်ထမ်း အိမ်ရာနဲ့ကပ်လျက်မှာ ဓာတ်ဆီဆိုင်နဲ့ အထက်တန်းကျောင်းရှိတယ်။ လက်ရှိဝန်ထမ်းတွေနေတဲ့ အိမ်ရာများမှာ ဖြစ်တယ်။ နောက်ပြီး ဒီအနီးအနားမှာပဲ နေပြည်တော်ရဲ့ အနာဂတ်စီမံကိန်းမှာပါတဲ့ အဝေးပြေးကားဂိတ်ကြီးကိုလည်း တည်ဆောက်မယ်။ ဒါကြောင့် ဒီနေရာဟာ လူစည်ကားလာမယ့်နေရာဆိုတာ သေချာတယ်။ အဲဒီနေရာမှာပဲ အိမ်ရာနဲ့အတူ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ ဆောက်လိုက်မယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးနေရာ ဖြစ်လာမယ်။ ဒါကြောင့် အားလုံးအတွက် နေထိုင်လို့ တကယ်အဆင်ပြေနိုင်မယ့် မြေဧရိယာမျိုးကိုရွေးပြီး အိမ်ရာဆောက်လုပ်တာ ဖြစ်ပါတယ်”ဟု ဒုတိယမြို့တော်ဝန်က ပြောသည်။

 

ယခုတည်ဆောက်လျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာစီမံကိန်းသည် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေး မြို့မဈေးအနီး နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၂၀၀ အနက်မှ မြေဧက ၇၀ အပေါ်တွင် တည်ဆောက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် တိုက်ခန်းပေါင်း ၃၀၀၀ ကျော်ကို စတင်တည်ဆောက် နေကြောင်း သိရသည်။

 

mdn

 

“အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ လျှောက်ထားတဲ့ အခါ ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူခဲ့တဲ့ မည်သူမဆို လျှောက်ထားလို့ရပါတယ်။ ပြစ်မှုကြောင့် အနားပေးခံရတဲ့ ဝန်ထမ်းတော့မရပါဘူး။ အငြိမ်းစား ပေးလိုက်ကြောင်း အထောက်အထား စာရွက်စာတမ်းတင်ပြနိုင်ရင် လျှောက်ထားလို့ရပါတယ်။ ပထမအဆင့်အနေနဲ့ ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရပါမယ်။ ပြီးရင် ၂၀၂၀ ပြည့်နှစ်ထဲမှာ အငြိမ်းစားယူမယ့်ဝန်ထမ်းတွေလည်း လျှောက်ထားလို့ရပါတယ်။ သူတို့ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ပါရပါမယ်။ ပင်စင်ယူဖို့ တစ်လ၊ နှစ်လလိုပေမယ့်လည်း ဒီနှစ်ထဲမှာ ပင်စင်ယူမယ့် ဝန်ထမ်းဆိုရင် လျှောက်ထားလို့ရပါတယ်။ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းဆိုတဲ့နေရာမှာ ဌာနခွဲမထားပါဘူး။ ဘယ်ဌာနကဖြစ်ဖြစ် အငြိမ်းစားယူထားတဲ့ ဝန်ထမ်းအားလုံး လျှောက်ထားခွင့်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လည်း ခွဲခြားမထားပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေအားလုံး လျှောက်ထားခွင့်ရှိပါတယ်။”

 

“လျှောက်လွှာတွေကို ဇွန်လ ၁ ရက်နေ့ကစပြီး လက်ခံပါမယ်။ နိုင်ငံတစ်ဝန်းလုံးက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေ လျှောက်လွှာလာတင်သူတွေ အားလုံးကို ခွဲခြားမှုမရှိဘဲ လက်ခံမယ်။ လျှောက်ထားသူများရင်လည်း လျှောက်လွှာ စောစောလာတင်သူတွေကို အရင်ဆုံးရွေးချယ်ပြီး နံပါတ်စဉ်လိုက် ဖြတ်ချမယ်။ နံပါတ်တစ်ကနေ စသွားမယ် သုံးထောင်ပြည့်ရင် ရပ်လိုက်မယ်၊ နောက်မှလာတင်သူကတော့ မရဘူး။ လျှောက်လွှာလာတင်တာနဲ့ Register လုပ်ပြီး သူ့ရဲ့ နံပါတ်က ဘယ်လောက်ဆိုတာ အကြောင်းကြားမယ်။ လာလျှောက်သူတွေကို အထပ်ရွေးခွင့်ပေးပါမယ်။ မြေညီထပ်ပြည့်သွားရင် ဖြတ်ချလိုက်မှာပါ။ ဝယ်တဲ့သူကလည်း သူသုံးနိုင်တဲ့ငွေကို ချိန်ပြီး အထပ်အလိုက် ရွေးချယ်ဝယ်ယူရမယ်။ ရာထူးကန့်သတ်ချက်မရှိဘူး၊ နေရာဒေသ ကန့်သတ်ချက်မရှိဘူး။”

 

“ဝယ်ယူတဲ့သူတွေကို အောက်တိုဘာလမှာ အခန်းအပ်နိုင်အောင် ဆောင်ရွက်နေပါပြီ။ ရောင်းချတဲ့အခါမှာ ပထမဦးစားပေး၊ ဒုတိယဦးစားပေးဆိုပြီး အုပ်စုခွဲထားပါတယ်။ ပထမဦးစားပေးက အငြိမ်းစားဝန်ထမ်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း အခုလျှောက်လွှာခေါ်ပြီး တစ်လအတွင်း လာလျှောက်ကြတဲ့ လျှောက်လွှာအရေ အတွက်ကို ကြည့်ပါမယ်။ အငြိမ်းစားဝန်ထမ်းတွေဝယ်လို့ အခန်းအားလုံးကုန်သွားရင်တော့ လက်ရှိဝန်ထမ်းတွေကို ရောင်းချပေးလို့ရမှာ မဟုတ်ပါဘူး။ သို့သော် အငြိမ်းစား ဝန်ထမ်းတွေဝယ်တာ မကုန်ဘူးဆိုရင်တော့ လက်ရှိဝန်ထမ်းတွေကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယမြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

 

အနာဂတ်ကာလတွင် အငြိမ်းစားဝန်ထမ်းများ လာရောက်နေထိုင်မှု များပြားလာသည့် အခါဝန်ဆောင်မှု လိုအပ်ချက်ဖြစ်လာနိုင်သည့်အတွက် အိမ်ရာဝန်းကျင်တွင် စီးပွားရေးဇုန်များ၊ Commercial Area များ၊ ကုန်တိုက်များကို ထည့်သွင်းတည်ဆောက်သွားရန် ရှိကြောင်း သိရသည်။

 

“နိုင်ငံ့ဝန်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်မှာ တိုက်ခန်းတွေမှာ နေရတယ်။ နေထိုင်စရာ ပူစရာမလိုဘူး။ ဒါပေမဲ့ အငြိမ်းစားယူပြီးနောက်ပိုင်း သူတို့ကနေဖို့အတွက် အမြဲတမ်းပူရတယ်။ အငြိမ်းစားယူပြီးနောက်ပိုင်း ဘာဖြစ်မယ်ဆိုတာ သူတို့မသိဘူး။ နိုင်ငံ့ဝန်ထမ်းတွေ နေရေးမပူရအောင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေ အိမ်ရာလည်း ထည့်ဆောက်သင့်ကြောင်း ခေါင်းစဉ်တစ်ခု ထုတ်လိုက်တယ်။ နောက်ပိုင်း မြို့ပြစီမံကိန်းရေးဆွဲတိုင်းမှာ အငြိမ်းစားဝန်ထမ်းတွေအတွက် အိမ်ရာတွေလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါရမယ်ဆိုတာမျိုး အားလုံးက အတွေးဝင်သွားလိမ့်မယ်။ အဲဒီလိုဆိုရင် ဘယ်အစိုးရပဲ တက်တက်၊ စည်ပင်သာယာကော်မတီတွေ ဘယ်လိုပဲပြောင်းပြောင်း စိတ်ကူးတစ်ခုရသွားတာပေါ့။ စိတ်ကူးရသွားတဲ့အတွက် အမြဲတမ်း အခုလိုမျိုးထည့်သွင်း တည်ဆောက်လိမ့်မယ်။ နောက်ပိုင်း အားလုံးက အခုပုံစံအတိုင်း လိုက်လုပ်သွားရင် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လည်း အငြိမ်းစားယူရင် ပူစရာမလိုတော့ပါဘူး။

 

“ဒီစီမံကိန်းမှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက မြေနေရာပေးပါတယ်။ မြေနေရာဖိုး လုံးဝ မယူပါဘူး။ မြေနေရာဖိုးယူလိုက်ရင် တိုက်ခန်းဈေးက ပိုကြီးသွားပါလိမ့်မယ်။ မြောင်းဖောက်၊ မြေညှိ၊ လမ်းဖောက်၊ ပလက်ဖောင်းစတဲ့ Infrastructure လုပ်ငန်းအားလုံးကို နိုင်ငံတော်ဘတ်ဂျက်နဲ့ကျခံပေးပါတယ်။ တည်ဆောက်ရေးအဖွဲ့ ရွေးတဲ့အခါမှာလည်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်အသင်းတို့ကို ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပါတယ်။ အဲဒီအသင်းကြီး နှစ်သင်းမှာပါတဲ့ တစ်နိုင်ငံလုံးက ဆောက်လုပ်ရေးလုပ်ငန်းရှင် အားလုံးက တည်ဆောက်ခွင့်ရပါမယ်။ အရည်အသွေး ထိန်းသိမ်းရေးအပိုင်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီနဲ့ ပြင်ပက ငှားရမ်းထားတဲ့ ကုမ္ပဏီတွေက စစ်ဆေးမှာပါ။ အဆောက်အအုံ တည်ဆောက်မှုကို ဒီအသင်းကြီးနှစ်သင်းရဲ့ ကြီးကြပ်မှုနဲ့ သူတို့ရဲ့ အဖွဲ့ဝင် ကုမ္ပဏီတွေက ဆောက်ရမယ်။ စိတ်ဝင်စားမှုရှိရင် ငွေစိုက်ပြီး ဆောက်ရမယ်ပြောတယ်။ ကျွန်တော်တို့က ရောင်းပြီးတော့ ဝင်လာတဲ့ငွေနဲ့မှ ကုမ္ပဏီတွေကို ငွေချေပေးမယ်။ ဒီပုံစံနဲ့ ကုမ္ပဏီတွေကို ညှိနှိုင်းထားပါတယ်။ အသင်းကြီးနှစ်သင်းကလည်း နိုင်ငံတော်အငြိမ်းစား ဝန်ထမ်းအိမ်ရာဖြစ်တဲ့အတွက် စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့အတွက် သဘောတူညီမှု ယူလိုက်ပါတယ်” ဟု ဦးရဲမင်းဦး က ပြောသည်။

 

ယခုတည်ဆောက်သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာမှာ လေးခန်းတွဲ၊ လေးထပ်ပုံစံဖြစ်ပြီး အကျယ် စတုရန်း ပေ ၆၅၀ ဖြစ်ကာ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ဝရန်တာနှင့် အရေးပေါ်လှေကားတို့ကို ထည့်သွင်းတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

mdn

 

“ရောင်းချတဲ့အခါမှာ ငွေကို တစ်ခါတည်းပေးချေပြီး ဝယ်မယ့်သူနဲ့ အရစ်ကျပေးသွင်းပြီး ဝယ်ယူမယ့်သူဆိုပြီး ခွဲထားပါတယ်။ တစ်ခါတည်း ငွေပေးချေသူကတော့ တစ်ခါတည်း ငွေပေးချေပြီး တစ်ခါတည်း ပိုင်ဆိုင်မှုပေး လိုက်မှာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးက ဘဏ်ချေးငွေနဲ့ အရစ်ကျ ဝယ်ချင်တယ်ဆိုရင် ကျွန်တော်တို့က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ပေးပါမယ်။ သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်ပေးချေတဲ့ ပုံစံမျိုးရှိပါတယ်။ သူတို့ ရွေးချယ်ရပါမယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ စာရွက် စာတမ်း စိစစ်ရမယ့်ကိစ္စတွေရှိတဲ့အတွက် ဝယ်ယူမှုက နည်းနည်းတော့ နောက်ကျသွားနိုင်တယ်။ လက်ငင်းပေးသူက တိုက်ခန်းချက်ချင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရောင်းတဲ့ တိုက်ခန်းတွေက အပိုင်ရောင်းပေးတာဖြစ်တဲ့အတွက် ဝယ်ယူသူရဲ့ ဇနီး၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ပိုက်ဆံသွင်းစရာရှိရင်လည်း သူကဆက်ပြီး သွင်းသွားလို့ရတယ်။ တိုက်ခန်းတစ်ခန်းချင်းစီရဲ့ ပိုင်ဆိုင်မှုကတ်ပြားထုတ်ပေးသွားမယ်။ ငွေအကျေချေပြီးသွားရင်လည်း ပိုင်ဆိုင်ခွင့် နာမည်ပြောင်းချင်ရင်လည်း ပြောင်းပေးသွားမယ်။ ဆုံးပါးသွားပြီးတဲ့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေရဲ့ အမည်နဲ့တော့ ရောင်းချပေးမှာ မဟုတ်ပါဘူး။ လက်ရှိ၊ သက်ရှိ၊ ထင်ရှားရှိတဲ့ အငြိမ်းစား ဝန်ထမ်းတွေကိုပဲ ရောင်းချပေးသွားမှာပါ။ ငွေအကျေချေပြီး ဒီမှာမနေချင်တော့ဘူးဆိုရင်လည်း ပြန်လည်ရောင်းချခွင့်ပေးသွားမယ်”ဟု ဒုတိယမြို့တော်ဝန်က ပြောသည်။

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ ဖော်ဆောင်ရာတွင် သက်ကြီးရွယ်အိုမိသားစုဝင်များ ပါဝင်နိုင်သည့်အတွက် အတက်၊ အဆင်းလွယ်ကူရန် ယခုကဲ့သို့ အထပ်လေးထပ် တည်ဆောက်ခြင်းဖြစ်ပြီး အထပ်မြင့် တည်ဆောက်ပါက တိုက်ခန်း တစ်ခန်းချင်းစီ ၏ ကုန်ကျစရိတ်များ မြင့်မားနိုင်ခြင်းကြောင့် ယခုကဲ့သို့ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်က “အိမ်ရာတည်ဆောက်ဖို့ အကြို အင်ဂျင်နီယာလုပ်ငန်း၊ မြေပြုပြင်ရေးလုပ်ငန်းတွေကို ၂၀၂၀ ဖေဖော်ဝါရီလပိုင်းက စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ်တိုက် ၃၉ လုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အနေနဲ့ အိမ်ရာတွေကို ဖော်ဆောင်ရာမှာ အခြေခံအ ဆောက်အအုံတွေဖြစ်တဲ့ မြေသားပြုပြင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ လျှပ်စစ်မီးနဲ့ ရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ဘတ်ဂျက် ၁၃ ဒသမ ၉ဘီလီယံနီးပါး ကျခံသုံးစွဲသွားဖို့ လျာထားပါတယ်”ဟု ပြောသည်။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူး (အင်ဂျင်နီယာ) ဦးတင်အောင်ငွေက “အဆောက်အအုံတွေ စတင်ဆောက်လုပ်မီကတည်းက သတ်မှတ်ထားတဲ့ မြေကြီးခံနိုင်အားရှိဖို့ မြေသားစမ်းသပ်မှုတွေ စစ်ဆေးဆောင်ရွက်ပါတယ်။ နိုင်ငံ့ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ရာမှာ အရည်အသွေး ခိုင်ကောင်းမွန်ဖို့အတွက် ပြင်ပ QA၊ QC အဖွဲ့တွေနဲ့ စစ်ဆေးဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့မှာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရဲ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားတဲ့ (B.E) (R.S.E) (RA) တွေပါဝင်ပါတယ်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီကလည်း အနီးကပ်စစ်ဆေးဖို့ အတွက် လုပ်ငန်းကော်မတီ အဖွဲ့ဖွဲ့စည်းပြီး နေ့စဉ်ကြီးကြပ် ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

 

“ကျွန်တော်တို့ Quality Control-QC ကုမ္ပဏီတွေကို နေပြည်တော် စည်ပင်သာယာရေးကော်မတီကနေ Techanical ပိုင်း ဦးစားပေးကြည့်ပြီး ရွေးချယ်ခဲ့တယ်။ ဒီ Project ကြီးမှာ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် အဖွဲ့ရှစ်ဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ လုပ်ငန်း စကတည်းက Structure Drawing M&E Drawing တွေကိုတောင်းပြီး လုပ်ငန်းခွင်ထဲ မရောက်ခင်ကတည်းက ကြိုတင် စစ်ဆေးပါတယ်။ တည်ဆောက်ရေး လုပ်ငန်းစဉ်တိုင်းကို အလွတ်မခံဘဲ စစ်ဆေးပါတယ်။ လုပ်ငန်းခွင်တစ်ခုစီမှာ QC တစ်ယောက်နှုန်းနဲ့ စစ်ဆေးနေတာပါ။ Contractor တွေ လုပ်ငန်းမကြန့်ကြာစေဖို့အတွက် ပြင်စရာရှိရင်လည်း ချက်ချင်းထောက်ပြပါတယ်။ အဆောက်အအုံ ခိုင်ခံ့ဖို့အတွက် ကျွန်တော်တို့ဘက်ကရော ဆောက်လုပ်ရေးကုမ္ပဏီဘက်ကပါ လုပ်ငန်းစဉ်တိုင်းကို စေ့စပ်သေချာအောင် ဆောက်လုပ်နေပါတယ်”ဟု အရည်အသွေးစစ်ဆေးသည့် ACEG ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုလင်းလင်းက ပြောသည်။

 

mdn

 

 “မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းဘက်က တည်ဆောက်ရေး ကုမ္ပဏီတွေအနေနဲ့ ၁၂ လုံး တည်ဆောက်နေပါတယ်။ လက်ရှိမှာတော့ ၃၀ ရာခိုင်နှုန်း လောက်ပြီးစီးနေပါပြီ။ အားလုံးပြီးစီးဖို့ အချိန်ကို ခြောက်လလောက် လျာထားပါတယ်။ နေပြည်တော်စည်ပင် အင်ဂျင်နီယာအဖွဲ့က ထည့်ပေးထားတဲ့ QC အဖွဲ့နဲ့အတူ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ တိုက် ၁၂ လုံးအတွက် အင်ဂျင်နီယာနဲ့ အလုပ်သမားအင်အားကို အင်ပြည့်အားပြည့် ဆောင်ရွက်နေပါတယ်။ သတ်မှတ်ချိန်ပြီးစီးနိုင်ဖို့ ကြိုးစားဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု စီမံကိန်းအင်ဂျင်နီယာ ကိုလှိုင်မင်းဦးက ပြောသည်။

 

“အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာကို ကျွန်တော်တို့ မတ်လ ၂၁ ရက်နေ့ကနေ စတင်တည်ဆောက်နေပါတယ်။ စက်တင်ဘာမှာ အပြီးအပ်ရမှာဖြစ်တဲ့အတွက် target က ကပ်တော့ အချိန်နဲ့ တစ်ပြေးညီ တိုက်တိုက်တွန်းတွန်းနဲ့ ဆောင်ရွက်နေပါတယ်။ လိုအပ်ရင်လိုအပ်သလို နေ့ဆိုင်း၊ ညဆိုင်းဆင်းပြီး ဆောင်ရွက်နေပါတယ်။ မိုးရာသီရောက်လာတဲ့အတွက် အလုပ်ကြန့်ကြာမှုတွေ ရှိတဲ့အပြင် လက်ရှိဖြစ်နေ တဲ့ ကိုဗစ်-၁၉ ကြောင့်လည်း အလုပ်အတွက် တော်တော် ဂရုစိုက်ရပါတယ်။ အလုပ်သမားတွေကို ကိုဗစ်-၁၉ ကြောင့် အလုပ်ကြန့်ကြာမှုမရှိအောင် လိုအပ်တဲ့ အကာအကွယ်တွေ ပေးပြီး လုပ်ဆောင်နေပါတယ်။ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာဆိုတော့ တည်ဆောက်နေစဉ် ကာလအတွင်း အခက်အခဲတွေကို ကျော်လွှားပြီး အငြိမ်းစားဝန်ထမ်းတွေအတွက် ဝမ်းသာအားရ အားတက်သရော ပါဝင်တည်ဆောက်နေပါတယ်” ဟု စီမံကိန်းအင်ဂျင်နီယာ ဦးမျိုးကျော်သူအောင်က ပြောသည်။

 

အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးတင်ဦးက “အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအတွက် နိုင်ငံတော်က အိမ်ရာ ဆောက်ပေးမယ်။ ရောင်းချပေးမယ်ဆိုတဲ့ သတင်းကို ကြားသိရပါတယ်။ တကယ်ကောင်းတဲ့ အစီအစဉ်ပါပဲ။ အောက်ခြေဝန်ထမ်းအများစုအနေနဲ့ ပင်စင်ယူပြီးသွားရင် နေရေး အခက်အခဲဖြစ်တာတွေက နေရာဒေသတိုင်းမှာ ရှိနေပါတယ်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ နိုင်ငံ့  ဝန်ထမ်းတွေအတွက် နိုင်ငံတော်က အခုလိုစေတနာထားပြီး ကြည့်ရှုပေးတဲ့အတွက် ဝမ်းသာရပါတယ်။ အမှန်တကယ် နေထိုင်လိုသူတွေ၊ နေရေးအခက်အခဲရှိပြီး နေအိမ်လိုအပ်သူတွေကို ဝယ်ယူခွင့်ရစေလိုပါတယ်။ နေပြည်တော်လို အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး အစစအရာရာ အဆင်ပြေတဲ့နေရာမျိုးမှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေအတွက် အိမ်ရာဆောက်လုပ်ပြီး ရောင်းချပေးမယ်ဆိုတော့ တကယ်ပဲကောင်းပါတယ်” ဟု ပြောသည်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေယာဉ်မှူး ဦးသိန်းထွန်းက “ကျွန်တော်ဆိုရင်မကြာခင် ပင်စင်ယူတော့မှာပါ။ မကြာခင်ပင်စင်ယူတော့မယ့် သူတွေကိုပါ လျှောက်ထားလို့ရတယ်ဆိုတာ သိရတော့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ လုပ်ငန်းသဘာဝက နိုင်ငံ့ဝန်ထမ်းဆိုပေမယ့် နယ်လှည့်ပြီးသွားလာနေရတဲ့အတွက် မိသားစုနဲ့ တစ်နေရာစီမှာ နေနေရပါတယ်။ အခုအချိန်ထိလည်း အိမ်ပိုင်မရှိသေးပါဘူး။ အခုရောင်းချပေးမယ့် စနစ်က လက်ငင်းစနစ်နဲ့ရော၊ အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးမှာဖြစ်လို့ ဝယ်ယူလိုသူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ အရင်က အခုလိုရောင်းချ ပေးတာမျိုးမရှိတဲ့အတွက် ပင်စင်ယူပြီးရင် နေဖို့ထိုင်ဖို့အတွက် စိတ်ပူပန်နေရပါတယ်။ အခုရောင်းချပေးမယ့် ပုံစံက ဘယ်ဒေသမှာပဲနေနေ အငြိမ်းစားဝန်ထမ်းဖြစ်ရင် ပြီးရောဆိုတဲ့ သတ်မှတ်ချက်ပါတော့ ကျွန်တော်တို့လို နယ်ကဝန်ထမ်းတွေအတွက် အခွင့်အရေးတစ်ခုပါပဲ။ နေပြည်တော်မှာ အမှန်တကယ်နေချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ပင်စင်ယူပြီးသွားရင် အေးအေးချမ်းချမ်း နေလိုတဲ့အတွက် နေပြည်တော်လိုနေရာမျိုးမှာ လာနေချင်ပါတယ်။ နောင်မှာလည်း ဒီလိုအငြိမ်းစားဝန်ထမ်းအိမ်ရာတွေကို ဆက်လက်ဖော်ဆောင်ပေးသွားစေလိုပါတယ်” ဟု ပြောသည်။

 

နေပြည်တော် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအိမ်ရာကို မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဘက်မှ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာ အသင်းဘက်မှ ကုမ္ပဏီများက အခန်း ၃၀၀၀ ကျော်ကို တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိတွင် အခန်း ၁၀၀၀ ကို နိုဝင်ဘာလအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုဆိုလျှင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နေရေးအတွက် စိုးရိမ်ပူပန်မှုမှာ လျော့နည်းသွားမည်ဖြစ်ပြီး အနာဂတ်ကာလတွင် ယခုအစပြုခဲ့သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းမှ နေရေးကိစ္စအတွက် ဖြေရှင်းပေးနိုင်တော့မည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက် စိတ်အေးချမ်းစွာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ကြမည် ဖြစ်ပေတော့သည်။ ။