အင်းသားလူမျိုးတို့၏ ဖောင်တော်ဦးဘုရားပွဲတော်

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့စာရေးသူအနေဖြင့် နှစ်စဉ်နှစ်တိုင်းရောက်ရှိစမြဲပင်ဖြစ်သည်။ အင်းသားလူမျိုးတို့၏ စားသောက်နေထိုင်မှုနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်တို့ဖြင့် အကျွမ်းတဝင် ရှိနေပြီဟုလည်း ဆို၍ရပေသည်။ အင်းသားတို့၏ ဘာသာရေးပွဲတော်များသည် ထူးခြားလှသည့်အပြင် ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည် ကိုးကွယ်မှုသည်လည်း တွေ့မြင်ရသူများအဖို့ ကြည်နူးမဆုံးနိုင်ပေ။ အင်းသားတို့၏ အထူးခြားဆုံးသော ဘာသာရေးပွဲတော်တစ်ခုမှာ ဖောင်တော်ဦးဘုရားပွဲတော် တစ်ခုပင် ဖြစ်ပေသည်။

 

 

အင်းသားလူမျိုးတို့၏ ဖောင်တော်ဦးဘုရားသမိုင်းသည်ကား မြန်မာသက္ကရာဇ် ၄၅၄ ခုနှစ်၊ ခရစ်နှစ် ၁၀၉၂ခုနှစ် ပုဂံခေတ်တွင် နန်းတက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းလုံးအနှံ့ ဖောင်တော်ဖြင့် ခရီးလှည့်လည်ပြီး မာလယုကျွန်းသို့ ရောက်သော် သိကြားမင်းက သရက္ခန်နံ့သာနှစ်ကို ဆက်သလိုက်ရာ မင်းကြီးက ဘုရားငါးဆူထုလုပ်ပြီး ဖောင်တော်ဦးတွင်ထား၍ ကိုးကွယ်လာခဲ့သည်။ ပုဂံနေပြည်တော်သို့ ပြန်ရောက်ပြီး သက္ကရာဇ် ၄၅၇ခုနှစ်၊ ခရစ်နှစ် ၁၀၉၅ခုနှစ်တွင် ဖောင်တော်ဦးဘုရားငါးဆူနှင့် တိုင်းခန်းလှည့်လည်ပြန်ရာ အင်းလေးဒေသ သန်းတောင်အရပ်သို့ ရောက်ရှိလာသည်။ သန်းတောင်ရွာတွင် ဘုရားစေတီတည်ပြီး ဘုရားငါးဆူကို ဌာပနာခဲ့သည်။ ထိုအချိန်မှ စတင်ထင်ရှားလာပြီး လူအများကိုးကွယ်လာကြသည်။

 

မြန်မာသက္ကရာဇ် ၇၂၁၊ ခရစ်နှစ် ၁၃၅၉ ခုနှစ်တွင် ညောင်ရွှေမြို့၌ စိုးစံအုပ်ချုပ်သော စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက်တွင် သန်းတောင်ရွာသားတစ်စုသည် ဖောင်တော်ဦး ဘုရားတည်နေရာ၌ ရောင်ခြည်တော်များ ကွန့်မြူးနေသည်ကို တွေ့ရသဖြင့် စော်ဘွားကြီးထံသွားရောက် လျှောက်ထားကြသည်။ စော်ဘွားကြီး ဆီဆိုင်ဖသည် အားရဝမ်းသာဖြစ်၍ ဆွေတော်မျိုးတော်မှူးမတ်တော်နှင့် ပရိသတ်လေးပါး မြောက်မြားစွာခြံရံ၍ သန်းတောင်အရပ်သို့ ထွက်လာကာ တောချုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး စေတီလိုဏ်ပျက်ထဲမှ ဘုရားငါးဆူကိုပင့်ဆောင်ကာ စော်ဘွားကြီးမှ ဟော်နန်း၌ထားရှိကိုးကွယ်ခဲ့ပြီးနောက် နှစ်စဉ်နှစ်တိုင်း ဟော်နန်းပေါ်မှ ဟော်နန်းအောက်၌ ဆောက်ထားသော စံမဏ္ဍပ်သို့ သီတင်းကျွတ် လဆန်း ၇ ရက်တွင် ပင့်ဆောင်ပူဇော်ခံမြဲဖြစ်သည်။ ထို့ကြောင့် ဖောင်တော်ဦးဘုရားဟုမခေါ်ဘဲ စဝ်ဖ်ဖရားလုံးမိနိန်းဟူ၍ ရှမ်းဘာသာ ဝေါဟာရဖြင့် ခေါ်ဆိုအမည်တွင်ခဲ့သည်။ အဓိပ္ပာယ်မှာလူ့ပြည်သို့ ဆင်းလာသော မြတ်စွာဘုရားဟုဖြစ်ပေသည်။ ၎င်းရုပ်ပွားတော် ငါးဆူအနက် နှစ်ဆူမှာ ရဟန္တာပုံတော်ဟု သိရှိရသည်။

 

၎င်းရုပ်ပွားတော် ငါးဆူတို့ကို ဖောင်တော်ဦးရုပ်ပွားတော်ဟု ခေါ်ဝေါ်သည်။ ဤသို့ ဖောင်တော်ရှေ့ဦး၌ တင်ယူကိုးကွယ်ခဲ့သော ဘုရားဖြစ်ခြင်းကြောင့် ဖောင်တော်ဦးဘုရားဟုခေါ်ခြင်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၉၇၇၊ ခရစ်နှစ် ၁၆၁၅ ခုနှစ်၌ အမျိုးသမီးစော်ဘွား စဝ်နန်းဖဲလက်ထက်၌ ပတ်ဝန်းကျင်ရှိ စော်ဘွား၊ မြို့စားများသည် ညောင်ရွှေမြို့ကို ထိပါးတိုက်ခိုက်လာကြသည်။ ထိုအခါစစ်ဖြစ်ပါက ဘုရား ရုပ်ပွားတော်များ ပျက်စီးမည်စိုးသောကြောင့် အင်းလေးဒေသ အင်းတိမ်မြို့သို့ ပင့်ဆောင်၍ စံကျောင်းတော်ဖြင့် ဆောက်လုပ်ထားရှိကာ ဘုရားဝေယျာဝစ္စဆောင်ရွက်ရန် အသည်တော် (သယ်ဆောင်သူ)တို့ကိုလည်း ပေးခဲ့သည်။

 

၎င်းအသည်တော်တို ့နေထိုင်ရာ ရပ်ကွက်၌စစ်ဘေး၊ စစ်ဒဏ်ရန်အန္တရာယ်ကင်းရှင်းခြင်းဖြစ်စေရန် အသည်တော်များ နေထိုင်ရာအရပ်ကို မည်သူမဆို ဝင်ရောက်တိုက်ခိုက် နှောင့်ယှက် ထိပါးဖျက်ဆီးခြင်းအမှု မပြုလုပ်ရဟူသော ဘာသာတရားအရ ဥပဒေပညတ်ချက်ထားရှိသောကြောင့် ၎င်းကို လိုက်နာသောအားဖြင့် မြို့ပြ၊ ပြည်ရွာပျက်ပြားသောအခါဖြစ်စေကာမူ ၎င်းရပ်ကွက်၌ ဘုရားသင်္ကန်းတော်ကိုဖြစ်စေ ဘုန်းကြီးသင်္ကန်းစကိုဖြစ်စေ  အောင်လံအဖြစ် စိုက်ထူထားပါက မည်သည့်ရန်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရဟု ဘာသာထုံးတမ်း ဥပဒေပညတ်ချက်အရ လွတ်ငြိမ်းချမ်းသာစွာ နေထိုင်ရသောသူများလည်း ဖြစ်ပေသည်။

 

၎င်းရပ်ကွက်မှာ ရွှေအင်းတိမ်ဘုရားကြီး၏ အရှေ့ဘက် မြောင်ဆုံရွာအနောက်တောင် အင်းတိမ်မြို့ဟောင်းတောင်ဘက် ယခုဆော်မရွာဟုခေါ်သော ရပ်ကွက်ပင် ဖြစ်ပေသည်။ မြန်မာသက္ကရာဇ် ၁၁၃၃၊ ခရစ်နှစ် ၁၇၇၁ ခုနှစ်တွင် သူပုန်ရန်ကြောင့် ရွှေအင်းတိမ်ရှိ ဘုရားကျောင်းတော် မီးသင့်လောင်ခဲ့ပြီး ဘုရားငါးဆူကို အင်းလေးရွာကြီးခေါ် ပန်းပုံရွာသို့တစ်ဖန် ပင့်ဆောင်လာခဲ့ပြီး မြန်မာ သက္ကရာဇ် ၁၂၄၃၊ ခရစ်နှစ် ၁၈၈၁ ခုနှစ်တွင် စစ်မက်ဘေးကြောင့် အင်းလေးရွာကြီးမှ အင်းလေးနမ့်ဟူးရွာသို့ ပြောင်းရွှေ့စံတော်မူခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။

 

ဖောင်တော်ဦးမြတ်စွာဘုရားသည် တန်ခိုးကျော်ကြားလှသောကြောင့် လူသူအများက နှစ်စဉ် ဖူးမြော်လိုကြသည်မှာ တစ်ကြောင်း၊ ညောင်ရွှေစော်ဘွားကြီးကလည်း အစကနဦးကပင် ဟော်နန်းတွင် ထားရှိ ကိုးကွယ်ခဲ့သော ဘုရားဖြစ်သည့်အလျောက် နှစ်တိုင်းဘုရားကို ဖူးမြော်လိုသည့်အတွက် ရွှေအင်းတိမ်၌ စံနေစဉ်ကတည်းကပင် နှစ်စဉ်ဒေသစာရီ ကြွချီကာ အများပြည်သူ အပူဇော်အဖူးမြော်ခံခဲ့ပေသည်။ ယခင်က ဒေသစာရီကြွချီရာ ခြောက်ဌာနအရပ်သို့သာ နှစ်စဉ်ကြွချီရာမှ ယခုအခါ အရပ်ဒေသ ၁၇ ဌာနသို့ ကြွချီ အပူဇော်ခံလျက်ရှိသည်။ လက်ရှိကြွချီသည့် အစီအစဉ်အား ဖောင်တော်ဦးဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ သံဃနာယကအဖွဲ့ အစည်းအဆင့်ဆင့်မှ ဆရာတော်များ၊ ညောင်ရွှေမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖောင်တော်ဦးဘုရားဂေါပကအဖွဲ့နှင့် ဘုရားလူကြီးများ၊ ဘုရားကြွချီရာဌာန အသီးသီးမှ ကျောင်းဦးဘုရားတကာများပါဝင်သော ဒေသန္တရမျက်နှာစုံညီ အစည်းအဝေးမှ သဘောတူ အတည်ပြုဆုံးဖြတ်ချက်အရ ဆောင်ရွက်ခဲ့ကြသည်။

 

ဖောင်တော်ဦးဘုရားသည် ကျောင်းတော်မှဆင်း၍ ဒေသစာရီကြွချီရာတွင် အင်းလေးဒေသအား လက်ယာရစ်လှည့်လည် အပူဇော်ခံသည်။ ထိုသို့ကြွချီစဉ် ဘုရားငါးဆူအနက် လေးဆူသာကြွချီပြီး တစ်ဆူမှာ ကျောင်းတော် စောင့်ဘုရားအဖြစ် ကျန်ရစ်စံတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားငါးဆူစလုံး ပင့်လျှင် အင်းလယ်သို့ရောက်သော် လေပြင်း မုန်တိုင်းများ ဖြစ်ပေါ်လာပြီး ဘုရားတင်ဆောင်သော ဖောင်တော်မှာ မှောက်တတ်သည်ဟု ဆိုပေသည်။ ရှေးယခင်က ထိုသို့ပင့်ဆောင်ခဲ့ကြသောကြောင့် အင်းလယ်သို့အရောက်တွင် ဘုရားငါးဆူထဲမှ တစ်ဆူသည် အင်းရေပြင် ထဲသို့ ဖောင်တော်စောင်းပြီး ကျရောက်ခဲ့ဖူးသည်။ ထူးခြားချက်မှာ ထိုဆင်းတုတစ်ဆူသည် အင်းလေးရေပြင်တွင် ရှာဖွေမတွေ့ရှိရဘဲ စံကျောင်းတော်တွင် ပြန်လည်ရောက်ရှိနေကြောင်းကို တွေ့ရှိခဲ့ကြရပေသည်။ အဆိုပါ နေရာတွင် အမှတ်အသား ဟင်္သာတိုင်စိုက်ထူထားသည်ကို ယနေ့ထိတွေ့ရှိနိုင်သည်။ ဘုရားပွဲတော်ရက်အတွင်း ဘုရားဖူးများသည် ညောင်ရွှေမြို့၌ ဘုရားရောက်ရှိသည့်ရက်များအတွင်း အပူဇော်ခံသည့် ဘုရားလေးဆူကိုသာ ဖူးမြော်ပြီး ကျန်တစ်ဆူအား အင်းလေး ဖောင်တော်ဦးကျောင်းတော်သို့ သွားရောက်ဖူးမြော်ရသည်။

 

 

သီတင်းကျွတ်လဆန်း ၁ ရက်တွင် ဖောင်တော်ဦးဘုရားကျောင်းမှ ဆင်းတော်မူပြီး အင်းလေးအနောက်ဘက်ကမ်းရှိ အင်းတိမ်သို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၂ ရက်တွင် ကြေးပေါခုံ ကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၃ ရက်တွင် အင်းတိမ် စံကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ် လဆန်း ၄ ရက်တွင် ဟဲယားရွာမကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၅ ရက်တွင် ငါးဖယ်ချောင်းကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၆ ရက်တွင် ကြေးစား ကျောင်းနှင့် ပွဲစားကုန်းကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၇ ရက်တွင် လင်းကင်းကျောင်းနှင့် ညောင်ရွှေမြို့ကျောင်းတော်သို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း၈ ရက်တွင် ညောင်ရွှေမြို့ကျောင်းသို့ လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၉ ရက်တွင် ညောင်ရွှေမြို့ကျောင်းတော်၊ သီတင်းကျွတ် လဆန်း ၁၀ ရက်တွင် ညောင်ရွှေမြို့ကျောင်းတော်နှင့် နန်းသဲကျောင်းသို့ လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၁၁ ရက်တွင်  မိုင်းသောက်ကျောင်းသို့ လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၁၂ ရက်တွင် သလဲဦးကျောင်းနှင့် ကေလာကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၁၃ ရက်တွင် ဇရပ်ကြီးကျောင်းနှင့် ဘုရားပေါက်သို့လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် နမ့်ပန်ကျောင်းနှင့် မန်ကျည်းဆိပ်ကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ကျိန်းခမ်းကျောင်းနှင့် မိုင်းပျိုးကျောင်းသို့လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် နောင်တောကျောင်းသို့ လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော်၂ ရက်တွင် အင်းပေါခုံကျောင်းနှင့် ရေသာကျောင်းသို့ လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် တွင် ရေသာကျောင်းမှ ဖောင်တော်ဦးဘုရား ကျောင်းတော်သို့လည်းကောင်း ဒေသစာရီ ကြွချီတော်မူသည်။

 

ထိုသို့ဒေသစာရီကြွချီရာတွင် ညောင်ရွှေ မြို့သို့ သီတင်းကျွတ်လဆန်း ၇ ရက်တွင် ရောက်ရှိပြီး သုံးညအိပ်ကျိန်းကာ ၁၀ ရက်တွင် နန်းသဲကျောင်းသို့ ဆက်လက်ကြွချီတော်မူသည်။ ဖော်တော်ဦးဘုရားဒေသစာရီကြွချီလာရာ၌ ညောင်ရွှေမြို့အဝင်တွင် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ကြိုဆိုကြပြီး လှေပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကြသည်။ မြို့အားတစ်ပတ်ပတ်၍ အပူဇော်ခံပြီးမှ ဘုရားကျိန်းမည့် စံကျောင်းတော်သို့ ပင့်ဆောင်ကြွချီတော်မူသည်။

 

ထိုကျောင်းတွင် သုံးညအိပ်ကျိန်းပြီး အများ ပြည်သူဒါယကာ ဒါယိကာမများကို အဖူးမြော်အပူဇော်ခံပေသည်။ ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့သို့ ရောက်ရှိအပူဇော်ခံသည့် ရက်များအတွင်း ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

 

ဒေသစာရီကြွချီမှု ပြီးဆုံးသည့် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်တွင် နောက်ဆုံးည ကျိန်းကျောင်းဖြစ်သည့် ရေသာကျောင်းမှ နန်းဟူးရွာရှိ ဖောင်တော်ဦးဘုရား ကျောင်းတော်သို့ဝင်သည့် ကျောင်းတော်ဝင်ပွဲအား ကြီးကျယ်ခမ်းနားစွာ ကျင်းပသည်။ ထိုပွဲသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများတက်ရောက်ပြီး ရိုးရာလှေပြိုင်ပွဲများ ကျင်းပကြသည်။ ထိုနေ့ညမှစ၍ နောက်တစ်နှစ် သီတင်းကျွတ်လဆန်း ၁ ရက်အထိ တစ်နှစ်ပတ်လုံး ဤကျောင်းတော်၌ စံတော်မူပေသည်။

 

 

အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား ပွဲတော်သည် ပြည်တွင်း ဧည့်သည်များနှင့် ပြည်ပဧည့်သည်များဖြင့် စည်ကားစွာ ကျင်းပသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အပြင် အင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ကို တွေ့မြင်ရသောပွဲတော်ဖြစ်သည်ဟုဆိုလျှင်လည်း မှားနိုင်မည်မဟုတ်ပေ။ အင်းလေး ဒေသရှိ အင်းလေးကန်ရေပြင်တွင် ပွဲတော် ကာလ၌ မော်တော်(စက်လှေ) များက လူးလာ ပျံသန်းနေသော ငွေစင်ရော်ငှက်ငယ်အလား တွေးထင်မိပေသည်။ ခြေထောက်ဖြင့် လှော်ခတ်ရသော အယောက် ၁၀ဝ ဆံ့ ရိုးရာလှေများကလည်း အင်းရေပြင်တွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီရာ စံကျောင်းတော်များဆီသို့ အားအင်အပြည့်ဖြင့် ရှမ်းအိုးစည်သံများတီးခတ်၍ လှော်ခတ် ဆွဲငင်ယူနေကြသည်မှာလည်း တွေ့မြင်ရသူတို့၏စိတ်ကို ကြည်နူးဝမ်းမြောက်စွာဖြင့် သဒ္ဓါတရားကို တိုးပွားစေသော၊ မြန်မာတွင်သာမက ကမ္ဘာကပါသိရှိ ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြ လိုက်ရပါတော့သည်။ ။

 

ကိုးကား

 

ယဉ်ကျေးမှုအထူးထုတ် မဂ္ဂဇင်း၊

 

အင်တာနက် သတင်းစဉ်။