အန္တရာယ်ရေအမှတ်ထက် ကျော်လွန်နေသဖြင့် တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရ

တနင်္သာရီ ၁၁ သြဂုတ် 


တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းနေမှုကြောင့် သြဂုတ်လ ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီအချိန် တိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်(၂၄)ပေထက်ကျော်လွန်ပြီး (၂၄ ပေ ၁၁ လက်မ) အထိမြစ်ရေကြီးလျက် ရှိနေပြီဖြစ်သဖြင့် မြို့နယ်အတွင်း အနိမ့်ပိုင်းကျေးရွာများရှိ စာသင်ကျောင်းများအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်နေရာတို့တွင် မြစ်ရေများ ဝင်ရောက်လျက်ရှိနေသောကြောင့် ကျောင်းသူကျောင်းသားများ ရေဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် သြဂုတ် လ ၁၁ ရက်နေ့တွင် အခြေခံပညာကျောင်း (၁၉)ကျောင်းအား ထပ်မံပိတ်ထားရကြောင်း၊ သြဂုတ်လ ၉ ရက်မှ ယနေ့ ၁၁ ရက်နေ့အထိ ယာယီပိတ်လိုက်ရသော ကျောင်း စုစုပေါင်း(၃၆)ကျောင်းရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


တနင်္သာရီမြစ်ရေသည် မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တဖြည်းဖြည်း မြစ်ရေတိုးလာသဖြင့် သြဂုတ်လ ၉ ရက်တွင် အ.ထ.က-တနင်္သာရီကျောင်း(ပါ) (၇)ကျောင်း၊  သြဂုတ်လ(၁ဝ)ရက်တွင် အ.ထ.က- ပဝရွာ(ပါ) (၁ဝ) ကျောင်းနှင့် သြဂုတ်လ(၁၁)ရက်တွင် အ.မ.က-တကူငယ်ကျောင်းပါ (၁၉)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၃၆)ကျောင်းတို့အား ယာယီပိတ်လိုက်ရခြင်းဖြစ်ကြောင်း  သိရသည်။


အဆိုပါ ယာယီပိတ်ထားရသော ကျောင်းများ၏ ပိတ်ရက်များအား စနေ/တနင်္ဂနွေနှင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားပေးရန် စီစဉ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)