အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(သင်ကြား)  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူး မင်္ဂလာစကား

အားလုံးပဲမင်္ဂလာပါ


မြန်မာ့နှစ်သစ်ကူးကာလ....သင်္ကြန်မင်္ဂလာ ပွဲမှာ မင်္ဂလာရှိပါစေ၊ မင်္ဂလာရှိကြပါစေ။  မင်္ဂလာ ဆိုတာ ကောင်းကျိုးချမ်းသာတွေ ရရှိတာ ပြည့်စုံတာ ကို   မင်္ဂလာ၊   ဆိုးကျိုးဒုက္ခတွေ ကင်းဝေးတာကို မင်္ဂလာလို့ဆိုပါတယ်။  ကောင်းကျိုးချမ်းသာတွေ ပြည့်စုံရရှိဖို့က ကောင်းတာတွေ  လုပ်မှ၊  ပြောမှ၊ ကြံမှ၊ ရရှိပါမယ်။ ဆိုးကျိုးဒုက္ခတွေ ကင်းဝေးဖို့က လည်း မကောင်းတာတွေ မလုပ်မိ၊ မပြောမိ ၊ မကြံမိ ဖို့က အရေးကြီးပါတယ်။ နှစ်သစ်ကူးပြီဆိုတာက အချိန်ကာလတွေ ကူးပြောင်းတာ၊   အချိန်ကာလ ကူးပြောင်းတာနဲ့ပတ်သက်ပြီးတော့ အချိန်ကာလ ဆိုတာ စားချင်တဲ့စိတ်နဲ့ စားနေတဲ့အခါ စားတဲ့ အချိန်၊ သွားချင်တဲ့စိတ်နဲ့ သွားတဲ့အခါ သွားတဲ့အချိန် တို့  အချိန်ကာလဆိုတာ   ကိုယ်ပြုနေတဲ့အလုပ် အမူအရာ ကိုယ့်ရဲ့စိတ်ဓာတ်တွေ အပေါ်မှာ မူတည် တာပါ။ အချိန်တိုင်း အချိန်တိုင်း မင်္ဂလာရှိဖို့ဆိုရင် ကိုယ့်စိတ်ဓာတ်ကို   မင်္ဂလာရှိစေရမှာပါ။   ကိုယ့် စိတ်ဓာတ် မင်္ဂလာရှိဖို့ဆိုတာ အနည်းဆုံးအားဖြင့် မေတ္တာတရားရှိရပါမယ်။  အယ်.. အထွတ်အထိပ် နဲ့ပြောရင်   အသိဉာဏ်ပညာတရားရှိရပါမယ်။ သတ္တဝါအားလုံးအပေါ် မေတ္တာထားနိုင်ဖို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေပွားနိုင်ဖို့၊  ကြုံလာ သမျှတွေအပေါ်မှာ အသိဉာဏ်ပညာနဲ့ ဆုံးဖြတ်နိုင်ဖို့ ဒီမေတ္တာ၊ ပညာတွေရှိနေတဲ့စိတ်ဓာတ် မင်္ဂလာရှိပါ တယ်။ အဲဒီ...မေတ္တာ ၊ ပညာဦးဆောင်တဲ့စိတ်ဓာတ် ကောင်းတွေရှိတဲ့ပုဂ္ဂိုလ်  မင်္ဂလာရှိပါတယ်။   အဲဒီ ပုဂ္ဂိုလ်   ဆောင်ရွက်သမျှ အလုပ်တွေဟာလည်း မင်္ဂလာရှိပါတယ်။    ကောင်းကျိုးချမ်းသာတွေ ရပြီပေါ့။ ကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေရပါတယ်။ မကောင်းတာတွေ ရှောင်ရင် မကောင်းကျိုးဆင်းရဲဒုက္ခတွေက   ဝေးပါတယ်။ လူတိုင်း လူတိုင်းဟာ ကိုယ်လုပ်တာကောင်းတယ်လို့ ဒီလိုပဲ မြင်ကြပါတယ်။  ထင်ကြပါတယ်၊ အဲဒီတော့ ကိုယ်လုပ်တာကောင်းလို့ ကိုယ်လုပ်ခဲ့တယ်၊ အကျိုး ပေးကရော ကောင်းတာတွေ ရရဲ့လား။ ဆိုးကျိုးတွေ ရနေတယ်ဆိုရင်တော့ ပြန်လည်သုံးသပ် ဆန်းစစ် ဖို့လိုပါတယ်။  ပြောင်းလဲတယ်   ပြောင်းလဲတယ် ဆိုတာက အမူအရာတွေ ပြောင်းလဲတာလည်း ပြောင်းလဲတာ၊  အချိန်ကာလတွေပြောင်းလဲတာ လည်း ပြောင်းလဲတာ သင်္ကန္တပြောင်းလဲတယ်ဆိုတာ နိစ္စဓူဝ မိမိတို့ အသိဉာဏ်တရားတွေ မရှိရာကနေ ရှိဖို့၊ မေတ္တာတရားတွေ နည်းရာကနေ များလာဖို့ အဲဒီလိုပြောင်းလဲတာမျိုးလည်း သင်္ကန္တပါပဲ။ မြန်မာလို ခင်းတော့ သင်္ကြန်ပါပဲ။ ဒီလိုပြောင်းလဲမှု အကောင်း ဘက်ကို  ဦးတည်တဲ့ပြောင်းလဲမှုမျိုး   ဖြစ်စေချင် ပါတယ်။ ကိုယ်ကိုယ်တိုင် ကောင်းတယ်ထင်ပြီးလုပ်ခဲ့၊ ပြောခဲ့၊ ကြံစည်ခဲ့တာတွေ မနက်၊ နေ့၊ ည ဖြစ်နိုင်ရင် ညစဉ်ညတိုင်း ပြန်ပြီးတော့ မှားလား။ မှန်လား။ ကောင်းလား။ ဆိုးလား ဆိုတာကို   ပြန်ဆန်းစစ် စေချင်ပါတယ်။     ဒီလိုပြန်လည်သုံးသပ်ပြီးတော့ ပြန်လည်စိစစ်မှလည်းပဲ ကောင်း၏၊ ဆိုး၏ ခွဲခြား သိမှာပါ။  ကောင်း၏၊  ဆိုး၏  ခွဲခြားသိမှလည်းပဲ ဆိုးတာကိုရှောင်  ကောင်းတာကိုဆောင် ပြုလုပ်မှ ကောင်းကျိုးချမ်းသာ မင်္ဂလာဆိုတာဖြစ်တာပါ။ သုံးသပ်ဆင်ခြင်တဲ့အခါမှာ မိမိတို့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်ပြန်ကြည့်တဲ့အခါ ဘေးကနေထွက် ပြီး ကြည့်စေချင်ပါတယ်။  တခြားလူတစ်ယောက် တခြားလူဘက်က အမြင်မျိုးနဲ့ ပြန်လည်သုံးသပ် စေချင်ပါတယ်။ သူများတွေ လုပ်နေတာကို ကိုယ်က ဘေးကနေ သုံးသပ်တော့ ကိုယ်မှန်တယ်ထင်တတ် တယ်။ ကိုယ်လုပ်နေတာကျတော့ ကိုယ်ကိုယ်တိုင် ပြန်ပြီး ဘေးကမသုံးသပ်ဖြစ်ကြဘူး။  ပြန်လည် သုံးသပ်ပေးပါ။ အဲဒီကျတော့ အမြင်နှစ်မျိုး ထွက်လာ တယ်။ နောက်တစ်နေရာ တစ်ဦးနေရာက   ဝင်ပြီး တော့ ပြန်လည်သုံးသပ်ရင် အမြင်သုံးမျိုးဖြစ်လာ တယ်။ အဲဒီကျတော့မှ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ပိုပြီးတော့ ပိုင်းပိုင်းခြားခြား နားလည်လာ တယ်။ လုပ်ရတဲ့ အလုပ်ကိုလည်း နည်းသုံးမျိုးမက ပိုပြီးတော့ သိမြင်လာတယ်။  အဲဒီလိုမျိုး ပြန်လည် သုံးသပ်လို့ရှိရင် မကောင်းတာကနေ   ကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်သွားတယ်။ ကောင်းနေရာ ကနေ  ပိုကောင်းတဲ့လမ်းကြောင်းပေါ်  ပိုရောက် သွားတယ်လို့။  အဲဒီ..သင်္ကန္တအပြောင်းအလဲမျိုး ကျတော့ ပိုပြီးတော့ ကောင်းမြတ်တဲ့အပြောင်းအလဲ မျိုးပါ။ နှစ်ဟောင်းကုန်ဆုံးပြီးတော့ နှစ်သစ်ကူးပြောင်း တယ်ဆိုတဲ့    အချိန်ကာလကြီးမှာ   မင်္ဂလာရှိဖို့ရာ အတွက် ကိုယ့်အမြင်နဲ့ နောက်တစ်ဦးအမြင်၊ နောက် တစ်ဦးအမြင်ဆိုသလို အသိဉာဏ်ပညာနဲ့ ပြန်မြင် ကြစေချင်ပါတယ်။ ကိုယ်ချင်းစာတတ်တဲ့ မေတ္တာ တရားအခြေခံတဲ့ သူတော်ကောင်းစိတ်ဓာတ်တွေနဲ့မြင်ကြစေချင်ပါတယ်။ အဲဒီလိုမြင်ကြည့်မှလည်းပဲ ကိုယ်ဆက်လျှောက်ရမယ့်လမ်းကြောင်း ကိုယ်ကိုယ် တိုင်သိပါတယ်။ အဲဒီလိုသာ မိမိသူတစ်ပါးအားလုံး ပုဂ္ဂိုလ်တွေက  ကောင်း၏၊ ဆိုး၏ ခွဲခြားသိနိုင်တဲ့ ပြန်လည်သုံးသပ်တဲ့ ဆင်ခြင်တဲ့ အသိဉာဏ်တွေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ လမ်းမှား လမ်းမှန် ခွဲခြား သိပြီးတော့ လမ်းမှန်ကိုလျှောက်မယ်၊ ကောင်းတာ တွေကိုပဲ လုပ်မယ်ဆိုရင်  မင်္ဂလာပါလို့.. မင်္ဂလာ ရှိပါစေလို့  ပြောခဲ့တဲ့စကားတွေ အဓိပ္ပာယ်ရှိပြီးတော့ နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ အလွန့်အလွန် မင်္ဂလာရှိအောင်  ဆောင်ရွက်တဲ့နည်းလမ်းတွေ ရရှိပြီးတော့   တစ်နှစ်ပတ်လုံး၊   တစ်နှစ်ပတ်လုံး၊ တစ်သက်လုံး၊ တစ်သံသရာလုံးကို မင်္ဂလာရှိအောင် ကောင်းကျိုးချမ်းသာတွေ ရရှိပြီးတော့ ဆင်းရဲဒုက္ခ တွေ ကင်းဝေးအောင် နေနိုင်ကြပါစေ။   မိမိလည်း နေနိုင်၊ အများလည်း နေနိုင်အောင် ဆောင်ရွက်နိုင် ကြတဲ့  သူတော်ကောင်းတွေ    ဖြစ်ကြပါစေကုန် သတည်း....


သာဓု...သာဓု...သာဓု­­­­­­­­­­