အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

ဘေးအန္တရာယ်ဖြစ်ပွားသည့် ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်စကား ပြောကြားရာ၌ ယနေ့ အစည်းအဝေးသည် ဒုတိယသမ္မတ (၂) ဦးဆောင်သော တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်ပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားသည့် ဒေသများမှာရှိသည့် တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အချိန်တိုအတွင်း ပြည်လည်ထူထောင်နိုင်ရေး ဆောင်ရွက်နေသည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော်ရန် ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပုံမှန်ခံစားနေရပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် ပုံစံမတူသည့် ပိုမိုအားပြင်းသည့် ဘေးများကိုခံစားနေကြရကြောင်း၊ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များအပြင်၊ လူကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များလည်းရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းသည် အစိုးရအနေဖြင့် ဝန်ကြီးဌာနအသီးသီး၊ ကော်မတီအသီးသီးက အထူးအလေးထား ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု ဖြစ်လာရပါကြောင်း။

 

ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းဖြစ်ပေါ်ရေး၊ ဘေးကျရောက်ပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် စနစ်တကျကြိုတင်ပြင်ဆင်ရေးအတွက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနက Standard Operating Procedure (SOP) ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဘေးဖြစ်ပွားပြီးပါက အလျင်အမြန် ပြန်လည်ထူထောင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ အဓိကအားဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုအချိန်အခါနှင့် အချိန်မီ ဆောင်ရွက်ရပါကြောင်း၊ အလျင်အမြန် ပြန်လည်ထူထောင်ရေးသည် စနစ်တကျသော ထိရောက်သော လုပ်ငန်းများဖြစ်စေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား အနှောင့်အယှက်များကို လျော့နည်းစေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်း (Southeast Asia Disaster Risk Insurance Facility-SEADRIF)သည် ကမ္ဘာ့ဘဏ်၏ ချေးငွေအမေရိကန် ဒေါ်လာ(၁၁၆)သန်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် Southeast Asia Disaster Risk Management Project တွင် ပါဝင်သော လုပ်ငန်း (၅)ခုအနက် အပိုင်း(၁)ဖြစ်ကြောင်း။

 

ဤအရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက နားလည်မှု စာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထိုစီမံကိန်းသည် သဘာဝဘေးအန္တရာယ် ကျရောက်မှုအတွက် အာမခံပရီမီယံဝယ်ယူခြင်း၊ ဝယ်ယူသည့် အာမခံပရီမီယံမှ လျော်ကြေးများရရှိခြင်း၊ ရရှိသည့် အာမခံလျော်ကြေးများကို ရန်ပုံငွေအရေးပေါ်သုံးစွဲမှုအစီအစဉ် (Contingency Planning) အပေါ် အခြေခံပြီး ရေးဆွဲထားသည့် Disaster Risk Financing Strategy နှင့်အညီ သုံးစွဲခြင်းတို့အတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဒေသတွင်းအာမခံ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရန်စီစဉ်နေသကဲ့သို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီက ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းပြီး တောင်သူလယ်သမားများ ထိခိုက်နစ်နာမှုနှင့်ပတ်သက်၍ အချိန်မီအမြန်ဆုံး စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့်အခြားသီးနှံများကို ချက်ချင်းထောက်ပံ့ပေးနိုင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အာမခံလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ရေး၊ စနစ်ကျရေးတို့အတွက် မူဝါဒ၊ လုပ်ငန်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လက်တွေ့ကျသော အကြံပြုချက်များကို အားလုံးက ညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာနိုင်ငံစပါးအသင်းချုပ်၊ Global World Insurance Company၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်၍ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်