အရှုံးခန့်မှန်းထားသည့်အခြေအနေမှ လွတ်မြောက်၍ အလားအလာကောင်းများ ထွက်ပေါ်လာသော သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ခင်ရတနာ
 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များအား ပွင့်လင်းပြီး တာဝန်ခံမှုရှိစွာစီမံခန့်ခွဲနိုင်ရေး EITI အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ ယင်းလုပ်ငန်းစဉ်များကိုလည်း အစိုးရ၊ အရပ်ဘက်နှင့် ပုဂ္ဂလိကတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) က အစီရင် ခံစာတစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နိုင်ငံတော်အရအသုံးမှန်း ခြေငွေစာရင်း၏ အချက်အလက်များအရ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်း ၁ဝ ခု အရှုံးပေါ်သည့် အကြောင်းနှင့်စုစုပေါင်း ငွေကျပ် ၈၃၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်) အရှုံးပေါ်ခဲ့သည်ဟု ဖော်ပြထားကြောင်း သတင်းများအရ သိရှိရသည်။

 

ရှင်းလင်းဖြေကြားမှုပြုလုပ်

 

ထိုအထဲတွင်သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၁၅၇သန်း အရှုံးပေါ်နိုင်ကြောင်း နိုင်ငံတော် အရအသုံးမှန်းခြေ ငွေစာရင်းကို အခြေခံကာ ဖော်ပြပါရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် ဘတ်ဂျက်လျာထားစဉ် အချိန်ကလည်း လွှတ်တော်တွင် နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်၏ အရင်းအမြစ်များကိုသုံးကာ ဈေးကွက်ဝေစု အများဆုံးရရှိထားသော်လည်း အရှုံးပေါ်သည့်အခြေအနေ ဖြစ်ပေါ်နိုင်ခြင်းအပေါ် မေးမြန်းမှုများ ရှိခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးကပြန်လည်ရှင်းလင်းဖြေကြားမှု ပြုလုပ်ခဲ့ရသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့ အစည်းတစ်ခုဖြစ်သည့် သတင်းနှင့်စ ာနယ်ဇင်းလုပ်ငန်းသည် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar အပြင် ဒစ်ဂျစ်တယ်သတင်းစာ Myanmar Digital News ကို ထုတ်ဝေလျက်ရှိသည့် နိုင်ငံ ပိုင်စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ အမြတ်အစွန်း ကိုအဓိကထား ဆောင်ရွက်ရခြင်းမဟုတ်ဘဲ ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အတွက် ဆောင်ရွက်ရခြင်းတွင် သင့်တင့်သောဝင်ငွေဖြင့် နှစ်စဉ်နှစ်တိုင်း အရှုံးမရှိခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ လုပ်ငန်းသုံး ရင်းနှီးငွေများမှတစ်ဆင့် ဝန်ထမ်းများ၏ လစာငွေ၊ အငြိမ်းစားဝန်ထမ်း ၈၅၀ ကျော်အတွက် ပင်စင်လစာငွေ၊ သတင်းစာထုတ်လုပ်မှု စရိတ်များနှင့် သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်းအသုံး စရိတ်များကို သုံးစွဲခဲ့သည့်အပြင် နိုင်ငံတော်၏ အခွန်အခများကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုပ်ငန်းကြီး တစ်ခုလည်းဖြစ်ပါသည်။

 

အရှုံးဖြစ်လာနိုင်ကြောင်း ခန့်မှန်းလျာထားခဲ့ရ

 

နှစ်စဉ်နှစ်တိုင်း အရှုံးမရှိသည့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိဖြစ်သော၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများတွင် အသုံးစရိတ်သည် ဝင်ငွေထက်ပိုနေခဲ့ပြီး အရှုံးပေါ်နိုင်သည့် အခြေအနေကို ကြုံတွေ့ရနိုင်သည့် အခြေအနေ ဖြစ်ခဲ့သည်။ ထိုသို့ခန့်မှန်းခြင်းသည် သတင်းစာ ပုံနှိပ်လုပ်ငန်းသုံး အဓိကကုန်ကြမ်းဖြစ်သည့် စက္ကူ၊ မင်ဈေးနှုန်းများနှင့် အခြားသော အထွေထွေကုန်ပစ္စည်းဈေးနှုန်းများ၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ ဖြန့်ချိစရိတ်များမြင့်မား လာခြင်းကြောင့် ခန့်မှန်းတွက်ချက်မှုလည်း မြင့်မားခဲ့ပြီး အရှုံးဖြစ်လာနိုင်ကြောင်း ခန့်မှန်းလျာထားခဲ့ရခြင်းဖြစ် သည်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် လုပ်ငန်းလည်ပတ်ရာတွင် အဓိကဝင်ငွေဖြစ်သော ကြော်ငြာဝင်ငွေနှင့် သတင်းစာရောင်းချရရှိသည့် ဝင်ငွေတို့အပြင် စက္ကူလုံးကျန်များ၊ လိပ်ခွာများ ရောင်းချရရှိငွေ၊ စွန့်ပစ်ပစ္စည်းများရောင်းချရရှိသည့်ဝင်ငွေ စသည့်အထွေထွေအရပ်ရပ် ဝင်ငွေများဖြင့် နိုင်ငံတော်ဘဏ္ဍာ အရှုံးမဖြစ်ပေါ်စေရေးအတွက် ချင့်ချိန်ဂရုပြုဆောင်ရွက်ခဲ့ပြီး သတင်းစာထုတ်လုပ်မှုစရိတ် အရှုံးကို ကာမိစေရန် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ သတင်းစာတစ်စောင်၏ ဈေးနှုန်းကို ငွေကျပ် ၅၀ မှ ၁၀၀ကျပ် သို့ တိုးမြှင့်ရောင်းချခြင်းကို မလွှဲမရှောင်သာပြုလုပ်ခဲ့ပါသည်။

 

ထို့ပြင် ထုတ်လုပ်ရေးအဆင့်ဆင့်မှသည် ဖြန့်ချိရေးလုပ်ငန်းများအထိ အဆင့်တိုင်းတွင် စရိတ်စက လျော့နည်းသက်သာမှုရှိစေရန်နှင့် ကုန်ကျစရိတ် လျော့နည်းစေရန်အတွက်လည်း စနစ်တကျထိန်းသိမ်းကာ ယိုပေါက်များမရှိစေရေးကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ အရာထမ်း၊ အမှုထမ်းတိုင်းက ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့အခြေအနေကောင်းများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေလျက်ရှိသည့် သတင်းစာများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်သုံးရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ဆောင်ပုဒ်အတိုင်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရ၏ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ချက်များကို ဖော်ပြပေးခြင်း၊ ပြည်သူလူထုက အစိုးရထံတင်ပြလိုသည့် သတင်းအချက်အလက်များကို တင်ပြပေးခြင်း၊ အများပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးနှင့် စာပေမှတစ်ဆင့်သုတ၊ ရသအဖြာဖြာကိုရရှိစေရန် ကဏ္ဍအသီးသီး တိုးချဲ့ထည့်သွင်းကာ တင်ဆက်ပေးနိုင်ခဲ့သည်။

 

ယနေ့တိုင် ဆက်လက်ရှင်သန်

 

နိုင်ငံပိုင်သတင်းစာများသည် အရှုံးကိုကာမိစေရန် ရည်ရွယ်ကာ သတင်းစာဈေးနှုန်းများကို တိုးမြှင့်ပြောင်းလဲခဲ့သော်လည်း ပြည်သူ့အတွက်ဝန်ဆောင်မှုတစ်ခုဖြစ်သည့် ကြော်ငြာဈေးနှုန်းများကိုမူ ဈေးနှုန်းတိုးမြှင့်ခြင်းမရှိဘဲ မူလအတိုင်းထားရှိကာ လက်ခံထည့်သွင်းပေးလျက်ရှိပါသည်။ အစိုးရ၏ သတင်းထုတ်ပြန်ချက်များ၊ ဥပဒေပြုမဏ္ဍိုင်မှ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဥပဒေကြမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပြည်သူ့အကျိုးဆောင်ရွက်ချက်များနှင့် ပြည်သူတို့၏ အမြင်များကို ထင်ဟပ်တင်ပြသည့်ပြည်သူ့ သဘောထားစင်မြင့်စသော သတင်းအချက်အလက်များစွာ တို့ကိုလည်း ဖော်ပြပေးလျက်ရှိရာ ယုံကြည်စွာလက်ခံအားပေးသည့် စာဖတ်ပရိသတ်များကြောင့်ပင် ယနေ့တိုင် ဆက်လက်ရှင်သန်နေခြင်း ဖြစ်ပါသည်။

 

နိုင်ငံပိုင်သတင်းစာများသည် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်၊ စာစောင်လုပ်ငန်းများနည်းတူ နိုင်ငံတော်အတွက် အခွန်အခများကိုလည်း ထမ်းဆောင်ရပြီး သတင်းစာရောင်း ချရမှုအပေါ် အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် လည်းကောင်း၊၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်ထည့်ဝင်ငွေ အဖြစ်လည်းကောင်း နိုင်ငံတော်ဘဏ္ဍာငွေသို့ ထည့်သွင်းပေးရသည်။ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို လေလွင့်မှုမရှိစေရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ရှိသူအဆင့်ဆင့်ကလည်း စစ်ဆေး ကြပ်မတ်ပေးနေသည့်အပြင် ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လချုပ်များ၊ နှစ်ချုပ်များ စနစ်တကျရေးဆွဲကာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုစံနှုန်းများနှင့်အညီ စစ်ဆေးခြင်းကိုလည်း စနစ်တကျ ခံယူဆောင်ရွက်လျက်ရှိပါသည်။
အသစ်ပြဋ္ဌာန်းထားခဲ့သည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေအရ လျှော့ပေါ့သက်သာ ခွင့်ရရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ပုဂ္ဂလိက လုပ်ငန်းများနည်းတူ တွက်ချက်ဆောင်ရွက်ခွင့်ရရှိခြင်းသည်လည်း သတင်းစာများ ဆက်လက်ရှင်သန်ရန် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး အရှုံးကိုကာမိ၍ အမြတ်ငွေများပင်ကျန်ရှိလာနိုင်သည့် အနေအထားကို မြင်တွေ့ရ သည်။

 

ကျပ်သန်း ၁၂၀၀ ခန့်အမြတ် ဖြစ်ပေါ်နေကြောင်း သိရှိရ


သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းစဉ်များကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်လျက်ရှိပြီး ငွေကြေးသုံးစွဲမှုများတွင်လည်း စနစ်တကျလုပ်ဆောင် လျက်ရှိရာ နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်တစ်ခါမျှ အရှုံးမရှိခဲ့ကြောင်း မှတ်တမ်းများအရသိရှိနိုင်သကဲ့သို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၁၅၇ ဒသမ ၅၇၇ သန်း အရှုံးပေါ်နိုင်ကြောင်း ခန့်မှန်းလျာထားတွက်ချက်မှုအပေါ် ပြုပြင်ပြောင်းလဲဆောင်ရွက်စေမှုများကြောင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်စာရင်းချုပ်အရ ကျပ်သန်း ၁၂၀၀ ခန့်အမြတ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

သတင်းစာ၏ အသက်တစ်မနက်ဟူ၍ ပြောဆိုကြပါသည်။ သတင်းထူး၊ သတင်းဦးများကို နံနက်ခင်းတွင်တစ် နိုင်ငံလုံးမှ ပြည်သူများ ဖတ်ရှုနိုင်ကြစေရေးအတွက် သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းမှ ဝန်ထမ်းများက နေ့မအား၊ ည မနား တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြပါသည်။

ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေးနှင့် တိုးတက်ရရှိစေရေးအတွက်လည်း ကြိုးပမ်းလုပ် ဆောင်လျက်ရှိပါသည်။ သတင်းစာများ၏ အသက်သည် တစ်မနက်သာ ဖြစ်သော်လည်း နိုင်ငံပိုင်သတင်းစာလုပ်ငန်းဖြစ်သည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အသက်သည် မိဘပြည်သူများ၏ အားပေးမှုသာ ဖြစ်ပါသည်။ ပြည်သူများ ဆက်လက်အားပေးမှု၊ ယုံကြည်မှုဖြင့် နိုင်ငံပိုင်သတင်းစာများ အရှုံးမရှိစေဘဲ အမြတ်အစွန်းများရရှိကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် လျှောက်လှမ်းရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ကျရာကဏ္ဍမှ ပါဝင်ကာ ဆက်လက်ကြိုးပမ်းထမ်းရွက် သွားမည်ဖြစ်ပါကြောင်း။