ASEAN-BAC Chairman Mr. Arsjad Rasjid P.M. ဦးဆောင်သောအဖွဲ့နှင့်  ASEAN-BAC အဖွဲ့ဝင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ပူးပေါင်း၍ စီးပွားရေးဖိုရမ်ကျင်းပ

ရန်ကုန် မေ ၂

 ASEAN-BAC Chairman Mr. Arsjad Rasjid P.M. ဦးဆောင်သောအဖွဲ့နှင့်  ASEAN-BAC အဖွဲ့ဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် “The Role of ASEAN-BAC in Developing ASEAN Private Sector: Myanmar, A Potential Key Player” ခေါင်းစဉ်ဖြင့် စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ASEAN-BAC ၏ ပံ့ပိုးပူးပေါင်းပါဝင်မှုသည် မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးအတွက် အကျိုးဖြစ်စေမည့် အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။ ထို့အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုးစီးပွားနှင့် အာဆီယံနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေနိုင်မည်ဟုယုံကြည်ပါကြောင်း။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံဒေသ တစ်ခုလုံးအပေါ်တွင် အပြုသဘော ဆောင်သည့် အကျိုးသက်ရောက်မှုများရရှိလာနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံအဝန်းအဝိုင်းကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

Mr. Arsjad Rasjid P.M  က မိမိတို့ ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး အာဆီယံဗဟိုပြုမှုကို တိုးတက်စေရန်နှင့် အရှေ့တောင် အာရှဒေသက တိုးတက်ကြီးပွား ခြင်း၏ အချက်အချာကျသည့် ဗဟိုဆုံချက်တစ်ခုဖြစ် ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအတွက် အရေးပါသည့် အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုများကို လုပ်ဆောင်လိုကြောင်းကိုလည်း မိမိတို့ ခရီးစဉ်မှတစ်ဆင့်ပြသလိုကြောင်း၊ မြန်မာနှင့်အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းသည့် ဒေသ တွင်းပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ယင်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဖိုရမ်၏စကားဝိုင်းဆွေးနွေးပွဲတွင် ဒေါ်ခိုင်ခိုင်နွယ် (အထွေထွေအတွင်းရေးမှူးချုပ်၊ UMFCCI) က Moderator အဖြစ်ဆောင်ရွက်ပြီး ထင်ရှားသည့် Panelist များဖြစ်သော Mr. Arsjad Rasjid P.M. (Chair, ASEAN-BAC)၊ Mr. Gil L. Gonzales (Executive Director, ASEAN-BAC)၊ ဦးမိုးကျော်(Council Member, ASEAN-BAC Myanmar) နှင့် ဒေါက်တာထွန်းသူရသက်(ဗဟိုအလုပ်အမှုဆောင်၊ UMFCCI)တို့က အဓိကအကြောင်း အရာများဖြစ်သည့် အာဆီယံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် ASEAN-BAC ၏ အခန်းကဏ္ဍ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အကောင်အထည်ဖော်ရန်ရှိသည့် စီမံကိန်းများနှင့် လက်တွေ့အခြေအနေများ၊ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အဓိကပါဝင်နိုင်မှု၊ ဒီဂျစ်တယ်အသွင်ကူး ပြောင်းရေးတွင် လိုအပ်ချက်နှင့် မြန်မာနိုင်ငံအတွက် ရရှိနိုင်မည့်အခွင့်အလမ်းများ၊ အာဆီယံနှင့်ပေါင်းစည်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အလားအလာများကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် မြန်မာ့စီးပွားရေး တိုးတက်လာစေရန်အတွက် ASEAN Business Advisory Council (ASEAN-BAC) နှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံအပါ အဝင် နိုင်ငံတကာစီးပွားရေးအခင်း အကျင်းတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ကျင်းပခဲ့သည့် (၉၅)ကြိမ်မြောက် ASEAN Business Advisory Council (ASEAN-BAC) အစည်းအဝေးတွင် Chairman အဖြစ် တာဝန်လွှဲပြောင်းယူခဲ့သည့် Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia)သည် ၂၀၂၃ ခုနှစ်၊ မေ ၁ ရက်မှ ၃ ရက် အတွင်း မြန်မာနိုင်ငံသို့  ASEAN-BAC Roadshow ၏ အစီအစဉ်တစ်ရပ်အဖြစ်ရောက်ရှိခဲ့ပြီး ASEAN-BAC Roadshow ခရီးစဉ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အစရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၆)နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရီးစဉ်၏အဓိကရည်ရွယ်ချက်မှာ ယခုနှစ်အတွက် အဓိကဦးစားပေးကဏ္ဍ (၅)ခု ဖြစ်သည့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းကို မြှင့်တင်မှု၊ စားနပ်ရိက္ခာဖူလုံရေးတို့ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိရန်နှင့် အထောက်အပံ့ပြုနိုင်မည့်ကဏ္ဍများတွင် ပံ့ပိုးကူညီရန်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ASEAN-BAC Indonesia Chairman က အာဆီယံ နိုင်ငံများနှင့် ဦးစားပေးဆောင်ရွက်သွားမည့် စီးပွားရေးကဏ္ဍများ၊ အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အာဆီယံ-မြန်မာအကြား စီးပွားရေးပေါင်းစည်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များကို Panel Discussion တွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့ကြသည်။

Business Forum အပြီးတွင် သတင်းစာရှင်းလင်းပွဲကိုကျင်းပရာ သတင်းမီဒီယာများက  သိရှိလိုသည်များကိုမေးမြန်းကြပြီး ASEAN-BAC Chairman နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

သတင်းစဉ်