အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်း ဝန်ထမ်းများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်က အားကိုးရသော ပြည်သူများက အားထားရသော တိုးတက်အောင်မြင်သည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာယနေ့တွင်  (၄၈) နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ၁၉၇၆ ခုနှစ် မတ် ၃၀ ရကတွင် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီ (၁) ရက်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များ အနေဖြင့် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်များကို ဘေးဥပဒ်ကင်းရှင်းစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း  လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ နည်းပညာပေးသင်တန်း (၆၁၉) ကြိမ်၊ မှတ်ပုံတင်လုပ်ငန်း (၃၄၁၈) ခု၊ ဓာတ်ခွဲစမ်းသပ်ပေးနိုင်မှု (၆၄၆၃) ကြိမ် တို့ကို ဌာန၏လျာထားချက် ပြည့်မီကျော်လွန် အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်ရန်ပုံငွေများ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ အသေးစားထုတ်ကုန် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ကျေးရွာ (၁၅၁) ရွာ ရွေးချယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သည့် လူငယ်၊ လူရွယ်များနင့် အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေတိုးဆောင်ရွက်လိုသည့်အမျိုးသမီးများကို အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာမှာ လူ(၅)ဦး ရွေးချယ်ပြီး  လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးကာ စုစုပေါင်း လူ(၇၅၅)ဦးကို လုပ်ငန်းများ ထူထောင် ပေးနိုင်ခဲ့သဖြင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊

နိုင်ငံတော်စီမံကိန်းများဖြစ်သည့် ကော်ဖီစီမံကိန်းတွင် ကော်ဖီစက်များ၊ ကော်ဖီထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စပါးသီးနှံ၊ ပဲသီးနှံ၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေး စီမံကိန်းများ၌လည်း ပဲရိတ်စက်အပါအဝင် စက်ပစ္စည်းများ ထောက်ပံ့ ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ဝါမှ ချည်ဖြစ်သည်အထိ လုပ်ငန်းစဉ်တွေကို ကူညီပံ့ပိုးပေးသည့်နေရာ၌လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် နိုင်ငံတော်၏ MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ခဲ့ပါ ကြောင်း၊ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နောင်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာ ကြားသည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်လင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး နှင့် အမြဲတမ်း အတွင်းဝန်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားထူးချွန် ဆုများ၊ ဝန်ထမ်းထူးချွန်ဆုများနှင့် ပြည်နယ်တိုင်းဒေသကြီးအလိုက် စွမ်းဆောင်ရည်အကောင်းဆုံး ဆုများရရှိသည့် ဝန်ထမ်းများနှင့် တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်