အသေးစားကုန်စည်ဈေးကွက်များ ဖော်ဆောင်ရေးကြိုးပမ်းမှုခြေလှမ်း

 

သီတာထွန်း(SSID)

 

Zhejiang ပြည်နယ် လွတ်လပ်စွာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Free Trade Development Board of Zhejiang Province) က လက်ခံကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသေးစားကုန်စည်ဈေးကွက် တည်ဆောက်ခြင်းဆိုင်ရာဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (MOFCOM)၏ အထောက်အပံ့ ဖြင့် ၂၀၂၄ ခုနှစ် မေလ ၈ ရက် နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံ ဟန်ကျိုး (Hangzhou) မြို့၌ ကျင်းပခဲ့ပါသည်။

 

ဆွေးနွေးပွဲတက်ရောက်ရန် တရုတ်သံရုံးမှ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အကြောင်းကြားလာမှုအပေါ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် နှစ်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် နှစ်ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ငါးဦး တက်ရောက်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲမှာ အသေးစားကုန်စည်စျေးကွက်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ Zhejiang ပြည်နယ်က လက်တွေ့ကျင့်သုံးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နည်းစနစ်နှင့် အလေ့အထများ၊ အသေးစားကုန်စည်စျေးကွက်မြှင့်တင်မှုနည်းလမ်းနှင့် e-commerce ဆောင်ရွက်မှုပုံစံအတွေ့အကြုံများကို သိရှိရပါသည်။

 

ကိုယ်စားလှယ် ၂၇ ဦး တက်ရောက်

 

ဆွေးနွေးပွဲသို့ Antigua and Barbuda, Kiribati, Mauritius, Myanmar, Nigeria, Pana-ma, Sierra Leone and Uzbekistan နိုင်ငံများမှ ကိုယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့ပါသည်။ ထို့အနက် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ငါးဦးဖြစ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်းအောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ဆုဝေ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်လဲ့လဲ့မွန်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အမှုဆောင်အရာရှိ ဒေါ်ဖြူသဲထွေးဟန်တို့ တက်ရောက်ခဲ့ပါသည်။

 

တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သိကောင်းစရာများအား Zheijang International Studies University မှ Associate Professor ဖြစ်သူ Huang Yanchun က ဆွေးနွေးခဲ့ပါသည်။ တရုတ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်လာပုံ၊ စျေးတစ်ခုတွင်ရှိသင့်သည့် အခြေခံအချက်များ၊ တရုတ်နိုင်ငံ၏ အွန်လိုင်းစျေးကွက်နှင့် အသုံးများသည့် Platformများ၊ virtual market ၏ အကျိုးကျေးဇူးများ၊ တရုတ်နိုင်ငံစျေးများ၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်၊ စွန့်ဦးတီထွင်သူများ၊ လုပ်ငန်း ရှင်များ၊ ကုန်သည်များ၊ လူမှုအသိုင်းအဝိုင်းတွင် လေးစားထိုက်သည့် ယဉ်ကျေးမှုဓလေ့များ၊ e-commerce ဆောင်ရွက်နိုင်သော Wechat ကို တရုတ်နိုင်ငံမှာ လူကြိုက်များရသည့်အကြောင်းရင်း များ၊ customer ဆွဲဆောင်မှုနည်းလမ်းများ၊ ဖောက်သည်တည်ဆောက်ထိန်းသိမ်းနည်း၊ ကုန် ပစ္စည်းတစ်ခုကို ရောင်းချနည်း၊ စျေးကွက်တည်ဆောက်ရာတွင် အစိုးရ၏အခန်းကဏ္ဍ၊ Yiwu စျေးကို နိုင်ငံတော်အဆင့်ကုန်စည်ပို့ဆောင်ရေးစင်တာအဖြစ် အဆင့်မြှင့်တင်မည့်အစီအစဉ်၊ ကုန်စည်ပို့ဆောင်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကွန်ရက်အရေးပါပုံ၊ Digital Marketingအကြောင်း၊ Digital Marketing တွင် ဆောင်ရွက်နိုင်သည့်ဆန်းစစ် လေ့လာမှုပုံစံများ၊ ali group နှင့် online payment၊ AI in ecommerceနှင့် ပတ်သက်သည့် အကြောင်း အရာများ၊ Global payment ဆောင်ရွက်နိုင်မည့် Yi Wu Pay၊ logistic service company များ၊ e-commerce ဖွံ့ဖြိုးရေးအတွက် အစိုးရ၏ အခန်းကဏ္ဍ၊ Yi Wu စျေးနှင့် Yi Wu Trade city ဈေးကွက် စီးပွားရေးအကြောင်းအရာများကို စုံစုံလင်လင် ဆွေးနွေးပါသည်။

 

Digital marketing အသွင်ကူးပြောင်းလာ

 

တရုတ်နိုင်ငံ၏ Physical marketing မှ Digital marketing အသွင်ကူးပြောင်းလာပုံနှင့်စပ်လျဉ်း၍ A survey on the development of small commodities market in China (Yiwu) အား ဆွေးနွေးရာတွင် တရုတ်နိုင်ငံသည် နှစ်ပေါင်း ၄၀ အတွင်း ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အရေးအကြီးဆုံးနေရာ၌ ရပ်တည်လျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ဈေးကွက်စနစ်တွင် ကျင့်သုံးသော အဓိကသော့ချက်မှာ ရုပ်ပိုင်းဆိုင်ရာဈေးကွက်(physical market) နှင့် အွန်လိုင်းဈေးကွက် (virtual market) ဖြစ်ကြောင်း လေ့လာခဲ့ရသည်။

 

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရုပ်ပိုင်းဆိုင်ရာဈေးကွက် တည်ရှိသောနိုင်ငံ ဖြစ်ကြောင်း၊ Yiwu market သည် ကမ္ဘာ့အကြီးဆုံးဈေးဖြစ်သည့်အပြင် ပြီးပြည့်စုံမှုအရှိဆုံးဈေးတစ်ခုလည်းဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ကြီးမားသော လက်ကားဈေးများမှာ Yiwu နိုင်ငံတကာကုန်သွယ်ရေးဈေး (Yiwu International Trade Mart)၊ Huangyan Market ၊ Capital goods market နှင့် လယ်ယာထွက်ကုန်လက်ကားဈေး (Agricultural product wholesale market) တို့ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ Virtual Market တည်ထောင်မှု အနေဖြင့် ကုန်ပစ္စည်းဓာတ်ပုံများဖြင့် Website နှင့် Platform အမျိုးမျိုးတွင် ရောင်းဝယ်ခြင်း၊ တိုးတက် မှုအခြေအနေကို မျှဝေခြင်းစသည့်အဆင့်တို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ Virtual Market ဈေးကွက်ပုံစံ၏ အမြင့်ဆုံးအနေအထားတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် Wechat ကို main tool အနေ ဖြင့် အသုံးပြုကြောင်း တွေ့ရှိရပါသည်။

 

Development of China’s CommodityMarket နှင့်ပတ်သက်၍ ဈေးကွက်ဖွံ့ဖြိုးမှုစနစ်နှစ်ခုမှာ Planned Economy နှင့် Market Economy တို့ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Planned Economy မှ Market Economy ကူးပြောင်းသော စံပြနိုင်ငံတစ်ခုဖြစ်ကြောင်း၊ တရုတ်ဈေးကွက်၏ ဖွံ့ဖြိုးမှု လက္ခဏာအနေဖြင့် “မရှိခြင်းမှ ဖွံ့ဖြိုးမှုဆီသို့၊ အခြေခံအဆင့်မှ အဆင့်မြင့်ဆီသို့၊ ရုပ်ပိုင်းဆိုင်ရာဈေးကွက်မှ အွန်လိုင်းဈေးကွက်သို့” ဟူ၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

Digital Marketing (e-commerce) ဈေးကွက်လေ့လာရေးခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ZheJiang ပြည်နယ်ရှိ Yiwu International Trade City သို့ ဈေးကွက်လေ့လာရာတွင် အဆိုပါဈေးကွက်သည် ကမ္ဘာ့အကြီးဆုံးအသေးစားကုန်စည် လက်ကားဈေးကွက်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၇၀ ဘီလီယံကျော်အထိ ရောင်းချနိုင်ခဲ့ပါသည်။Yiwu International Trade City တွင် ကုန်ပစ္စည်းများ လွယ်ကူစွာဝယ်ယူနိုင်စေရန်အတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် District များခွဲ၍ ခင်းကျင်းရောင်းချလျက်ရှိပြီး District 1 မှ 5 အထိ စုစုပေါင်းအဆောက်အဦ ငါးခုဖြင့် ချိတ်ဆက်ဖွဲ့စည်းထားကာ လုပ်ငန်းပေါင်း ၁၀၀၀၀၀ မှ ပြခန်းပေါင်း ၇၅၀၀၀ ခင်းကျင်းပြသထားပါသည်။ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ တစ်ရက်လျှင် (၈)နာရီ ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

District 1 တွင် 1st မှ 4rd floor ထိ လေးလွှာ ပါရှိပြီး ပြခန်းပေါင်း ၉၀၀၀ ကျော် ဖွဲ့စည်းထားကာ ပထမထပ်တွင် ကလေးကစားစရာအရုပ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဒုတိယထပ်တွင် လက်ဝတ်ရတနာများ၊ တတိယထပ်တွင် လက်မှုပစ္စည်းများ၊ စတုတ္ထထပ်တွင် ကလေးကစားစရာဖန်စီပစ္စည်းများ ခင်းကျင်းရောင်းချလျက်ရှိပါသည်။ District 2 တွင် 1st မှ 4rd floor ထိ လေးလွှာပါရှိပြီး ပြခန်းပေါင်း ၁၀၀၀ ကျော် ဖွဲ့စည်းထားပါသည်။ ပထမထပ်တွင် အိတ်၊ ထီးနှင့် မိုးကာပစ္စည်းအမျိုးမျိုး၊ ဒုတိယထပ်တွင် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ တတိယထပ်တွင် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စတုတ္ထထပ်တွင် ဟောင်ကောင်၊ တောင်ကိုရီးယား စသည့်စက်ရုံခွဲ များမှ တိုက်ရိုက်တင်သွင်းသောပစ္စည်းများ ရောင်းချလျက်ရှိပါသည်။

 

District 3 တွင် 1st မှ 5rd floor ထိ ငါးလွှာပါရှိပြီး ပြခန်းပေါင်း ၇၀၀၀ ကျော် ဖွဲ့စည်းထားသည်။ ပထမထပ်နှင့် ဒုတိယထပ်တွင် စာရေးကိရိယာနှင့် ရုံးသုံးပစ္စည်းအမျိုးမျိုး၊ တတိယထပ်နှင့် စတုတ္ထထပ်တွင် လူသုံးကုန်နှင့်အလှကုန်၊ နာရီနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ပဉ္စမထပ်တွင် အိမ်သုံးအလှဆင်ပစ္စည်းအမျိုးမျိုး ခင်းကျင်းရောင်းချလျက်ရှိပါသည်။ District 4 တွင် 1st မှ 4rd floor ထိ လေးလွှာ ပါရှိပြီး ပြခန်းပေါင်း ၁၉၀၀၀ ကျော် ဖွဲ့စည်းထားသည်။ ပထမထပ်တွင် အိတ်၊ ဦးထုပ်နှင့်ထီးအမျိုးမျိုး၊ ဒုတိယထပ်တွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ တတိယထပ်တွင် အထည်အလိပ်အမျိုးမျိုး၊ စတုတ္ထထပ်တွင် ဖိနပ်နှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး ခင်းကျင်း ရောင်းချလျက်ရှိပါသည်။ District 5 တွင် 1st မှ 4rd floor ထိ လေးလွှာပါရှိပြီး ပြခန်းပေါင်း ၇၀၀၀ ကျော် ဖွဲ့စည်းထားသည်။ ပထမထပ်တွင် ပြည်ပမှ သွင်းကုန်ပစ္စည်းများ၊ ဒုတိယထပ်တွင် အိပ်ရာပစ္စည်းအမျိုးမျိုး၊ တတိယထပ်တွင် အထည်အလိပ်အမျိုးမျိုး၊ စတုတ္ထထပ်တွင် automobile၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချပါသည်။

 

နိုင်ငံပေါင်း ၂၃၃ နိုင်ငံဖြင့် ဈေးကွက်ချိတ်ဆက်

 

Yiwu International Trade City သည် အမေရိကန်၊ ဂျပန်၊ ဥရောပ၊ အရှေ့တောင်အာရှ၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားစသည့်နိုင်ငံပေါင်း ၂၃၃ နိုင်ငံဖြင့် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတကာနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို စာတိုက်၊ မီးရထား၊ ကား၊ လေကြောင်း၊ ကုန်တင်သင်္ဘောဆိပ်ကမ်းများမှတစ်ဆင့် သုံးရက်အတွင်း ထောက်ပံ့ပို့ဆောင်ပေးလျက်ရှိပါသည်။ နိုင်ငံပေါင်း ၅၀ ကျော်နှင့် ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ ကျော်တွင် ကုန်စည်သိုလှောင်ရုံပေါင်း ၂၁၀ ထားရှိပြီး နိုင်ငံတကာကုန်သွယ်မှုကို ပိုမိုပွင့်လင်းလာစေခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ ပို့ကုန်၊သွင်းကုန်တန်ဖိုးမှာ ယွမ် ၅၆၀ ဘီလီယမ် (ဒေါ်လာ ၇၈ ဒသမ ၈၇ ဘီလီယမ်) ကျော်ရှိခဲ့ပြီး ယခင်နှစ်များထက် ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်လာစေခဲ့ပါသည်။ တရုတ်နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၂၁ သန်းကျော်သည် နိုင်ငံတကာဈေးကွက်သို့ Digital Market (e-commerce) မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အဆိုပါဈေးကွက် ကို Apple Pay၊ AliPay၊ Union Pay၊ Wechat Pay၊ Yiwu Pay စသည့် Application များဖြင့် digital platform မှတစ်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။

 

Yiwu Pay နှင့် Wechat Pay တို့ကို အသုံးပြု၍ နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာတစ်ဝန်းရှိ ဘဏ်ပေါင်း ၄၀၀ ကျော်တွင် ငွေကြေးအမျိုးအစား ၁၆ မျိုးဖြင့် ချိတ်ဆက် ဆောင်ရွက်ထားပါသည်။ ထူးခြားချက်မှာ Digital Market (e-commerce) ဆောင်ရွက်ခြင်းဖြင့် ဝယ်ယူသူများအတွက် လွယ်ကူစေသော ငွေပေးငွေယူစနစ်ကြောင့် အချိန်နှင့် ငွေကြေးကုန်ကျစရိတ် ကို လျှော့ချပေးနိုင်သကဲ့သို့ ကုန်ထုတ်လုပ်ငန်းရှင်များအတွက်လည်း အရင်းအနှီးလည်ပတ်နိုင်မှုကို ပိုမိုတိုးမြှင့်လာနိုင်ပါသည်။

 

ကဏ္ဍ(sector) အလိုက် ခွဲခြားပြသ

 

ထိုမျှမက ကုန်စည်များကို ကဏ္ဍ(sector) အလိုက် ခွဲခြား၍ ခင်းကျင်းပြသထားပြီး ယင်းကဲ့သို့ ခင်းကျင်းပြသထားရခြင်းမှာလည်း ဝယ်ယူသူများအနေဖြင့် ကုန်ပစ္စည်းများကို အဆင်ပြေလွယ်ကူစွာ ရှာဖွေနိုင်ရန်နှင့် အငြင်းပွားမှုများကို ရှောင်ရှားနိုင်ရန်အတွက်ဖြစ်သည်။ ပြည့်စုံကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာဈေးကွက်ကို တည်ဆောက်ရန် လိုအပ်ချက်များမှာ ယာဉ်အသွားအလာလမ်းကြောင်းများကို ကောင်းစွာစီမံထားရှိမှု၊ District တိုင်းတွင်း ဝယ်ယူသူများအတွက် လွယ်ကူစွာ စားသုံးနိုင်ရေးစီမံထားရှိမှု၊ ဘဏ်စနစ်စီမံထားရှိမှု၊ ဆိုင်ခန်းများ စီမံထားရှိမှုတို့ကို စနစ်တကျချိန်ဆတွက်ချက်၍ တည်ဆောက်ထားကြောင်း တွေ့ရှိရသည်။

 

Hangzhou Xuhang Network Technology Co.ltd ၏ လုပ်ငန်းခွဲလုပ်ငန်းတစ်ခုဖြစ်ပြီးပြည်တွင်း၊ ပြည်ပလုပ်ငန်းများအတွက် ဈေးကွက်ကြော်ငြာမြှင့်တင်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ကုန်လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းအစရှိသော လုပ်ငန်းများအပြင် အသေးစား၊ အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများလည်း ပါဝင်ပါ သည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ကုန်အမှတ်တံဆိပ်များကို တိုက်ရိုက်ရောင်းချပေးခြင်း (e-commerce)၊ တိုက်ရိုက် ထုတ်လွှင့်ခြင်းအစီအစဉ်များ (Live streaming) စသည့် ဈေးကွက်ဝန်ဆောင်မှုများဖြင့် ဈေးကွက်ရရှိရေး အဓိကပံ့ပိုးပေးလျက်ရှိပါသည်။

 

ထို့ကြောင့် အွန်လိုင်းမီဒီယာဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊ မိုဘိုင်းအက်ပလီကေးရှင်းများ၊ မီဒီယာဖြင့် ချိတ်ဆက်ဆောင်ရွက်သော ဈေးကွက်ဝန်ဆောင်မှုလုပ်ငန်းများသည် ဝင်ငွေအကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထူးခြားချက်မှာ Digital Marketing သည် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါလျက်ရှိပြီး Digital Marketing ကို ကောင်းမွန်စွာဆောင်ရွက်တတ်စေရန် စီးပွားရေးလုပ်ငန်းရှင်များအား Digital Marketing ဆောင် ရွက်ပုံကို လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

Zhejiang Free Trade Zone တွင် ပြည်တွင်း နှင့်နိုင်ငံတကာဈေးကွက်များသို့ ချိတ်ဆက်ပေးသည့် ကူးသန်းရောင်းဝယ်ရေးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ဤဇုန်တွင် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့်၊ ပို့ကုန်များအပေါ် custom duty ကင်းလွတ်ခွင့်၊ ဝင်ငွေခွန် လျှော့ချနိုင်ခွင့်စသည့်အခွင့်အလမ်းများရရှိစေပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာဈေးကွက်ချိတ်ဆက်ဆောင်ရွက်ရာတွင် cross border e-commerce ဖြင့် digital platform ၄၀ ခန့်ကို အသုံးပြု၍ ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို တိုးမြှင့်လာလျက်ရှိသည်ကို တွေ့ခဲ့ရပါသည်။

 

ကိုဗစ် ၁၉ ကာလအတွင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို မြှင့်တင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း ၁၀၀၀၀ ကျော်သည် ပထမအကြိမ် အွန်လိုင်းပေါ်သို့ရောက်ရှိခဲ့ကာ cross border e-commerce မှတစ်ဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်လာခဲ့ပါသည်။ နိုင်ငံတကာဈေးကွက်သို့ နိုင်ငံတကာသင်္ဘောဆိပ်ကမ်းများမှတစ်ဆင့်လည်း ပို့ဆောင်ပေးလျက်ရှိရာ နိုင်ငံခြားကုန်ပစ္စည်းများကို ပြည်တွင်းစားသုံးသူများအတွက်လည်းကောင်း၊ ပြည်တွင်းကုန်ပစ္စည်းများ ကို နိုင်ငံခြားစားသုံးသူများအတွက်လည်းကောင်း အွန်လိုင်းမှတစ်ဆင့်မှာယူခွင့်ပြုကာ မှာယူလိုသည့် ကုန်ပစ္စည်းများအတွက် အခွန်အခကင်းလွတ်စေခြင်း၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတို့အတွက် ကုန်ကျစရိတ်သက်သာစေခြင်း၊ ပို့ဆောင်မှုပိုမိုမြန်ဆန်ကာလွယ်ကူစေခြင်း၊ ပြည်တွင်းဝယ်ယူသူများအတွက် ၃-၄ ရက်သာကြာစေ၍ အချိန်ကုန်သက်သာစေပြီး၊ တရုတ်နိုင်ငံ Jingi Zone တွင် တည်ရှိသော Yiwu International Trade Market သည် ကမ္ဘာ့အကြီးဆုံး လက်ကားဈေးကွက်တစ်ခု အဖြစ်တွေ့ရှိရပါသည်။

 

ဤဈေးကွက်တွင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်နိုင်ခဲ့ပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ၂ ဒသမ ၁ သန်း ကျော်ဖွံ့ဖြိုးလာခြင်းကြောင့် လူဦးရေ ၃၂ သန်းအတွက်အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ တရုတ် နိုင်ငံ ဟန်ကျိုးမြို့၏ cross border e-commerce သည် တရုတ်နိုင်ငံစီးပွားရေး၏ သုံးပုံနှစ်ပုံခန့်ရှိပြီး e-commerce စနစ်ဖြင့် ဆောင်ရွက်ထားခြင်းကြောင့် နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်အောင်မြင်လာသည်ကို တွေ့ရပါသည်။

 

Digital Marketing၏ အစွမ်း

 

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသေးစားကုန်စည်ဈေးကွက်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံတွင် အသေးစားကုန်စည်စျေးကွက် တည်ဆောက်ရာ၌ Digital Marketing ၏ အစွမ်းကား အလွန်ထိရောက်ပုံကို ကမ္ဘာ့အကြီးဆုံးလက်ကားစျေးဖြစ်သော Yiwu International Trade Market တွင် အံ့မခန်းဖွယ်တွေ့ရပါသည်။ ထို့အပြင် အစိုးရသည် တရုတ်နိုင်ငံထုတ်ကုန်စည်များကို ကမ္ဘာက သိရှိဝယ်ယူနိုင်ရန်အတွက် online platform ကို စနစ်တကျဖန်တီးပေးထားပြီး ကမ္ဘာအနှံ့သို့ပို့ဆောင် နိုင်ရန်အတွက် logistics service များ ဖွံ့ဖြိုးရေးကိုလည်း အားပေးမြှင့်တင်ထားကြောင်း တွေ့ရပါသည်။

 

မိမိနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လိုအပ်သလိုပေါ်လစီများ ချမှတ်ဆောင်ရွက် နိုင်ခြင်း(ဥပမာ- One Child Policy, Two Child Policy, Three Child Policy စသည်) နည်းပညာပိုင်းဆိုင်ရာတွင်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အင်တာနက်၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးအတွက် နိုင်ငံပိုင် Server နှင့် ကွန်ပျူတာစနစ်၊ တရုတ်နိုင်ငံထုတ် social media platform အမျိုးမျိုး၊ Software နှင့် Application အမျိုးမျိုး ဖန်တီးဆောင်ရွက်နိုင်ခြင်းများမှာ အားကျဖွယ်ဖြစ် ပါသည်။

 

မြန်မာနိုင်ငံအတွက် အသေးစားကုန်စည်ဈေးကွက်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ MSME လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်နိုင်မှု၊ အရည်အသွေးမြှင့်တင်နိုင်မှုနှင့် အခြားသော ဆန်းသစ် တီထွင်မှုများကို လုပ်ဆောင်နိုင်ကြပါသည်။ သို့သော် ဈေးကွက်ထိုးဖောက်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိနေသည်ဟု မြင်မိပါသည်။ ဈေးကွက်ထိုးဖောက်မှုပြဿနာကို ဖြေရှင်းနိုင်ရန် e-Commerceနှင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး e-Commerce ကို မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုလျှင် ဈေးကွက်စီးဆင်းမှု ပိုမိုလျင်မြန်လာနိုင်ခြင်း၊ လုပ်ငန်းနေရာများ လျှော့ချလာနိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လျှော့ချလာနိုင်ခြင်း၊ တိကျသပ်ရပ်သော စာရင်းများရရှိလာနိုင်ခြင်း၊ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်များ ပိုမိုရရှိလာခြင်းကြောင့် လုပ်ငန်းအရင်းအနှီးများ မြှင့်တင်ကာ ကုန်ချောများ ပိုမိုထုတ်လုပ်လာနိုင်ခြင်း၊ နိုင်ငံ၏ GDP မြင့်မားလာပြီး ပို့ကုန်၊ သွင်းကုန်များ တိုးတက်ကာ နိုင်ငံခြားဝင်ငွေရရှိလာနိုင်ခြင်းစသည့်အကျိုး ကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အသေးစားကုန်စည်စျေးကွက်တည်ဆောက်ရာ၌ ရုပ်ပိုင်းဆိုင်ရာအရ စျေးများကို အချက်အချာကျသော ကုန်စည်များ အလွယ်တကူစီးဆင်းနိုင်မည့်နေရာတွင် စနစ်တကျ တည်ဆောက်ခြင်းအပြင် e-commerce ပြုလုပ်နိုင်သည့် platform များကို တည်ဆောက်၍ Online payment စနစ်ကိုပါထည့်သွင်းဆောင်ရွက်သင့်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် အသုံးပြုသူများ အဆင်ပြေလွယ်ကူနှစ်ခြိုက်စွာ အသုံးပြုနိုင်ရေး feedback များရယူ၍ အဆင့်ဆင့်မြှင့်တင်ဆောင်ရွက်သင့်ပါသည်။ ကုန်စည်ပို့ဆောင်မှုလွယ်ကူစေရန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းကိုပါ ပူးတွဲဆောင်ရွက်သင့်ပါသည်။ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ (logistic service) ဖွံ့ဖြိုးလာစေရေး အားပေးမြှင့်တင်သင့် ပါသည်။

 

ဈေးကွက်တိုးချဲ့နိုင်ရေး

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိမိနိုင်ငံအတွင်း အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများမှစ၍ ဒစ်ဂျစ်တယ်နည်းစနစ်များဖြင့် ရှင်သန်တိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းနှစ်ဆယ်ဖြင့် Enhancing Digital Skill of Micro and Small Industries for Foster-ing the Growth of MSMEs and Sustainable Development of Digital Economy Project ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားသော အသေးစားစက်မှုလက်မှုလုပ်ငန်းများအား Digital Economy ဖြင့် ဈေးကွက်တိုးချဲ့နိုင်ရေးအတွက် အသိပညာများ ဆွေးနွေးပြောကြား ဆောင်ရွက်သွားပါမည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသေးစားကုန်စည်ဈေးကွက် ဖော်ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ လက်တွေ့ကျင့်သုံးအောင်မြင်သော ဈေးကွက်တည်ဆောက်ရေးနည်းစနစ်နှင့် အလေ့အထများ၊ အသေးစားကုန်စည်စျေးကွက်မြှင့်တင်မှုနည်းလမ်းနှင့် e-commerce ဆောင်ရွက်မှုပုံစံများကို လေ့လာခဲ့ရသည့်အပြင် မိမိတို့နိုင်ငံ၏ အသေးစားမှစ၍ ကုမ္ပဏီလုပ်ငန်းများအထိ e-commerce ဖြင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်ရန် တင်ပြလိုက်ရပါသည်။ ။