“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၅

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြ ဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ

ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေရာတွင် ဘုရားကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ် အပျိုတော်ထွက်ခန်းနှင့် နှစ်ပါးသွားခန်းတို့ဖြင့် စတင်အစပျိုးခဲ့ပြီး ကပြဖျော်ဖြေသည်။ ထို့နောက် ဘုရင့်နောင် မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာ ဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ် ညီလာခံခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာ လေ့ကျင့်ခန်း၊ နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတု ကလျာလက်ထပ်မည့် အကြောင်းအား ပြည်သူပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်းနှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက်လက်နက် ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းပါများ အစည်းအဝေး ပြုလုပ်ခန်း၊ နတ်သျှင်နောင် နှင့် ငဇင်ကာ တွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှ တပ်မှူး ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူကီတပ်များနှင့် အပေါင်းပါ တောင်ငူတပ်များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့်ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်းပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲ နန္ဒမိတ်မှ ငဇင်ကာနှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအား စစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက်ခန်းနှင့် ဇာတ်သိမ်းခန်းတို့ကို အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် ထိထိမိမိဖြင့် ကျရာဇာတ်ရုပ်အလိုက် ဇာတ်ကွက်ပိုင်နိုင်စွာ တင်ဆက်ကပြ ဖျော်ဖြေကြသည်။

သမိုင်းတစ်ကွေ့၏ သတိမူစရာ သင်ခန်းစာ ဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို မြန်မာ့ သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည် သာမက အနုသုခုမပညာတွင်လည်း လက်ရာ ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာ ဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိ

ဇာတ်တော်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာ အဖြစ် ဒေါ်ဇာနည်အောင်၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ ဘုရင့်နောင်မင်းတရားကြီးအဖြစ် ဦးလှမျိုးထက်၊ လူရွှင်တော်များ ဖြစ်ကြ သည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစား နိုင်လင်းဗိုလ် နှင့် အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

သတင်းစဉ်