အထွေထွေဥပဒေ အကြံဉာဏ်ပေးရေးဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)  ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၂

 

ဥပဒေရေးရာဝန်ကြီးဌာန၏ အထွေထွေဥပဒေအကြံဉာဏ်ပေးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်း သည် ဥပဒေရေးရာဝန်ကြီးဌာန၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏ ပန်းတိုင်၊ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးကို အထောက်အကူပြုမည့် ပြည့်စုံမှန်ကန်သော ဥပဒေအကြံဉာဏ်များပေးနိုင်ရန်နှင့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက မေးမြန်းသည့် ဥပဒေပြဿနာများအပေါ် အခြေခံဗဟုသုတများကို ဝေမျှရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 

သင်တန်းတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးအဖွဲ့တို့က ဥပဒေအကြံဉာဏ်တောင်းခံလေ့ရှိသောကိစ္စများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများက လမ်းညွှန်မှုတောင်းခံသော ကိစ္စရပ်များအနက် မြေယာအငြင်းပွားမှု ဆိုင်ရာပြဿနာများကို ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ အထက် မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များမြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေ(၁၈၉၄)အရ မြေသိမ်းဆည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်းဥပဒေအရ သိမ်းဆည်းထားသည့် ပြည်သူပိုင်သိမ်းပစ္စည်းများ ပြန်လည်တောင်းခံမှုကိစ္စများ၊ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း)အက်ဥပဒေ၊ နည်းဥပဒေ များအရ ဌာနဆိုင်ရာများ၏ ဥပစာတွင် ကျူးကျော်နေထိုင်မှုများကို ဖယ်ရှားနှင်ထုတ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအား ဌာနဆိုင်ရာအရေးယူခြင်း၊ ပင်စင် ခံစားခွင့်ပြုခြင်းကိစ္စများ၊ နိုင်ငံရေးပင်စင်ဥပဒေနှင့်အညီ ပင်စင်ခံစားခွင့်ပြုခြင်းဆိုင်ရာကိစ္စများ၊ သက်ဆိုင်ရာသံရုံးများက သိရှိလိုသောအချက်များဖြစ်သည့် မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့်အညီ ထိမ်းမြားလက်ထပ်ခြင်း၊ သားသမီးမွေးစားခြင်း၊ အမွေဆက်ခံခြင်း စသည့် ဥပဒေဆိုင်ရာကိစ္စများကို   စိစစ်ပြန်ကြားရာတွင် ကိုးကားသည့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ၊  လမ်းညွှန်ချက်များ၊   လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း။

 

ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားပြုတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများထံမှ အတွေ့အကြုံ၊ ဗဟုသုတများလည်း ရလိုပါကြောင်း၊ ဌာနအသီးသီးက ဗဟိုချက်ပြုကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် ဥပဒေဆိုင်ရာပြဿနာများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ အစည်းများအကြား လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ မေးမြန်းသည့် ကိစ္စရပ်များ၊ ပြည်ထောင်စုက ပြဋ္ဌာန်းသည့်ဥပဒေများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ပြဋ္ဌာန်း သည့် ဥပဒေပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသော ဥပဒေဆိုင်ရာ ခက်ခဲနက်နဲသည့် ကိစ္စရပ်များအား စိစစ်သုံးသပ်ကာ အကြံဉာဏ်များ ပြန်ကြားပေးရကြောင်း။

           

အထွေထွေဥပဒေ အကြံဉာဏ်ပေးခြင်းသည် တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များကို စိစစ်အကြံဉာဏ်ပေးရခြင်းဖြစ်၍ သက်ဆိုင်ရာဌာန အသီးသီးက မေးမြန်းသော ဥပဒေရေးရာ ပြဿနာများသည် သိမ်မွေ့နက်နဲသည်ဖြစ်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေ များအရ ဌာနဆိုင်ရာများအနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် အကြံဉာဏ်များ၊ ပေါ်ပေါက်လာ နိုင်သည့်ပြဿနာများကို ကြိုတင်ရှောင်ရှားနိုင်မည့်နည်းလမ်းများ၊ သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းသင့်သည့် အချက်များကို သိရှိနားလည်ခြင်းအားဖြင့် မိမိတို့ဌာန၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူပြီး ပြည့်စုံမှန်ကန်စွာဆောင်ရွက် လာနိုင်စေမည်ဖြစ်ကြောင်း၊ ဌာနများအ‌နေဖြင့် ဥပဒေအကြံဉာဏ်တောင်းခံရာတွင် မှန်ကန်ပြည့်စုံစွာ အမှုတွဲတည်ဆောက်ပြီး ဥပဒေအကြံဉာဏ်တောင်းခံတတ်စေရန်နှင့် ဥပဒေရေးရာဝန်ကြီးဌာနမှလည်း ပိုမိုပြည့်စုံသည့် ဥပဒေ အကြံဉာဏ်များပေးနိုင်စေရန် လိုအပ်သောကြောင့် ယခုသင်တန်း ဆွေးနွေးချက်များကို သေချာမှတ်သား လေ့လာကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ အရာထမ်း ၁၁ ဦးနှင့် အခြားဝန်ကြီးဌာန ၁၇ ခုမှ အရာထမ်း ၃၇ ဦး၊ စုစုပေါင်း ၄၈ ဦး တက်ရောက် ကြကြောင်း သိရသည်။

(သတင်းစဉ်)