အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၁၇  ဇန်နဝါရီ 

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် International Growth Center (IGC) တို့ ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပါခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။

 

45555

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်နှင့် International Growth Center မှ Country Director,  Ian Porter တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ “နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင်ဖန်တီးနိုင်ရေးအတွက် အထောက်အကူဖြစ်စေဖို့ အထူးစီးပွားရေးဇုန်များ မြန်မာနိုင်ငံ မှာ အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် (IGC) နှင့် အင်္ဂလန်မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပြီး ဒီနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းပဲ ဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များအား အသိပညာ ဗဟုသုတများ ရရှိနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖြင့် လိုအပ်သော အသိပညာမျှဝေမှု အစီအစဉ်များကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်းဖြင့်  လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသော တာဝန်ရှိသူများ စွမ်း ဆောင်ရည် မြင့်မားလာပြီး အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။  

 

ထိုသို့ အထူးစီးပွားရေးဇုန်များ အောင်မြင်လာမှသာ ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာနိုင်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲများမှတစ်ဆင့် နိုင်ငံ၏ ပို့ကုန်မြှင့်တင်ခြင်းနှင့်အတူ ကုန်သွယ်မှုမြင့်မားလာနိုင်ခြင်း၊ နည်းပညာ ရရှိလာနိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်သည်။

 

လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင် ငံမှ ကုမ္ပဏီပေါင်း ၁၀၃ ခုသည် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်စာရင်းအရ သီလဝါစီးပွားရေးဇုန်အနေဖြင့် နိုင်ငံခြား ပို့ကုန်အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၆ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း လုပ်သား ဦးရေ ၁၅၀ဝ၀ ခန့်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ပေါ်တွင် အထူးစီးပွားရေးဇုန်များ ၄၈၀ဝ ကျော်ခန့်ရှိပြီး ၄င်းတို့သည် နိုင်ငံအသီးသီး၏ ရင်းနှီးမြုပ်နှံမှုကို မြှင့်တင်ရေးနှင့် ဖိတ်ခေါ်နိုင်ရေးအတွက် အရေးပါလျက်ရှိကြောင်း သိရသည်။  

 

ယနေ့ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ပပညာ ရှင်များနှင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း