အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်ဖို့

ဒေါက်တာဝိုင်းဝိုင်းအောင်(ယဉ်ကျေးမှု)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ကို ကုလသမဂ္ဂအထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ၂၇ နှစ်ရှိခဲ့ပြီး မြန်မာနိုင်ငံက ပါဝင်ကျင်းပခဲ့သည်မှာ ၂၆ နှစ်ပြည့်တော့မည်ဖြစ်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် မသန်စွမ်းသူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ၁၉၈၁ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနှစ်အဖြစ်လည်းကောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ ဆယ်စုနှစ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။ ၁၉၉၃ ခုနှစ် (၄၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက မသန်စွမ်းသူများကို စာနာထောက်ထားရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက်ရည်ရွယ်၍ သတ်မှတ် ခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာ

မသန်စွမ်းသူများအပေါ်ထားရှိသည့် စိတ်သဘောထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲနိုင်စေရန်အတွက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကိုချမှတ်ခဲ့သည်။ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကွန်ဗင်းရှင်းသည် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် ရည်ရွယ်သည်။ Convention သည် ၂၁ ရာစု ၏ ပထမဆုံးလူ့အခွင့်အရေးစာချုပ်ဖြစ်သည်။

မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများကို လေ့လာကြည့်ပါက၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ဗြိတိန်နိုင်ငံအစိုးရက မသန်စွမ်းသူများအတွက် မဖြစ်မနေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်၊ အခွင့်အလမ်းများကို တိုးတက်စေရန်၊ လူမှုဖူလုံရေး ခံစားခွင့်များရရှိစေရန် မဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်ကို စတင်ခဲ့သည်။ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပိုဒ်(၉) အရ အိန္ဒိယနိုင်ငံတွင် မတူကွဲပြားသော တတ်စွမ်းနိုင်သော အသိုက်အဝန်းကို ကူညီရန် ဒီဇင်ဘာလ ၃၁ ရက် နေ့တွင် Accessible India Campaign အမည်ဖြင့် စတင်ခဲ့သည်။

မြန်မာနိုင်ငံသည်လည်းမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ ပြီး ကောင်းကျိုးစီးပွားရရှိမှုနှင့် လူ့အဖွဲ့အစည်းတွင် လူတန်းစေ့ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရက လူတိုင်းအတွက် ပညာရေးကို ဖော်ဆောင်ပေးနေသည်။ Inclusive Education ဆိုသည့် လူတိုင်းအကျုံးဝင် ပညာရေးစီမံကိန်းသည် မသန်စွမ်းကလေးငယ်များ အတန်းပညာသင်ကြားမှု အခွင့်အလမ်းများကို ပွင့်လန်းစေခဲ့သည်။ နိုင်ငံတကာမသန်စွမ်းမှု သတ်မှတ်မှုများဖြစ်သော အမြင်အာရုံချို့ယွင်းသူများ၊ အကြားအာရုံချို့ယွင်းသူများ၊ ကိုယ်အင်္ဂါချို့ယွင်းသူများ၊ ဉာဏ်ရည်နိမ့်ပါးသူများကိုလည်း သင်တန်းကျောင်းများ၊ ပြုစုစောင့်ရှောက်ရေး ဂေဟာများ ဖွင့်လှစ်ပေးထားပြီး ပြန်လည်ထူထောင်ပေးလျက်ရှိသည်။

မသန်စွမ်းသူများအား စွမ်းဆောင်ရည်မြှင့်တင်ရန်

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဦးစားပေး သတ်မှတ်ထားသော ကဏ္ဍများတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) တွင်လည်း မသန်စွမ်းအမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာအခွင့်အလမ်းနှင့် လိုအပ်ချက်များအပါအဝင် စီးပွားရေးကဏ္ဍများတွင် ပါဝင်မှုအခြေ အနေ၊ မသန်စွမ်း အမျိုးသမီးများအပါအဝင် အမျိုးသမီး များအတွက် အလုပ်အကိုင်ရှာဖွေရေး (သို့မဟုတ်) သတင်းအချက်အလက်များ ဆွေးနွေးမေးမြန်းနိုင်သော ဝန်ဆောင်မှုဌာနများ တည်ထောင်ခြင်း စသည်တို့ဆောင်ရွက်ပေးရန် လိုအပ်သည်။ အားကစားသည်လည်း မသန်စွမ်းသူများအား စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ၎င်းတို့ပါဝင်မှုအား မြှင့်တင်ရန်အတွက် အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည်။ အားကစားတွင် မသန်စွမ်း သူများ၏ ထူးခြားသော အောင်မြင်မှုများကို လူအများ လေးစားကြသည်။ မသန်စွမ်းသူများအတွက် အခွင့်အလမ်းကောင်း များစွာရှိနေသည်။ တရားမျှတခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများ ရှင်သန်ထွန်းကားနေသော မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအား နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများ၏ လူနေမှုဘဝလိုအပ်ချက်များကို အစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များ ထည့်ဝင်သော ငွေကြေး၊ နည်းပညာအကူအညီ၊ ပစ္စည်းအကူအညီများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်ဆည်းပေးခြင်းဖြင့် အလုပ်အကိုင်၊ အစဉ်လေ့လာသင်ယူနိုင်သော ပညာရေး အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။

လူထုအခြေပြုလှုပ်ရှားမှုများ ဆောင်ရွက်ရမည်

မသန်စွမ်းသူများသည် သာမန်ဘဝတစ်ခုရရှိရန် အထောက်အကူပြုသော လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်လိုအပ်သည်။ ရုံးခန်းများ၊ အများပြည်သူ နေရာများနှင့် သယ်ယူပို့ဆောင်ရေး စနစ်များရှိသော အတားအဆီးများကို ဖယ်ရှားပေးပါက ဘီးတပ်ကုလားထိုင်ရှိသူများသည် ကုန်ထုတ်စွမ်းဆောင်နိုင်ပြီး လူမှုရေးဘဝတွင် ပေါင်းစည်းနိုင်ကြမည်ဖြစ်သည်။ ထို့ပြင် စီးပွားရေးကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များနှင့် အခွင့်အလမ်းများကို လက်လှမ်းမီရရှိအသုံးပြုမှုအား အဟန့်အတားဖြစ်စေသော ရိုးရာဓလေ့များ၊ အစွဲအလမ်းများနှင့် ယုံကြည်မှုများလျော့ပါးပပျောက်ရေးအတွက် အသိပညာ ပေးခြင်း၊ လူထုအခြေပြုလှုပ်ရှားမှုများ ဆောင်ရွက်ရမည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို သတ်မှတ် ပေးခဲ့သည်။ ၂၀၀၅ ခုနှစ် ဆောင်ပုဒ်အဖြစ် “မသန်စွမ်း သူများ အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်မှု" (Rights of persons with Disabilities; Action in Development) ၊ ၂၀၀၇ ခုနှစ်အတွက် “မသန်စွမ်းသူများ အတွက် သင့်တော်သောအလုပ်” (Decent Work for Persons with Disabilities)၊ ၂၀၁၁ ခုနှစ်တွင် “မသန်စွမ်း သူများအပါအဝင် အားလုံးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်သော ကမ္ဘာဆီသို့" (Together for a better world for all Including persons with disabilities in development) ၊ ၂၀၁၂ ခုနှစ်တွင်လည်း “လူတိုင်းအတွက် အားလုံးပါဝင်နိုင်ပြီး လက်လှမ်းမီနိုင်သော လူ့ဘောင်ကို ဖန်တီးရန် အတားအဆီးများကို ဖယ်ရှားခြင်း" (Removing barriers to create an inclusive and accessible society for all) ဟူ၍လည်းကောင်း သတ်မှတ်ပေးခဲ့သည်။

ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့်အရေးဖော်ဆောင်နဲ့ (The Future is Accessible) အတိုင်း လူတိုင်းသည် မသန်စွမ်းသူတို့၏ ဘဝကိုစာနာထောက်ထား၍ ဝိုင်းဝန်းဖေးမပြီး လူ့အသိုင်းအဝန်းအတွင်း တန်းတူရည်တူ ပါဝင် ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (Sustainable Development Goals - SDGs) ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ဂုဏ်ပြု ရေးသားလိုက်ပါသည်။ ။

မြန်မာ့အလင်း