အယ်လ်နီညိုအကြောင်း သိကောင်းစရာ

ဒေါက်တာမြင့်မြင့်အေး (မိုး/ဇလ)

အယ်လ်နီညို (El Nino) ဆိုသည်မှာ ခရစ္စမတ်ကာလအနီးတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ မြောက်ပိုင်းဒေသ များဖြစ်သည့် “ပီရူးနှင့် အီကွေဒေါ” ကမ်းခြေများရှိ မူလရေအေးစီးကြောင်းများတွင် ရေနွေးစီးကြောင်းများ အစားထိုးစီးဝင်လာခြင်းဖြစ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ခရစ္စမတ်ကာလဖြစ်သည့် ဒီဇင်ဘာလတွင် တွေ့ရလေ့ရှိပြီး ခရစ်တော်ကိုဂုဏ်ပြုသောအားဖြင့် “ခရစ်၏သားတော်” ဟူသော အနက်အဓိပ္ပာယ်ဖြင့် “အယ်လ်နီညို”ဟု အမည်ပေးထားခြင်းဖြစ်သည်။

အယ်လ်နီညို (El Nino) ကို ပထမဆုံး စတင်တွေ့ရှိသူများမှာ ပီရူးနိုင်ငံနှင့် အီကွေဒေါနိုင်ငံရှိ ရေလုပ်သားကြီးများဖြစ်ကြသည်။ အဆိုပါနိုင်ငံများရှိ ငါးဖမ်းလုပ်ငန်းများတွင် မကြာခဏဆိုသလို ငါးဖမ်းရရှိမှု လျော့နည်းလာလေ့ရှိကြောင်းကို သတိပြုမိရာမှ ရေအေးစီးကြောင်းများနေရာတွင် ရေပူစီးကြောင်းများ အစားထိုးဝင်ရောက်လာခြင်းကို စတင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ပင်လယ်ရေစီးကြောင်းများ ပြောင်းလဲရာမှတစ်ဆင့် ဆက်စပ်လေထုလွှာအခြေအနေများ၊ မိုးလေဝသနှင့် ရာသီဥတုအခြေအနေများကိုပါ ပြောင်းလဲ ဖောက်ပြန်မှုများ ဖြစ်ပေါ်စေပါသည်။

အယ်လ်နီညိုနှစ်များတွင် အရှေ့ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ် ရေမျက်နှာပြင်အပူချိန်သည် ပြင်းအားအပေါ်မူတည်၍ ပုံမှန်ထက် (၁-ဒီဂရီဆဲလ်စီးယပ်မှ ၃-ဒီဂရီဆဲလ်စီးယပ်)ခန့် မြင့်တက်နေနိုင်သည်။ အယ်လ်နီညိုဖြစ်စဉ်များသည် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်လျှင် တစ်ကြိမ်ကျဖြစ်ပေါ်လေ့ရှိပြီး အနည်းဆုံး ကိုးလမှ နှစ်နှစ်အထိ ကြာမြင့်တတ်သည်။ နှစ်တစ်နှစ်၏ နှစ်လယ်လများတွင် အစပျိုးဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုဖြစ်စဉ်များသည် ခရစ္စမတ်ကာလတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိပြီး ဒုတိယနှစ်၏ ပထမနှစ်ဝက် ကာလများအတွင်း တဖြည်းဖြည်း အားလျော့သွားလေ့ ရှိသည်။

အယ်လ်နီညို (El Nino) သည် ရာသီဥတုကို ဖောက်လွဲဖောက်ပြန် ဖြစ်စေသည့် သဘာဝဖြစ်စဉ်ဖြစ်ပြီး ခရစ္စမတ်ကာလတွင် အမြင့်ဆုံး အခြေအနေ (Peak Condition)ကို တွေ့ရလေ့ရှိကာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ၏ ရာသီဥတုကိုသာမက အာရှတိုက်တောင်ပိုင်းကမ်းခြေဒေသများသို့တိုင် ဆက်စပ်၍ အစွန်းရောက် ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ မိုးရွာလေ့မရှိသော ကန္တာရကဲ့သို့ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်ပြီး အမြဲစိမ်းသစ်တောကဲ့သို့ စွတ်စိုသောဒေသများတွင်လည်း မိုးခေါင်စေတတ်ပါသည်။

အယ်လ်နီညိုဖြစ်ပွားပုံ

ပုံမှန်နှစ်များတွင် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက် ကမ်းခြေမှ တိုက်ခတ်လာသော အေးမြသည့် ကုန်သည်လေများသည် ဩစတြေးလျတိုက်အနီးသို့ ရောက်ရှိသောအခါ ပူနွေးသည့် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်ကမ်းခြေမှ တိုက်ခတ်လာသော လေများနှင့်စုဆုံပြီး လေထုမငြိမ်မသက်ဖြစ်၍ အထက်သို့တက်ကာ မိုးတိမ်တောင်များ ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် အထက်လေထု လွှာတွင် အရှေ့လေစီးကြောင်းဖြင့် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေသို့ ရောက်သောအခါ စိုက်ဆင်းလေများအဖြစ် ပြန်လည်ရောက်ရှိလာလေ့ရှိသည်။ အဆိုပါ လေလှည့်ပတ်မှုဖြစ်စဉ် ကို “Walker Circulation” ဟု ခေါ်ဆိုသည်။ ထို့ကြောင့် ပုံမှန်နှစ် များတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ တစ်လျှောက်၌ ခရစ္စမတ်ကာလအတွင်း အေးမြခြောက်သွေ့သည့် မိုးလေဝသအခြေအနေကို ဖြစ်ပေါ်စေသည်။

အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာ ပြင်အပူချိန်သည် ပုံမှန်ထက် ပိုမိုပူနွေးလာကာ အီကွေတာတစ်လျှောက် ရှိ ကုန်သည်လေများ အားလျော့သွားပြီး အထက်လေထုလွှာတွင် “Walker Circulation” သည် ပုံသဏ္ဌာန်မမှန်တော့ဘဲ ဆဲလ်များ ကွဲထွက်သွားကာ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ တစ်လျှောက်၌ ပုံမှန်အေးမြခြောက်သွေ့သော မိုးလေဝသဖြစ်စဉ်များ အစား ပူနွေးစိုစွတ်သည့်ဖြစ်စဉ်များ အစားထိုးဝင်ရောက်လာသည်။ ပုံမှန်နှစ်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် လေထုအခြေ အနေပြပုံကို ပုံ၁။ (က) ဖြင့်လည်းကောင်း၊ အယ်လ်နီညိုနှစ်များတွင် ပစိဖိတ်သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် လေထုအခြေအနေပြပုံကို ပုံ၁။(ခ) ဖြင့်လည်းကောင်း ဖော်ပြထားသည်။

အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းအားကို NINO 3.4 ဧရိယာ (ပစိဖိတ် သမုဒ္ဒရာရှိ မြောက်လတ္တီတွဒ် ၅ ဒီဂရီမှ - တောင်လတ္တီတွဒ် ၅ ဒီဂရီ အထိနှင့် အနောက်လောင်ဂျီတွဒ် ၁၂၀ ဒီဂရီမှ ၁၇၀ ဒီဂရီအထိ ဖြစ်သော ဧရိယာ)၌ ဖြစ်ပေါ်နေသော ပင်လယ်ရေမျက်နှာပြင်အပူချိန် ဖြင့် သတ်မှတ်ရာတွင် နှစ် ၃၀ ပျမ်းမျှအပူချိန်ထက် (+၀.၅) ဒီဂရီ ဆဲလ်စီးယပ်ပိုပါက အယ်လ်နီညိုဖြစ်စဉ်ဟု သတ်မှတ်သည်။ NINO ဧရိယာများပြပုံကို ပုံ(၂)ဖြင့်လည်းကောင်း၊ အယ်လ်နီညိုပြင်းအား အဆင့်ဆင့်သတ်မှတ်ပုံကို ဇယား(၁)ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။

အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှု

အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာအရပ်ရပ်တွင် မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များအပေါ် သက်ရောက်လေ့ရှိပါသည်။ အထူးသဖြင့် အီကွေတာနှင့် နီးသောဒေသများတွင် ပိုမိုသက်ရောက်ခံစားရလေ့ ရှိသည်။ ဥပမာ - အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် တောင်အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေ၌ မိုးခေါင်ရေရှားမှု ဖြစ်စဉ်များ ဖြစ်ပေါ်တတ်ပြီး အာရှတိုက်တောင်ပိုင်းရှိ အနောက်တောင် မုတ်သုံရာသီလေနှင့်လည်း သွယ်ဝိုက်ဆက်စပ်လျက်ရှိနေသည်။ မုတ်သုံရာသီလေဆိုင်ရာ အဓိကအချက်တစ်ခုဖြစ်သော အပူပိုင်း ဒေသ အရှေ့ဂျက်လေစီးကြောင်း (Tropical Easterly Jet-TEJ) များနှင့် အယ်လ်နီညိုသည် ပြောင်းပြန်ဆက်စပ်လျက်ရှိသဖြင့် အယ်လ်နီညိုအားကောင်းပါက အရှေ့ဂျက်လေစီးကြောင်းများ သိသိသာသာ အားနည်းလေ့ရှိပြီး အနောက်တောင် မုတ်သုံရာသီလေ အားနည်းကာ၊ မုတ်သုံမိုးရွာသွန်းမှုကိုလည်း လျော့နည်းစေပါသည်။

အယ်လ်နီညိုဖြစ်ပေါ်ခဲ့သောနှစ်များအခြေအနေ

၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ်အထိ အယ်လ်နီညို ဖြစ်စဉ်စုစုပေါင်း ၂၆ ကြိမ်ဖြစ်ခဲ့ပြီး အားအလွန်ကောင်းခြင်း သုံးကြိမ်၊ အားကောင်းခြင်း ငါးကြိမ်၊ အားအသင့်အတင့်ရှိခြင်း ခုနစ်ကြိမ်နှင့် အားအနည်းငယ်ရှိခြင်း ၁၁ ကြိမ်တို့ဖြစ်ခဲ့သည်။ အားအလွန်ကောင်းခဲ့သော အယ်လ်နီညိုနှစ်များမှာ ၁၉၈၂-၁၉၈၃၊ ၁၉၉၇-၁၉၉၈၊ ၂၀၁၅-၂၀၁၆ ခုနှစ်တို့ဖြစ်သည်။ အယ်လ်နီညိုနှစ်များကို ဇယား(၂)တွင် ဖော်ပြထားသည်။ ယခုလက်ရှိ ၂၀၂၃ ခုနှစ် ဇွန်လသည် အားအနည်း ငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင် ရှိနေသည်။

ဇယား(၂)။ အယ်လ်နီညိုနှစ်များပြဇယား (၁၉၅၀- ၂၀၂၂ ခုနှစ်အထိ)

မြန်မာနိုင်ငံနှင့် အယ်လ်နီညိုဖြစ်စဉ် 

မြန်မာနိုင်ငံ၌ အယ်ယ်နီညိုဖြစ်ပေါ်သည့် နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်၍ ရေရှားပါးမှု ပြဿနာများ ကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင် မုတ်သုံလေ အဝင်နောက်ကျခြင်း၊ မုတ်သုံလေအင်အားနည်းခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း အစရှိသည့် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာပြဿနာများ ကြုံတွေ့ရလေ့ရှိသည်။ မုတ်သုံလေ အဝင်နောက်ကျပြီး အထွက်စောခြင်းကြောင့် မုတ်သုံကာလကို တိုတောင်းစေပြီး မုတ်သုံမိုးကို မှီခိုရသော စိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်စေသည်။ ထို့ပြင် မုတ်သုံကာလ တိုတောင်းခြင်း သည် တစ်နည်းအားဖြင့် အပူချိန်မြင့်မားသော နွေကာလများကို ရှည်လျားစေသောကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ သောက်သုံးရေအပါအဝင် စိုက်ပျိုးရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ကြရသည်။

ဥပမာဖော်ပြရလျှင် ၁၉၉၇ - ၁၉၉၈ ခုနှစ် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၁၉၉၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး မိုးရေချိန်ပမာဏသည် ပုံမှန်နှစ်တစ်နှစ်၏ ရွာသွန်းမြဲမိုးရေချိန်ပမာဏ အောက် ၂၃ ရာခိုင်နှုန်းခန့် လျော့နည်းရွာသွန်းခဲ့ပါသည်။ အားအလွန်ကောင်းသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ၁၉၉၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း စခန်းပေါင်း ၃၀ ကျော်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ် တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိုးခေါင်မှုနှင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရသည်။

၂၀၀၉-၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသောအယ်လ်နီညို ဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်း၌လည်း စခန်းပေါင်း ၂၀ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး မြင်းမူမြို့၌ အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ရာ ယင်းစံချိန်သစ်သည် ထိုအချိန်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အားအသင့်အတင့်ရှိသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရေခန်းခြောက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မြေလတ်ဒေသ များတွင်ပါ သောက်သုံးရေပြတ်လပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသော အယ်လ် နီညို ဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေ မြို့နယ်ရှိ အင်းလေးကန် ရေခန်းခြောက်မှုဖြစ်ပွားပုံကို ပုံ၃။ (က) ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ မြေလတ်ဒေသများတွင်ပါ သောက်သုံးရေပြတ်လပ်မှုဖြစ်စဉ် ပြပုံကို ပုံ၃။ (ခ) ဖြင့်လည်းကောင်း ဖော်ပြထားသည်။
 
အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၉ ခုနှစ် မေလအတွင်း စခန်းပေါင်း ၁၂ ခုသည် အမြင့်ဆုံးအပူချိန် စံချိန်သစ် တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ပုံမှန်အပူချိန်ထက် ပိုပူခဲ့သည်ကိုလည်း တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၁၉၈၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နှစ်အလိုက် ပျမ်းမျှ အမြင့်ဆုံးအပူချိန်များပြပုံကို ပုံ-၄ ဖြင့်လည်းကောင်း ဖော်ပြထားသည်။ 

၁၉၉၇ - ၁၉၉၈ ခုနှစ် အားအလွန်ကောင်းသော အယ်လ်နီညို ဖြစ်စဉ်တွင် တစ်နှစ်တာပျမ်းမျှ အမြင့်ဆုံးအပူချိန်သည် ၃၂ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်သို့လည်းကောင်း၊ ၂၀၀၉ -၂၀၁၀ ခုနှစ် အားအသင့် အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ၃၂ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်သို့လည်းကောင်း၊ ၂၀၁၈- ၂၀၁၉ ခုနှစ် အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ် တာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်သို့ လည်းကောင်း အသီးသီးရောက်ရှိခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် အယ်လ်နီညိုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင်ဖွယ်ရှိသော မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်လက္ခဏာများကို ပြည်သူလူထုအနေဖြင့် သိရှိနားလည် ပြီး ကြိုတင်သတိပြုသင့်ပါသည်။ ယခု လက်ရှိတွင်လည်း ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်နှင့်တကွ အခြားထင်ရှားသည့် ရက်ရှည်ရာသီဥတု ခန့်မှန်းရေးဌာနကြီးများ၏ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက် များအရ ၂၀၂၃ ခုနှစ် ဇွန်လသည် အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေတွင်ရှိနေပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေ သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ သို့ဖြစ်၍ မိုးလေဝသ ရာသီဥတုနှင့် ဆက်စပ်ဆောင်ရွက်ရသော စိုက်ပျိုးရေးကဏ္ဍ၊ ရေသယံဇာတနှင့် စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ စသည်တို့ကို ဆောင်ရွက် ကြရာတွင် လတ်တလောဖြစ်ပေါ်နေသော အယ်လ်နီညို၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ကမ္ဘာတစ်ဝန်းတွင် တဖြည်းဖြည်းချင်း ပြောင်းလဲလျက်ရှိသော ရာသီဥတုအခြေအနေ များကို ပိုမိုအလေးထားစောင့်ကြည့်ပြီး ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကိုလည်း ထည့်သွင်းစဉ်းစားကာ ပြည်သူလူထုအနေ ဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော အယ်လ်နီညိုအခြေအနေ သတင်းအပါအဝင် မိုးလေဝသသတင်းများ၊ သတိပေးချက်များနှင့် အကြံပြုချက်များကို စောင့်ကြည့်၍ မိမိတို့၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ကြိုတင်သတိပြုဆင်ခြင်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလိုက်ရပါသည်။  ။