ဘားအံ၊ ကျွန်းစု၊ ပန်းတောင်းနှင့် တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်  နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စု၊ ရွှေတော ကျေးရွာ အနီး၊ ဘားအံ-ဇာသပြင်သွားကားလမ်းတွင် စိုးမောင် မောင်းနှင်ပြီး ခိုင်ဇော်လတ် လိုက်ပါလာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဟဲ ကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာနေ လော်ချို(ခ)အားချို၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၂၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၁၅ ကီလိုတို့ကိုလည်းကောင်း။

 

ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာနေ ရဲဝင်းထွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သော်ဇင်ဦး ကိုတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၆၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၁၀ နာရီတွင် ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်သွား ကားလမ်း၊ ညောင်ကျိုး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇော်မျိုးလွင်(ခ)မောင်မောင် မောင်းနှင်ပြီး ခင်မောင်ငြိမ်း(ခ)ဟိန်း လိုက်ပါလာသည့် HINO အမျိုးအစား ၆ ဘီးမော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉၅ ပြား၊ အိုက်စ် သုည ဒသမ ၀၀၁ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၁၅ ကီလို၊ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် မော်တော် ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)