ဘားအံ ဇန်နဝါရီ ၈

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများကို လှည့်လည်ကြည့်ရှုသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ထန်းတပင်ကျေးရွာ ကွင်းအမှတ် ၁၂၀၇-က၊ ထန်းတပင်ကွင်းရှိ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်း ပဲပုပ်နှင့် ပဲအမျိုးမျိုး တစ်ကွင်းတစ်ဆက်တည်း ၄၁၈ ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ရေကြီးနစ်မြုပ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် စိုက်ဧကများတွင် ဆောင်းသီးနှံများ အစားထိုးပြန်လည်စိုက်ပျိုးဖြစ်ထွန်းနေမှု၊ ကွင်းအမှတ်၁၂၀၇ ဝါဆူးကွင်းရှိ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နှင့် ပဲအမျိုးမျိုး တစ်ကွင်းတစ်ဆက်တည်း ၄၈၁ ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ရေကြီးနစ်မြုပ်ပြီး မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် စိုက်ဧကများတွင် ဆောင်းသီးနှံများ အစားထိုးပြန်လည်စိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှု အားပေးသည်။ ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ၂၀၂၄- ၂၀၂၅ ခုနှစ် ဆောင်းမြေပဲက ၃၀၁၉၀ စိုက်ပျိုးရန် လျာထားပြီး ဒီဇင်ဘာလကုန်အထိ ၃၁၆၁၈ ဧက စိုက်ပျိုးပြီးစီးမှု၊ ပဲတီစိမ်း ၁၇၇၇၇ ဧက စိုက်ပျိုးရန် လျာထားပြီး ၁၈၅၄၆ ဧက စိုက်ပျိုးပြီးစီးမှု၊ ပဲပုပ် ၁၁၃၉၆ ဧက လျာထားပြီး ဧက ၁၂၆၀၀ စိုက်ပျိုးပြီးစီးမှု စသည်ဖြင့် ဆောင်းသီးနှံများ လျာထားဧကထက် ပြည့်မီကျော်လွန်စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ရွာ အဝင်လမ်းပေါ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ် ၆၉ ဒသမ ၀ သန်းဖြင့် တာဝန်ယူတည်ဆောက်မည့် အရှည် ပေ ၃၀၊ အကျယ် ၁၆ ပေ၊ အမြင့် ရှစ်ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ဒါန်းမယ်ကျေးရွာ ရွာတွင်းလမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်စီတွင် အုတ်စီရေမြောင်း ပလက်ဖောင်း (အဖုံး)ပါလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် လှိုင်ရွာ-ကော့သပုတ်- ကော့ဒါန်းမယ် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ကျေးလက်လမ်းဖွဲ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မြောင်းကူးတံတားနှစ်စင်း ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)