ဘားအံမြို့နယ်၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်

ဘားအံ   ၁၅  ဇန်နဝါရီ

 

တောင်သူပညာပေး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားကပ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

22533

အဆိုပါ သင်တန်းတွင် လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ကောက်စိုက်စက်တို့၏ ဖွဲ့စည်းတည်ဆောက်ပုံ အစိတ်အပိုင်းများ၊ ထိန်းသိမ်းနည်းများ၊ မောင်းနှင်အသုံးပြုနည်းများကို စာတွေ့၊ လက်တွေ့ဖြင့် ဇန်နဝါရီ ၁၄ ရက်မှ ၂၅ ရက်အထိ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

 

သင်တန်းတွင် စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်မည့်ကျေးရွာဖြစ်သည့် ဘားကပ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများဖြစ်သော ရသေ့ပျံကျေးရွာ၊ နတ်ကျွန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ တောကြီးကျေးရွာများမှ တောင်သူ (၃၀)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး လက်တွေ့ပို့ချမည့် လယ်ယာသုံး စက်ကိရိယာများကို  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)