ဘားအံ၌ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်

ဘားအံ   ဒီဇင်ဘာ   ၂၅

ကရင်ပြည်နယ် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဘားအံမြို့၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ယာရှေ့မှ နန်းလုံးကြိုင်လမ်း၊ သုခမိန်လမ်း၊ ဘားမဲတောင် သဘာဝဥယျာဉ်၊ အင်ကုန်းလမ်းမှ တစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိလမ်းမှ တစ်ဆင့် သီရိကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ ခြေက်ပေအကွာ အနေအထားဖြင့် အကြောလျှော့ လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အမှတ်(၁)နှင့် အမှတ်(၂)၊ Physical Fitness Dance တို့ကို စုပေါင်းဆောင်ရွက်ကြသည်။

အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစား လှုပ်ရှားမှု အနေဖြင့် အများပြည်သူဆိုင်ရာနေရာ (Public Area) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော် လည်းကောင်း၊ မိသားစုအလိုက်သော် လည်းကောင်း၊ အစုအဖွဲ့များ အလိုက်သော် လည်းကောင်း တစ်ကိုယ်ရေ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ကြပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းနေသော်လည်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ဒီဇင်ဘာ အားကစားလှုပ်ရှားမှုများကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)